Life Style Work Style

4 Y Experience From SPWM

အားလုံး မင်္ဂလာပါရှင့်
ကျွန်မကတော့ Spiceworks Myanmar က မခင်ပွင့်ဖြူခိုင် ဖြစ်ပါတယ်ရှင့်။ ဒီတစ်ပတ်မှာတော့ ကျွန်မ ဒီကုမ္ပဏီကိုဝင်တာ ၄နှစ်ပြည့်ပြီဖြစ်တာကြောင့် ကျွန်မဖြတ်သန်းခဲ့ရသော အတွေ့အကြုံနဲ့ အမှတ်တရ တချို့ကို ဖော်ပြမျှဝေပေးချင်ပါတယ်ရှင့်။ အတွေ့အကြုံများကို ပြန်လည်မမျှဝေခင် ဦးစွာပထမ ကျေးဇူးတင်ချင်သောသူများရှိပါတယ်။ ကျွန်မတို့ရဲ့ Head Office Japan က သူဌေးဖြစ်သော Mr. Seiji Sekine ကို ကျေးဇူးတင်ပါတယ်။ ကုမ္ပဏီမှာဝင်ရောက်လုပ်ကိုင်ခွင့်ပေးခဲ့အတွက်ရယ်၊ နွေးထွေးစွာ ကြိုဆိုလက်တွဲပေးတဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်ရှင့်။ မြန်မာရုံးဘက်မှာ အဓိက တာဝန်ယူလုပ်ကိုင်ဆောင်ရွက်နေသော ကိုမြတ်မင်းဆွေကိုလည်း ကျေးဇူးတင်ပါတယ်။ အင်တာဗျူးတဲ့အချိန်မှာ ကိုမြတ်မင်းဆွေနဲ့ စတင်တွေ့ဆုံရတာဖြစ်တဲ့အတွက် ယုံကြည်စွာ လုပ်ကိုင်ခွင့်၊ တာဝန်ထမ်းဆောင်ခွင့်ပြုပေးတဲ့အတွက်၊ အခက်အခဲများကိုလည်း အတူတူဖြေရှင်း ကူညီအကြံဉာဏ်တွေ ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင့်။ ပြီးတော့ ကုမ္ပဏီက အတူတူလုပ်ကိုင်ဆောင်ရွက်ခဲ့ကြသော အဖွဲ့ဝင်အားလုံးကို တကယ်ကျေးဇူးတင်ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မရှိဘဲနဲ့လည်း အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်မှာမဟုတ်ပါဘူး။ သူတို့ဟာဆိုရင် တကယ်ကောင်းမွန်တဲ့ မိတ်ဆွေကောင်း၊ လုပ်ဖော်ကိုင်ဖက်ကောင်းတွေ ဖြစ်ကြပါတယ်။

ဆက်လက်ပြီးတော့ ကုမ္ပဏီစဝင်တဲ့အချိန်က ခံစားချက်ကို မျှဝေပေးချင်ပါတယ်။
Spiceworks Myanmar ကို ရုံးစတက်တဲ့ပထမဆုံးနေ့မှာ အနည်းငယ်တော့ စိုးရိမ်စိတ်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်မတွေ့ဖူးတဲ့လူတွေ၊ မသိတဲ့လူတွေနဲ့ လုပ်ကိုင်ပြောဆိုဆက်ဆံရမှာဆိုတော့ စိုးရိမ်စိတ်ကတော့ ဖြစ်တာပေါ့နော်။ ကိုယ့်ကိုစတွေ့တဲ့အချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေက ကောင်းကောင်းမွန်မွန် စိတ်ရှည်စွာ ဆက်ဆံတာကိုလည်း တွေ့ခဲ့ရပါတယ်။ ကိုယ်တာဝန်ယူမယ့် လုပ်ငန်းပိုင်းရဲ့ စီနီယာနဲ့ စတင်အလုပ်တွေကို သင်ယူရပါတယ်။ စီနီယာက ကိုယ့်အပေါ်ကို ကောင်းပါမလား တွေးမိတာတော့ အမှန်ပါပဲ။ ဘာလို့ဆို သူငယ်ချင်းတွေက သူတို့ကုမ္ပဏီအကြောင်းတွေကို ပြောပြတော့ သူတို့ရဲ့အကြောင်းတွေကို နားထောင်ပြီး အထက်လူကြီးတွေက ဘယ်လိုဆိုတာကို အမြဲကြားနေရတော့ စိတ်ထဲမှာ အနည်းငယ်စိုးရိမ်ပြီး စိတ်ဖိစီးမှုတော့ဖြစ်ခဲ့ပါတယ်။ သို့ပေမယ့်လည်း တကယ်ကိုယ်ဆက်ဆံရတဲ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင်ဟာ အေးဆေးစွာနေထိုင်တတ်ပြီး၊ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်တဲ့ လူကောင်းတွေ စုစည်းထားတဲ့ ပတ်ဝန်းကျင်ပဲဖြစ်ပါတယ်။
ကျွန်မဟာဆိုရင် system ပိုင်းမှာ လုပ်ကိုင်ဆောက်ရွက်ရင်း နည်းပညာတွေကိုလည်း အရင်ကထက်စာရင် ပိုသိလာပါတယ်။ ကုမ္ပဏီမှာ ကျွန်မတို့လုပ်ကိုင်နေတဲ့ အချက်အလက်အပေးအယူတွေ၊ လုံခြုံရေးအပိုင်းတွေကိုလည်း သေချာလေးသိခွင့် ကိုင်တွယ်ခွင့်ရခဲ့ပါတယ်။ Customer တွေ လိုအပ်သော အသစ်သစ်သော framework တွေကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။ Project testing များကိုလည်း သေချာလေးလုပ်ကိုင်ခွင့်ရခဲ့တဲ့အတွက် project များလည်း ပိုမိုအဆင်ပြေလာခဲ့ပါတယ်။ ကျွန်မတို့ကုမ္ပဏီဟာဆိုရင် ဒီဇိုင်းပိုင်းကိုလည်း လုပ်ကိုင်တဲ့ကုမ္ပဏီဖြစ်တဲ့အတွက် အဖွဲ့ဝင်တွေရဲ့ ဒီဇိုင်းများကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။

ရုံးတွင်းမှာ ဝန်ထမ်းများကိုယ်တိုင် စုစည်းတိုင်ပင်ကြပြီး လုပ်ဆောင်သော activities တွေလည်း များစွာရှိပါတယ်။
(၁) Cleaning Time
သန့်ရှင်းရေးဆိုတာက မိမိကိုယ်တိုင် မိမိပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ဆောင်ရွက်ရင်း တစ်ပါးသူလည်း ကိုယ်အတွက်ကြောင့် သန့်ရှင်းရေးမလုပ်ရအောင် လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။
(၂) Plant
အပင်စိုက်တဲ့အချိန်၊ အပင်လေးတွေကို သန့်ရှင်းရေးလုပ်တဲ့အချိန်လေးတွေလည်း ရှိပါတယ်။ ထိုအချိန်တွင်လည်း အပင်လေးတွေ ရှင်သန်နေတာကို ကြည့်ပြီး ပျော်ရွှင်အေးချမ်းရပါတယ်။
(၃) Japanese Section
ကျွန်မတို့ကုမ္ပဏီဟာ ဂျပန်ကုမ္ပဏီဖြစ်တဲ့အတွက် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ၁နာရီတိတိ ဂျပန်စာ လေ့လာတဲ့အချိန်လေးလည်း ရှိပါတယ်။ ထိုအချိန်တွင် တစ်ဦးနဲ့တစ်ဦး သိသောအကြောင်းအရာများကို မျှဝေပေးကြလို့လည်း မသိတာတွေ အများကြီးသိခွင့်ရခဲ့ပါတယ်။
(၄) Happiness Chat
တစ်ဦးနဲ့တစ်ဦး အလုပ်ကိစ္စတစ်ခုခုဖြစ်စေ၊ အကူအညီလိုအပ်လို့ ကူညီတဲ့အခါဖြစ်စေ တစ်ဦးနဲ့တစ်ဦး ကျေးဇူးတင်စကားပြောကြပါတယ်။ ကျေးဇူးတင်စကားပြောပြီးရင် sticker လေးတွေပေးကြပါတယ်။ သတ်မှတ်ထားတဲ့အချိန်ကာလတစ်ခုကို ရောက်လာတဲ့အခါ sticker အများဆုံးရရှိတဲ့လူကို ဆုပေးတဲ့အစီအစဉ်လေးလည်း ရှိပါတယ်။
(၅) Mindfulness
တနင်္လာနေ့ ရုံးစတက်တဲ့အချိန် စိတ်တွေ ပိုမိုလန်းဆန်းစေရန်၊ တည်ငြိမ်စေရန်၊ အာရုံစူးစိုက်မှု ပိုမိုအားကောင်းစေရန် ရည်ရွယ်ပြီးလုပ်ဆောင်တဲ့ အစီအစဉ်ဖြစ်ပါတယ်။
အသေးစိတ်သိချင်လျှင် ဤလင့်ခ်တွင် ဖတ်ရှုနိုင်ပါတယ်ရှင့်။

(၆) Member Birthday
ရုံးကို ဝင်ရောက်လုပ်ကိုင်သော ဝန်ထမ်းတွေ လုပ်သက်ပြည့် အထိမ်းအမှတ်တွေ၊ ဝန်ထမ်းကြိုဆိုပွဲတွေ၊ ဝန်ထမ်း နှုတ်ဆက်ပွဲတွေကို လုပ်ကိုင်ဆောင်ရွက်တဲ့အစီအစဉ် ဖြစ်ပါတယ်။
(၇) Friday Party
ဝန်ထမ်းတွေကို တစ်လတစ်ခါ နောက်ဆုံးပတ် သောကြာနေ့မှာ စိတ်ဖိစီးမှုတွေကို လျှော့ချစေရန်နှင့် အချင်းချင်း ပိုမိုရင်းနှီးခင်မင်လာပြီး ဆက်ဆံရေးကောင်းမွန်အောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။
(၈) Library
စာဖတ်တဲ့လူတွေလည်း ပိုမိုဖတ်လာစေရန်၊ စာမဖတ်တဲ့လူတွေလည်း နည်းနည်းချင်းဖတ်လာစေရန် ရည်ရွယ်ပါတယ်။
(၉) Brainstorming
အလုပ်နဲ့ပတ်သက်တာပဲဖြစ်ဖြစ်၊ အကြောင်းအရာတစ်ခုခုကို ဆွေးနွေးတိုင်ပင်တာပဲဖြစ်ဖြစ် အဖွဲ့လိုက် Brainstorming လုပ်ကြပါတယ်။ ထိုအခါ ရလဒ်ကောင်းတွေ ထွက်လာခဲ့ကြပါတယ်။
(၁၀) Charity
ဝန်ထမ်းတွေဟာ ရုံးစည်းကမ်းလေးတွေကို သတိမမူဘဲ အမှတ်တမဲ့ဖြစ်သွားသောအချိန်၊ အဲ့လို့မဟုတ်ဘဲ မိမိက သဒ္ဓါတရားထက်သန်စွာ လှူချင်သောအခါ ထည့်နိုင်စေရန် Charity Box ပြုလုပ်ထားပါတယ်ရှင့်။ ထို Box လေးကို သတ်မှတ်ထားသောကာလရောက်လျှင် ဖွင့်ပြီး Charity အလှူလေးကို ပြုလုပ်ကြပါတယ်ရှင့်။
Charity Box နဲ့ပတ်သက်ပြီး ထပ်မံသိရှိလိုပါက အောက်ပါလင့်ခ်များတွင် ဖတ်ရှုနိုင်ပါတယ်ရှင့်။
Charity Box with Myanmar Version
Charity Box with English Version
(၁၁) General Assembly
ဤ activity လေးကတော့ ၆လ တစ်ကြိမ်ကျင်းပပြုလုပ်သော အစီအစဉ်လေးတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့သော ၆လတာကာလရဲ့ သုံးသပ်ချက်တွေ၊ နောက်လာမည့် ၆လမှာ လုပ်ကိုင်မယ့်အကြောင်းအရာတွေကို ဆွေးနွေးတိုင်ပင်ကြပါတယ်။ ဆုပေးပွဲ၊ ဂိမ်းများဆော့ကစားတဲ့ အကြောင်းအရာတွေလည်းပါပါတယ်။ ကျွန်မကတော့ ဂိမ်းကစားသောအစီအစဉ်ကို အကြိုက်ဆုံးဖြစ်ပါတယ်။
(၁၂) Vlog
ရုံးတွင်းမှာ marketing ကျယ်ပြန့်ဖို့ အတွက် တစ်ခါတလေVlog လေးတွေ သေချာရိုက်ကူးတာတွေလည်း ရှိပါတယ်။
(၁၃) Blog
မြန်မာပြည်မှာ နေထိုင်သော စာဖတ်သူတို့ကို မျှဝေပေးရန် Blog လေးတွေကိုလည်း အပတ်စဉ် အဖွဲ့ဝင်များက အလှည့်ကျဆီ တင်ဆက်ပေးကြပါတယ်။
Spiceworks Myanmar Company မှ မျှဝေပေးခဲ့သော ဘလော့ဂ်များကို ဖတ်ရှုချင်လျှင်ဖြင့် ဤလင့်ခ်ကို နှိပ်၍ ဖတ်ရှုနိုင်ပါတယ်။
(၁၄) Trip
အရင်ကတော့ တစ်နှစ်တစ်ခါ နှစ်ကုန်ခါနီးရင် ကုမ္ပဏီတစ်ခုလုံး စုစည်းပြီး ခရီးသွားကြပါတယ်။ ပျော်ရွှင်စရာလည်း ကောင်းပြီး အေးချမ်းပါတယ်။ အမှတ်တရကောင်းတွေလည်း အများကြီး ရရှိခဲ့ပါတယ်။

ရုံးက တာဝန်ယူကျင်းပပေးသော WIT event လေးလည်း ရှိပါတယ်။ မြန်မာမှာ အသစ်သစ်သောနည်းပညာကိုလေ့လာနေသော၊ ထူးချွန်သော၊ အရည်အချင်းရှိသော မြန်မာလူငယ်လေးများကိုရည်ရွယ်ပြီး ပြိုင်ပွဲလေး လုပ်ပေးထားတာပါရှင့်။
WIT ပြိုင်ပွဲနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ဤလင့်ခ်ကို နှိပ်၍ ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင့်။

ကျွန်မ Spiceworks Myanmar မှ ရရှိခဲ့သောအရာအနည်းငယ်ကို အနှစ်ချုပ်အနေဖြင့် မျှဝေပေးလိုက်ချင်ပါတယ်ရှင့်။
(၁) Positive Thinking
ကျွန်မက ကုမ္ပဏီစမဝင်ခင်တုန်းကဆို အမြဲ negative ကစတွေးတာပါ။ ဘယ်လိုမှလည်း positive ဘက်ကို မပြောင်းနိုင်ပါ။ ကုမ္ပဏီဝင်ပြီး အဖွဲ့ဝင်တွေရဲ့ positive လေးတွေကို နားထောင်တယ်။ ကိုယ်လည်း အနည်းငယ်လေးတွေးကြည့်ရင်း အခုဆို အရင်ကထက် အများကြီး ပိုပြီးအကောင်းဘက်ကို တွေးတတ်တဲ့လူတစ်ယောက် ဖြစ်လာခဲ့ပါပြီ။
Positive Thinking နဲ့ပတ်သက်ပြီး ကျွန်မရေးခဲ့ဖူးသော ဘလော့ဂ်လေးကို ဤလင့်ခ်တွင် မျှဝေပေးလိုက်ချင်ပါတယ်ရှင့်။
(၂) Self Management
အရင်ကလည်း ကျွန်မက သေချာလေးစီမံခန့်ခွဲပြီးလုပ်ကိုင်တတ်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီရောက်လာတော့ ပိုပြီး စီမံခန့်ခွဲမှ အဆင်ပြေနိုင်တာကို သိလာတဲ့အတွက် အရင်ကထက်ပိုပြီး သေချာလေး ရေးမှတ်ပြီး စီမံခန့်ခွဲပါတယ်။
(၃) Communication
ကျွန်မဟာ ငယ်ငယ်က အိမ်မှာ မိသားစုနဲ့ပဲ ရင်းနှီးရပြီး အပေါင်းအသင်းနည်းတဲ့အတွက် လူကြောက်တတ်ပါတယ်။ လူတွေနဲ့လည်း သိပ်စကားမပြောချင်ပါဘူး။ တစ်ယောက်ထဲအေးဆေးနေရတာကို ပိုကြိုက်ပါတယ်။ ကုမ္ပဏီကို ရောက်တော့ အလုပ်မှာ ပြောဆိုဆက်ဆံ လုပ်ကိုင်ရတဲ့အတွေ့အကြုံကိုရတဲ့အတွက် အခုဆို ပိုမိုပြောဆိုဆက်ဆံတတ်လာပါပြီ။
(၄) Confident
အရင်ကဆို ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိပါဘူး။ အမြဲ အားမရပါဘူး။ အလုပ်မှာ အဖွဲ့ဝင်တွေရဲ့ အားပေးမှု၊ အကြံဉာဏ်ပေးမှုတွေကို ရပြီး ယုံကြည်မှု တိုးတက်လာပါတယ်။
(၅) Real Relationship
ကောင်းမွန်တဲ့ relationship တစ်ခုကို ပိုင်ဆိုင်ခဲ့ရပါတယ်။ အဖွဲ့ဝင်တွေက စိတ်သဘောထားကောင်းမွန်ပြီး မှန်ကန်တဲ့အတွက် စစ်မှန်ခိုင်မာတဲ့ relationship တစ်ခုကိုရရှိခဲ့တာက လက်ဆောင်ကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။
(၆) Second Family
ကုမ္ပဏီမှာ မိသားစုပြီးရင် အချိန်အများဆုံးရှိတဲ့နေရာ ဖြစ်ပါတယ်။ ထိုနေရာက အေးချမ်းတယ်ဆိုရင် သူက ကျွန်မတို့အတွက် ဒုတိယမိသားစုပါဘဲ။ Spiceworks Myanmar က ကျွန်မအတွက်တော့ ဒုတိယမိသားစုပါပဲ။
(၇) Knowledge
မသိခဲ့ရသော အထွေထွေ ဗဟုသုတတွေ၊ လူမှုဆက်ဆံရေးတွေ၊ လူတစ်ဦးရဲ့ အတွေးအခေါ်တွေကို သိခွင့်ရခဲ့ပါတယ်။
ကျွန်မဘလော့ဂ်လေးကို စိတ်ရှည်စွာ ဖတ်ရှုပေးခဲ့သော စာဖတ်ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်ရှင့်။
သာယာအေးချမ်းသောနေ့လေး ဖြစ်ပါစေရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *