မင်္ဂလာပါရှင့်။
ကျွန်မကတော့ Spiceworks Myanmar Co.Ltd; ရဲ့ Business Management Group မှာ Administration Assistant အဖြစ် ဝင်ရောက်လုပ်ကိုင်လျှက်ရှိသော မအိဖြိုးမွန် ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ကျွန်မ သွားဖြစ်ခဲ့ သော ခရီးစဉ်ရဲ့ စိတ်ဝင်စားဖွယ် အကြာင်းအရာများနှင့် တကွ ခရီးသွားခြင်း၏ အကျိုးကျေး ဇူးများကို သိထားသလောက် ပြန်ပြီး ပြောပြပါရစေရှင့်။
၁) ပထမဆုံးအနေနဲ့ လူငယ်တွေဘာကြောင့် ခရီးထွက်သင့်သလဲ ?
၂) ခရီးထွက်ခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရလာနိုင်မလဲ ?
၃) ဘယ်လိုခရီးစဉ်တွေက မိမိကို ဘယ်လိုအသိပညာနှင့် ဗဟုသုတများတိုးပွားစေသလဲ ?
စသည့်အကြောင်းအရာအနည်းငယ်ကို ကျွန်မသိရှိထားသမျှ ပြန်ပြီးပြောပြချင်ပါတယ်ရှင့်။
၁) ပထမဆုံး အနေနဲ့ လူငယ်တွေ ဘာကြောင့် ခရီးထွက်သင့်သလဲ ?
ဟုတ်ကဲ့ ။
ကုမ္ပဏီတစ်ခုတည်းတွင် အလုပ်လုပ်အတူတူလုပ်ကိုင်နေကြရသော လူငယ် (ဒါမှမဟုတ်) သူငယ်ချင်းအချင်းချင်းပဲ ဖြစ်ဖြစ် တစ်ကြိမ်တစ်ခါလောက်တော့ ခရီးအတူတူသွားသင့်ပါတယ်။
ကျွန်မတို့ရဲ့ ကုမ္ပဏီကတော့၂၀၁၇ ခုနှစ် ရဲ့နှစ်ကုန်ပိုင်းလောက်မှာ ကုမ္ပဏီရဲ့ပထမဆုံးခရီးအဖြစ် ပုဂံကိုအဖွဲ့လိုက်သွားခဲ့ကြပါတယ်။ အဲ့ဒီမှာ မထင်မှတ်တဲ့အရာလေးတွေကို သိခွင့်ရပြီးပြန်လည်တွေးမိတိုင်းအရမ်းကိုကြည်နူးမိရပါတယ်။
အဲဒီအရာတွေကတော့
– အရင်အချိန်တွေတုန်းကထက် ပိုပြီးအချင်းချင်း ချစ်ခင်စည်းလုံးလာခြင်း၊
– Team work အားကောင်းလာတာကိုလည်း သတိထားမိလာတယ်၊
– တစ်ဦးအပေါ် တစ်ဦးရိုင်းပင်းကူညီတတ်လာကြတယ်၊
– အကောင်းမြင်တတ်တဲ့စိတ်ထားလေးနဲ့ စာနာနားလည်ဖြည့်တွေးပေးတတ်လာတယ်၊
– နောက်လိုက်ကောင်းဖြစ်ရုံတင်မက ခေါင်းဆောင်စိတ်ပါထားတတ်လာကြတယ်၊
– အခက်ခဲဘယ်လိုဖြေရှင်း ရင်ဆိုင်ရမယ်ဆိုတာ နားလည်သဘောပေါက်လာခြင်း နှင့်
– တစ်နေရာကိုရောက်ပြီဆိုရင်ဒါတွေက ဘယ်ကနေဘယ်လိုကြောင့်ဖြစ်လာတယ်ဆိုတာမျိုးကို သိချင်စိတ်ပြင်းပြပြီး စူးစမ်းလေ့လာချင်စိတ်ရှိလာတဲ့အခါမှာ သိတဲ့သူကပြန်လည်ပြောပြတာမျိုးတွေလည်းရှိခဲ့ဖူးတယ်ဆိုတာနှင့် များစွာသော အကြောင်းအရာတွေကြောင့် လူငယ်တွေစုပေါင်းပြီးခရီးထွက်သင့်တယ်လို့ဆိုရခြင်းဖြစ်ပါတယ်။
နောက်တစ်ခုအနေနဲ့ ဖော်ပြပေးချင်တာကတော့
၂) ခရီးထွက်ခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရလာနိုင်မလဲ ?
ဒီနေရာမှာတော့
– နေရာဒေသမတူတာကြောင့် မတူညီကွဲပြားသော ဓလေ့ထုံးတမ်းအစဉ်အလာ ၊ ယဉ်ကျေးမှု၊ ရိုးရာဘာသာစကား နှင့် အစားအစာ အစရှိသည်များကို သိရှိလေ့လာခွင့်ရမယ်။
– အသိပညာ ဗဟုသုတ ပိုပြီးကြွယ်ဝလာမယ်။
– ကိုယ်ရဲ့ခရီးသွားအတွေ့အကြုံတွေမှတစ်ဆင့် ပြန်လည်ပြောပြပေးနိုင်လာမယ်။
– သူတစ်ပါးအပေါ်အားကိုးချင်စိတ်နည်းပြီးမိမိ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်ကိုင်တတ်လာမယ်။
– မိမိသွားတဲ့နေရာနှင့်ပတ်သတ်ပြီး သမိုင်းကြောင်းတွေကိုကြိုတင်လေ့လာရတာကြောင့် ဗဟုသုတတွေပိုပြီးရလာမယ်။
– မိမိက တောင်တက်ရတာမျိုးကို နှစ်သက်တယ်ဆိုရင်လည်း တခြားခရီးစဉ်တွေနဲ့မတူတဲ့ ပျော်ရွှင်မှုမျိုးကိုရရှိလာမယ်
ခရီးထွက်ခြင်းဖြင့် မိမိကိုယ်ကိုယ် ပိုမိုယုံကြည်မှုရှိလာပြီး အလုပ်တစ်ခုကို လုပ်တော့မည် ဆိုလျှင်ကိုယ်ပိုင်ဆုံးဖြတ်နိုင်သောစွမ်းရည်လည်း တိုးတက်လာနိုင်ပါတယ်။
အစရှိသည့် များစွာသော အကျိုးကျေးဇူးများကိုရရှိလာမှာဖြစ်ပါတယ်။
နောက်ဆုံးတစ်ခုအနေနဲ့
၃) ဘယ်လို ခရီးစဉ်တွေက မိမိကို အသိပညာနှင့် ဗဟုသုတများ တိုးပွားစေသလဲ ?
ဒီထဲမှာတော့ မိမိရွေးချယ်တဲ့ ခရီးစဉ်ပေါ်မှာ မူတည်ပါတယ်။
ဥပမာ မိမိက တောင်တက်မယ်ဆိုရင် တောင်တက်ခြင်းဖြင့် ဘယ်လိုအရာတွေက မိမိကျန်းမာရေးအတွက် ပိုပြီးအထောက်အကူပြုနိုင်မလဲ ဆိုတာသိရှိရန်အရမ်းအရေးကြီးပါတယ်။
နေရာဒေသနှင့်လိုက်ပြီး မတူညီတာတွေကို လေ့လာရတာကြောင့်ဗဟုသုတများ ပိုမိုတိုးပွားစေပါတယ်လို့ ကျွန်မ ကြုံတွေ့ သိရှိထားသမျှကို ပြန်လည် မျှဝေရင်း စာဖတ်သူလူငယ်တွေအနေနဲ့လည်း မိမိ၏ ဘဝလမ်းခရီးနှင့် လုပ်ငန်းခွင်တွင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုမိုတိုးပွားလာစေရန် ခရီးသွားခြင်းအား တိုက်တွန်း ဆန္ဒပြုရင်း ဒီမှာတင်ပဲ အဆုံးသတ်ပါရစေလားရှင့်။
နောင်တစ်ပတ်တွင်လည်း မတူကွဲပြားသော အကြောင်းအရာများကို ကျွန်မတို့သိရှိထားသလောက် ပြန်လည်ဝေမျှပေးပါရစေရှင့်။