Work Style

တွယ်ရာမဲ့ရှင်သန်ရပ်တည်နေကြသူများနှင့် ခဏတာတွေ့ဆုံခြင်း

လောကကြီးထဲတွင် သက်ရှိတိုင်းဟာ မွေးဖွားလာသည့်အချိန်မှစ၍ နောက်ဆုံး မသေခင်အချိန်ထိ အခြေအနေအမျိုးမျိုးမှာ အသွင်မတူသောပုံစံတွေဖြင့် ရုန်းကန်လှုပ်ရှား ရှင်သန်နေထိုင်ကြရပါတယ်။ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ဆင်းရဲခြင်း၊ အောင်မြင်ခြင်း၊ ကျရှုံးခြင်း စသည့်အခြေအနေမျိုးစုံကိုလည်း သက်ရှိအားလုံး တွေ့ကြုံကြရမှာပါ။ သက်ရှိအားလုံး နေဝင်ချိန်မရောက်ခင်အထိ အို၊နာ၊သေ စသောဒုက္ခမျိုးစုံကို မလွဲမသွေ ခံစားကြရမှာပါ။အသက်အရွယ်ငယ်ရွယ်သောအချိန်တွင်သာ မည်သည့်ဒုက္ခမျိုးကိုမဆို ရင်ဆိုင်ဖြေရှင်းနိုင်ကြပေမယ့် အသက်အရွယ်ရင့်လာသောခါ ခုခံနိုင်စွမ်း အားနည်းလာတတ်ကြပါတယ်။

အိုဇာတာကောင်းလွန်းကြသော ဘိုးဘွားများကတော့ အိုးပိုင်အိမ်ပိုင်၊ မိသားစု ကဖေးမကူညီ စောင့်ရှောက်ကြရင်း သိုက်သိုက်ဝန်းဝန်းနှင့် နေဝင်ချိန်မရောက်ခင်အထိ ပျော်ရွှင်စွာ နေထိုင်နိုင်ကြပင်မဲ့ ရောဂါဝေဒနာ၏ နှိုပ်စက်တဲ့ဒဏ်ကိုနာကျင်စွာခံစားနေရခြင်း၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်း၏ စွန့်ခွာမှု၊ အထီးကျန်ဆန်မှု၊ မိသားစု၏ ငြူစူမှုတွေကို အတိုင်းမသိ ခံစားနေရသော ဘိုးဘွားများစွာလည်း ရှိနေကြပါတယ်။

ယနေ့ခေတ်အခါတွင် တွယ်ရာမဲ့နေသော ဂီလာန ဘိုးဘွားများအတွက် နွေးထွေးစွာ ခိုလှုံနိုင်သော သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာများစွာ တည်ရှိနေပြီဖြစ်ပါတယ်။

Spiceworks Myanmar ကုမ္ပဏီမှ လည်း တွယ်ရာမဲ့ ရှင်သန်နေထိုင်နေကြသော ဘိုးဘွားများအား တစ်ဖက်တစ်လှမ်း မှ အထောက်အကူ ရစေရန် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာများစွာထဲကမှ အမှတ် (၇၆၉-၇၇၁)၊ ဗိုလ်မင်းခေါင်လမ်း၊ ၁၂ ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်တွင်တည်ရှိသော “ဆည်းဆာရိပ် ဂီလာန ဘိုးဘွားများရိပ်သာ” သို့ သွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။

“ဆည်းဆာရိပ် ဂီလာန ဘိုးဘွားများရိပ်သာ” ကို ၂၀၁၀ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ထိုရိပ်သာတွင် အသက် ၇၀ နှင့် အထက် ဘိုးဘွားများစွာ ကို ပြုစုစောင့်ရှောက်လျှက်ရှိပါတယ်။ ယခု လက်ရှိစာရင်းအရ အဘိုး(၃၆)ယောက်၊ အဘွား (၈၀) ယောက် စုစုပေါင်း (၁၁၆) ယောက်ကို နေ့ရောညပါ စေတနာများစွာဖြင့် မငြီးမငြူ ပြုစုစောင့်ရှောက်လျက်ရှိပါတယ်။ ထိုရိပ်သာတွင် ၁၀၅ နှစ်ရှိသော အသက်အကြီးဆုံး အဘွားနှင့် ပန်းချီဆွဲတော်သော အဘိုးလည်း ရှိပါတယ်။ အဘိုး၏ပန်းချီ လေးတွေက အရမ်းလက်ရာမြောက်လှပါတယ်။ ကျွန်မလည်း အဘိုး၏ပန်းချီများကို အတိုင်းမသိ ချီးကျူးမိပါတယ်။

ဆည်းဆာရိပ်ဂီလာန ဘိုးဘွားများရိပ်သာ၏ ဆည်းလည်းသံဟုတင်စားရမည့် အဘွားတစ်ယောက်လည်း ရှိပါတယ်။ အဘွားနာမည်ကတော့ ဒေါ်တင်တင်ပါ။ အဘွားဟာဆိုရင် အသက် ၈၄နှစ်ရှိပြီးဖြစ်ပြီး ရိပ်သာကို စရောက်လာကတည်းက သူနဲ့အတူ အရုပ်လေးတစ်ရုပ်ပါလာခဲ့ပါတယ်။ အဘွား၏ ထူးခြားချက်ကတော့ သူနဲ့ အတူပါလာသော အရုပ်ကလေးကို သနပ်ခါးလိမ်းပေးခြင်း၊ အင်္ကျီဝတ်ပေးခြင်း၊ စောင်ခြုံပေးခြင်း၊ မုန့်ကျွေးခြင်း စသည့်ဖြင့် သက်ရှိလူသားတစ်ယောက်ကဲ့သို့ ပြုမူဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ကျွန်မတို့ ရောက်သွားသောအချိန်တွင် အဘွားက ထိုအရုပ်လေးကို စောင်များဖြင့် အထပ်ထပ်ခြုံပေးထားသည်ကို တွေ့ရပါတယ်။ကျွန်မတို့က ကလေးကို ကြည့်ချင်တယ်လို့ အဘွားကိုပြောသောအခါ ကလေးချမ်းမှာဆိုလို့ဆိုပြီး စောင်ခြုံပေးထားတာတဲ့။ သူဖွင့်ပြမယ်တဲ့ အဲ့လိုပြောခဲ့ပါတယ်။ ဓာတ်ပုံပါရိုက်ကြနော်တဲ့။ သက်မဲ့အရုပ်လေးတစ်ရုပ်ကို သူ၏ သားသမီး၊ မြေးသဖွယ် နွေးထွေးကြင်နာမှု ပေးနေတာကို ကြည့်ရင်း အဘွားအပေါ် ကျွန်မ ဂရုဏာသက်မိပါတယ်။

အဘိုးအဆောင်၊ အဘွားအဆောင်တွေကို ကျွန်မတို့ လိုက်လံကြည့်ရှုခဲ့ပါတယ်။ ဘိုးဘွားတွေ ဟာ ကျွန်မတို့တွေကို “မင်္ဂလာပါလို့” နှုတ်ဆက်ကြပါတယ်။ ကျွန်မတို့တွေလည်း အဘိုးအဘွားတွေနဲ့ စကားစမြည် ပြောခဲ့ကြပါတယ်။ ပြုစုစောင့်ရှောက်နေကြသော ပရဟိတလူငယ်များနှင့် ဆရာဝန်များ၊ သူနာပြုများကလည်း မိမိတို့၏ မိသားစုများသဖွယ် နွေးထွေးကြင်နာစွာ စေတနာအပြည့်ဖြင့် စောင့်ရှောက်နေကြတာကိုလည်း မြင်ခဲ့ရပါတယ်။ ကျွန်မတို့ကို လိုက်လံပြသပေးသော တာဝန်ရှိသူအဘွားဟာလည်း သေချာရှင်းပြပေးပါတယ်။

အဘိုးအဘွားများကို လိုက်လံကြည့်ရှု အားပေးစကားပြောဆိုနေရင်း ကျွန်မစိတ်ထဲတွင် အတွေးတစ်ခု ဝင်လာခဲ့ပါတယ်။ မိဘများက သားသမီးများကို ငယ်ရွယ်စဉ်မှာ ဘယ်လိုပင် ကျွေးမွေးစောင့်ရှောက်ခဲ့ပါစေ သားသမီးများအနေနဲ့ အသက်အရွယ် ကြီးလာပြီး အိုမင်းမစွမ်းဖြစ်လာသော မိဘများကို ပြုစုစောင့်ရှောက်ရန် ငြိုငြင်လာတဲ့လူတွေလည်း ရှိပါတယ်။ လူသားအားလုံး ကိုတော့ ကျွန်မ မဆိုလိုပါဘူး။ လောကီလူသားဖြစ်တဲ့အတွက် စိတ်တွေက တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ကြပါဘူး။ ကျွန်မမိဘတွေ အမြဲပြောပြနေကြစကားတစ်ခု ရှိပါတယ်။ “စုန်ရေသာရှိတယ် ဆန်ရေမရှိဘူး” တဲ့။ဒါကြောင့် ကျွန်မစိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာ ချဖြစ်ခဲ့ပါတယ်။ ကျွန်မ၏ မိဘများ အသက်အရွယ် ကြီးလာပြီး အိုမင်းမစွမ်းဖြစ်လာသောအခါ အထီးကျန်ဆန်မှု မဖြစ်အောင် ပိုမို ဂရုစိုက်မည် ဟုဆုံးဖြတ်ချက်ချလိုက်ပါတယ်။

အခြေအနေအမျိုးမျိုးကြောင့် ဒုက္ခရောက်နေသော ဘိုးဘွားများစွာကို မိသားစုသဖွယ် ပြုစုစောင့်ရှောက်ပေးကြသော “ဆည်းဆာရိပ် ဂီလာန ဘိုးဘွားများရိပ်သာ” မှ ပရဟိတလူူငယ်များကိုလည်း အထူးပင် ချီးကျူးလေးစားမိပါတယ်။ အသက်အရွယ်ကြီးရင့်လာပြီး အိုမင်းမစွမ်းဖြစ်လာသော ခိုကိုးရာမဲ့ အဘိုးအဘွားများကို လူမှုရေး၊ ကျန်းမာရေးပိုင်းများတွင် မိသားစုစိတ်ဓာတ်ဖြင့် ကူညီဖေးမ ပြုစုစောင့်ရှောက်ရမည်မှုာ လူသားတိုင်း၏ တာဝန်တစ်ရပ်ပင်ဖြစ်ပါသည်။

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *