Life Style Others

EGO

အားလုံး မင်္ဂလာပါရှင့်။
ကျွန်မကတော့ Spiceworks Myanmar မှာ အလုပ်လုပ်ကိုင်လျက်ရှိသော မခင်ပွင့်ဖြူခိုင် ဖြစ်ပါတယ်ရှင့်။ ကျွန်မ ဒီတစ်ပတ်မှာတော့ လူသားတွေမှာအနည်းနဲ့အများ ရှိတတ်ကြတဲ့ Ego (အတ္တ) ဆိုတဲ့ခေါင်းစဉ်လေးကို ပြန်လည်ဝေမျှပေးချင်ပါတယ်ရှင့်။

Ego ဆိုတာဘာလဲ။
အရိုးရှင်းဆုံးနဲ့ အလွယ်ဆုံးလေး မှတ်သားရမယ်ဆိုရင်တော့ (I = ငါ) ပါပဲ။ ငါ စွဲ ပြောပြောနေတဲ့ အကြောင်းလေးတွေကို ကြားဖူးကြမယ်လို့ ထင်ပါတယ်။ တစ်ခုခုဆို ငါသာလျှင် လုပ်တတ်တယ်။ ငါသာလျှင်တော်တယ်။ တစ်ကိုယ်ကောင်းဆန်စွာ ပြောဆို လုပ်ကိုင်နေကြတာတွေကို ကြုံဖူးကြမှာပါ။ ပြီးတော့ အတ္တကြီးတဲ့လူတွေက အားလုံးထက် အကောင်းဆုံးတွေကိုပဲ ပိုလိုချင်ကြတယ်။

Ego စိတ်က ဘာကြောင့် ဖြစ်ပေါ်တာလဲ။
(၁) အလိုလိုက်ခံထားရတဲ့လူ
မိသားစု အသိုင်းအဝိုင်းကနေ လိုလေသေးမရှိအောင် ဂရုစိုက်ခံထားရတဲ့လူတွေဟာ ကိုယ်မှာရှိနေတာထက် မတင်းတိမ် မရောင့်ရဲနိုင်ကြပြီး အတ္တပိုကြီးတတ်ကြပါတယ်။
(၂) နှိမ့်ချဆက်ဆံခံထားရတဲ့လူ
အရာရာမှာ အမြဲ နှိမ့်ချဆက်ဆံခံရတဲ့လူတွေဟာ ဒေါသကြီးတတ်ပြီး မုန်းတီးတတ်ကြပါတယ်။
(၃) မိဘ၊ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းက လျစ်လျူရှုခံထားရသောလူ
မိဘ နှင့် ပတ်ဝန်းကျင်မှာ လျစ်လျူရှုခံရတဲ့လူတွေက သူတစ်ပါးအပေါ်ကို ချစ်ခြင်းမေတ္တာက ဘယ်လိုဆိုတာကို ဖော်ပြနိုင်တဲ့ အကြောင်းအရာက နည်းတတ်ကြပါတယ်။ ဘာလို့ဆို သူတို့ကို တခြားလူတွေက ချစ်ခြင်းမေတ္တာ မပေးကြလို့ သူတို့ကလည်း ချစ်ခြင်းမေတ္တာကို ပြန်ပေးဖို့ဆိုတာကို နားမလည်ကြပါဘူး။ အဲ့ဒီအခါမှာ သူတို့က သူတို့ကိုယ် သူတို့ အချစ်ဆုံးဆိုပြီး အတ္တဆန်တတ် သွားကြပါတယ်။ တခြားလူကိုလည်း ဂရုမစိုက်တတ်တော့ပါ။
(၄) နှိုင်းယှဉ်ခံရတဲ့လူ
နှိုင်းယှဉ်ခံရတဲ့လူလို့ ပြောလိုက်ရင် နှစ်မျိုးရှိပါတယ်နော်။ အတော်ဆုံးလူနဲ့ အညံ့ဆုံးလူပါ။
အတော်ဆုံးဆိုတဲ့လူတွေက သူတို့က အမြဲတော်တယ်လို့ ချီးကျူးခံရတော့ သူတို့ရဲ့စိတ်ထဲမှာ အောက်လေးနည်းနည်းကျသွားမှာကို စိုးရိမ်ပြီးကြောက်နေတတ်ကြပါတယ်။
အညံ့ဆုံးဆိုတဲ့လူတွေကျတော့ သူတို့ကို အမြဲ ဘာလုပ်လုပ် မဖြစ်မြောက်ဘူး ညံ့တယ်ပဲ ပြောနေကျတော့ သူတို့ရဲ့စိတ်ထဲမှာ သူကြိုးစားလည်း အရာထင်မှာမဟုတ်ဘူး ဖြစ်လည်းဖြစ်မှာမဟုတ်ဘူးဆိုပြီး သိမ်ငယ်စိတ်လေးတွေ ဝင်နေတတ်ကြပါတယ်။
(၅) အကြမ်းဖက်မှုတွေကို ကြုံတွေ့ရတဲ့လူ
အကြမ်းဖက်မှုတွေကို ရင်ဆိုင်ကြုံတွေ့ဖူးတဲ့လူတွေဟာ လူ့ပတ်ဝန်းကျင်မှာ တခြားသူအပေါ်ကို ရန်ဖြစ်တတ်ခြင်းနှင့် အနိုင်ယူတတ်ခြင်းက ပိုမိုကြီးထွားတတ်ကြပါတယ်။
(၆) ဆွေးနွေးခွင့်မရတဲ့လူ
အကြောင်းအရာတစ်ခုခုကို ဆွေးနွေးတိုင်ပင်ချင်တဲ့အခါ၊ ရင်တွင်းခံစားချက်များကို ပွင့်လင်းစွာ ပြောပြချင်တဲ့အခါ နားထောင်ပေးမယ့်လူမရှိဘဲ သူဘာပြောပြော ဂရုမစိုက်ကြတဲ့အခါ ထိုလူမှာ သိမ်ငယ် အထီးကျန် စိတ်တွေဖြစ်ပေါ်လာပြီး အသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ မဝံ့မရဲ ဖြစ်နေတတ်ကြပါတယ်။
ဆက်လက်ပြီးတော့ ကျွန်မတို့လူသားတွေမှာ ရှိနေကြတဲ့ ကိုယ်ရည်ကိုယ်သွေး အကြောင်းလေးကိုလည်း မျှဝေချင်ပါတယ်ရှင့်။
(1) ID
ID ကတော့ ကျွန်မတို့ ဘာကိုမှမစဉ်းစားမတွေးတောဘဲ လုပ်ချင်တာကိုလုပ်မယ်၊ သွားချင်တာကို သွားမယ်၊ စားချင်တာကိုစားမယ်။ ပြောရမယ်ဆိုရင် ကလေးလေးစိတ်ပေါ့။
(2) Ego
Ego ကတော့ ID နဲ့ Superego ကို ထိန်းညှိပေးပြီး အဆင်ပြေအောင်လုပ်ပေးရတာပေါ့။
(3) Superego
Superego ကတော့ တစ်ခုခုဆို ဘာကိုလုပ်သင့်မလုပ်သင့် စဉ်းစားဆုံးဖြတ်တယ်။ အရှင်းဆုံးပြောရရင် သူတော်စင် ပုဂ္ဂိုလ်တွေလိုမျိုးပေါ့။
ID တွေက များလွန်းရင်လည်း အဆင်မပြေနိုင်သလို Superego တွေများလွန်းရင်လည်း ဘာကိုမှ လုပ်လို့ရနိုင်မှာမဟုတ်ပါဘူး။ တချို့က ID ကို ငရဲသားစိတ်၊ Ego ကိုတော့ လူစိတ်၊ Superego ကိုတော့ နတ်သားစိတ်ဆိုပြီး နားလည်လွယ်အောင် ပြောကြပါတယ်။

Ego တွေကို ဘယ်လိုဖြေရှင်းမလဲ။
(၁) တရားထိုင်ခြင်း
တရားထိုင်တဲ့အခါ စိတ်ကို ပိုမိုအေးချမ်းစေပြီး တည်ငြိမ်ရင့်ကျက် လာစေနိုင်ပါတယ်။ အာရုံစူးစိုက်မှုလည်း ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်။
(၂) ကျန်းမာရေး လိုက်စားခြင်း
ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို စားမယ်။ ကိုယ်လက်လှုပ်ရှားမှုတွေကို နေ့စဉ်လှုပ်ရှားနေထိုင်မယ်ဆိုရင် သွေး၊လေ ညီညွတ်ပြီး ခန္ဓာကိုယ်လည်းကျန်းမာ၊ စိတ်လည်း ကျန်းမာမှာဖြစ်တဲ့အတွက် ပျော်ရွှင်စွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
(၃) မိတ်ဆွေ သူငယ်ချင်းများနဲ့ တွေ့ဆုံပါ
အသက်အရွယ်အရ ကြီးပြင်းလာသောအခါ လူနေမှု ဘဝတွေ၊ အလုပ်တွေကြောင့် မိတ်ဆွေသူငယ်ချင်းတွေနဲ့ မတွေ့ဆုံဖြစ်ကြတဲ့အခါတွေလည်း ရှိလာကြပါတယ်။ ထို့အတွက်ကြောင့် မိမိသူငယ်ချင်းမိတ်ဆွေတွေကို အချိန်ပေးပြီး ပေါ့ပေါ့ပါးပါး လွတ်လပ်ပျော်ရွှင်စွာ တွေ့ဆုံတာက စိတ်ကိုလည်း ပျော်ရွှင်စေနိုင်ပါတယ်။
(၄) စာအုပ်ဖတ်ခြင်း
စာအုပ်ဖတ်လိုက်တဲ့အခါ စိတ်တည်ငြိမ်မှုကိုလည်း ရရှိနိုင်သလို ကိုယ်မတွေ့ကြုံဖူးသော အတွေ့အကြုံများကိုလည်း ဗဟုသုတအနေနဲ့ သိရှိရပြီး ကိုယ်တိုင်တွေ့ကြုံလာရင်တော့ ဘယ်လိုမျိုး ဆုံးဖြတ်သင့် လုပ်ကိုင်သင့်တာကို သိနိုင်မှာပဲ ဖြစ်ပါတယ်။
(၅) Goal setting
ကျွန်မတို့ဟာ ကိစ္စအကြီးပဲဖြစ်စေ၊ အသေးလေးပဲဖြစ်စေ ရည်မှန်းချက်လေးတွေ ထားပေးပါ။
(၆) မိမိကိုယ်ကို တခြားသူထက် ပိုတော်တယ်လို့ မထင်မြင်မိပါစေနဲ့။
ကျွန်မတို့လူသားတွေဟာ တစ်ယောက်ချင်းစီတိုင်း အားသာချက်၊ အားနည်းချက် ကိုယ်စီရှိကြပါတယ်။ ဘယ်လူသားမှ ပြည့်စုံတယ်လို့ မရှိပါဘူး။
(၇) သင်ယူနေဖို့ အမြဲကြိုးစားပါ
လောကကြီးမှာ သင်ယူလို့ ကုန်တယ်ဆိုတဲ့အရာက မရှိပါဘူး။ ကျွန်မတို့တစ်နေ့တာ မျက်လုံးဖွင့်လိုက်တာနဲ့ လောကကြီးက ပေးတဲ့အတွေ့အကြုံတွေကို နေ့တိုင်းသင်ယူနေကြတာပါ။
(၈) အရှုံးကို လက်ခံနိုင်အောင် ကြိုးစားပါ
ကျွန်မပါ အပါအဝင် တစ်ခါတလေ အနိုင်သာလိုချင်တာ အရှုံးကိုလက်မခံနိုင်ပါဘူး။ စကားပြိုင်ပြောဆိုရင်တောင် ကျွန်မ နိုင်တာကိုပဲလက်ခံနိုင်ပြီး ကျွန်မရှုံးရင် ‘ဟုတ်တယ် မှန်တယ် အရှုံးကိုလက်ခံတယ်’ ဆိုတဲ့စကားကို မပြောနိုင်ဘူး။ အဲ့ဒါကြောင့် ကျွန်မလည်း အရှုံးကို လက်ခံနိုင်အောင် ကြိုးစားသင်ယူ နေရပါတယ်။

Ego ကြီးတဲ့လူတွေရဲ့အမူအကျင့်များ
(၁) သူတစ်ပါးကို အမြဲတမ်း အနိုင်လိုချင်တယ်
(၂) တစ်ကိုယ်ကောင်းဆန်တတ်တယ်
(၃) လောဘကြီးတယ်
(၄) အမြဲတမ်း ငါသည်သာလျှင် မှန်တယ်

Ego ကတော့ ကျွန်မတို့ အတွေ့အကြုံ၊ အသိပညာ ဗဟုသုတ ပိုမို များပြားလာရင်တာ့ နည်းပါးလာနိုင်ပြီး အသိပညာ ဗဟုသုတ နည်းပါးမယ်ဆိုရင်တော့ Ego တွေက ပိုမိုများပြားလာနိုင်ပါတယ်။ Ego တွေက ကျွန်မတို့ မထင်မှတ်သော အကြောင်းအရာအများအပြားကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အဲ့ဒါကြောင့် ကျွန်မတို့အနေဖြင့် Ego တွေ နည်းပါးအောင် ကြိုးစားပြီးနေထိုင်တာက ကျွန်မတို့ နေထိုင်မှုဘဝကို ပိုမိုပျော်ရွှင်စေပါတယ်။ စာဖတ်ပရိသတ်ကြီးလည်း ကျွန်မနဲ့အတူ Ego တွေကို လျှော့ချပြီး ဘဝမှာ ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ လက်တွဲဖိတ်ခေါ်အပ်ပါတယ်ရှင့်။ သာယာသောနေ့လေးများ ဖြစ်ပါစေရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *