Life Style

How to boost New Skill Learning

မင်္ဂလာပါ။
ကျွန်တော်ကတော့ Spiceworks Myanmar တွင် Web Developer အဖြစ် အလုပ်လုပ်ကိုင်လျက် ရှိသော ဌေးမင်းခေါင်ဖြစ်ပါတယ်။ ယနေ့ ကျွန်တော်တင်ပြပေးမယ့် အကြောင်းအရာကတော့ How to boost learning new skill ( အသိ၊ အတတ်ပညာတစ်ခုခုကို လေ့လာရာတွင် ဘယ်လို မြန်ဆန်အောင် လုပ်ဆောင်မလဲဆိုတာ) ဖြစ်ပါတယ်။

(၁) သင်လေ့လာတဲ့ ပုံစံ၊ နေရာ၊ အထောက်အကူ ပစ္စည်းများကို တစ်သမတ်တည်း မသတ်မှတ်ပါနဲ့။
ဥပမာ – ဘာသာစကားတစ်ခု လေ့လာမယ်ဆိုပါတော့၊ အဲ့ဒီလိုလေ့လာတဲ့အခါ စာအုပ်ဖတ်ခြင်းတစ်ခုတည်းသာမက ဗီဒီယို ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ Native Speaker များနှင့် စကားပြောကြည့်ခြင်း နှင့် ဘာသာစကား application များဖြင့် လေ့လာခြင်းမျိုးများပါ လုပ်ဆောင်သင့်ပါသည်။

လေ့လာမည့် နေရာများကိုလည်း အိမ်တွင်သာမကဘဲ စာကြည့်တိုက်၊ ကျောင်း၊ ကော်ဖီဆိုင်လို စိတ်ငြိမ်တဲ့နေရာများတွင်လည်း လေ့လာခြင်းဖြင့် သင်၏ လေ့လာခြင်းကိုလည်း ပိုမို မြန်ဆန်စေပါတယ်။

အထောက်အကူပြုပစ္စည်းများကိုလည်း စာအုပ်တစ်ခုတည်း မဟုတ်ဘဲ Internet မှ စာဖတ်ခြင်း၊ ဘောပင်နဲ့ စာရွက်သုံး၍ စာရေးခြင်းများဖြင့်လည်း လေ့လာသင့်ပါသည်။

(၂) ကောင်းမွန်စွာ အိပ်စက်ခြင်း။
အကယ်၍ သင်ဟာ နာမည်၊ ဖော်မြူလာ၊ ရက်စွဲများပါသည့် ဘာသာရပ်ကို လေ့လာနေသူဆိုလျှင် မိမိ မှတ်ဉာဏ်ပိုမို ရင့်သန်လာစေရန် အိပ်ရေးဝဝ အိပ်ခြင်းက မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်မှာ ဖြစ်ပါသည်။

(၃) သင့်အတွက် ပိုမို အကျိုးရှိအောင် အသုံးချခြင်း။
ကျွန်တော်တို့ တစ်တွေဟာ နေ့စဉ် လေ့လာနေခဲ့ကြသလို၊ ငယ်ရွယ်စဉ်ကလည်း အသိပညာ၊ အတတ်ပညာများကို အမျိုးမျိုး အဖုံဖုံ လေ့လာခဲ့ကြပါတယ်။ တချို့ပညာများဟာ လက်တွေ့ အသုံးမချတဲ့အခါ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အတတ်ပညာရပ် တစ်ခုလေ့လာတဲ့အခါ မိမိလုပ်ငန်းခွင် (သို့) မိမိနေ့စဉ်လုပ်ငန်းဆောင်တာများတွင် အကျိုးရှိအောင် လုပ်ဆောင်ခြင်းဖြင့် ထို အတတ်ပညာကို လေ့လာ သင်ယူတဲ့အခါ ပိုမို တတ်မြောက်မှု မြန်ဆန်စေပါတယ်။

(၄) လက်တွေ့အသုံးချပါ။
အတတ်ပညာလေ့လာတဲ့အခါ Theory ချည်းဘဲ လေ့လာခြင်းမဟုတ်ဘဲ တကယ် လက်တွေ့ အသုံးဝင်အောင် အသုံးချတတ်အောင် လုပ်ဆောင်ခြင်းက မိမိလေ့လာနေသည့် ပညာရပ်ကို ပိုမို တတ်မြောက်အောင် လုပ်ဆောင်ပေးပါတယ်။ အကယ်၍ သင်ဟာ programming language ကို လေ့လာနေသူဆိုလျှင် လက်တွေ့ mini project များ ရေးသားခြင်း၊ local project များတွင် မိမိ အတတ်ပညာကို အသုံးပြုခြင်းဖြင့် ထို language ကို ပိုမိုနားလည် ကျွမ်းကျင်စေပါတယ်။

(၅) သင့်လေ့လာချိန်ကို မချုပ်တည်းထားပါနဲ့။
သင်ဟာ နှစ်နာရီဆက်တိုက် မနားမနေ လေ့လာခြင်းထက် တစ်နာရီ နှစ်ခါ လေ့လာခြင်းက သင့်ကို ပိုမိုမှတ်မိစေပါတယ်။ တစ်နာရီလေ့လာမယ်၊ နောက် ဆယ့်ငါးမိနစ်နားမယ်၊ ထို့နောက် တစ်နာရီလေ့လာခြင်းအားဖြင့် သင့်အား မှတ်ဉာဏ် ပူထူစေခြင်း၊ ညောင်းညာခြင်း မဖြစ်စေဘဲ လေ့လာမှုကိုလည်း ပိုမို အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။

(၆) လေ့လာထားသည်များကို ပြန်လည်သင်ကြားပေးခြင်း၊ မျှဝေပေးခြင်း။
မိမိလေ့လာနေသည့်ပညာ (သို့) လေ့လာထားသည့် ပညာများကို တခြား တစ်ပါးသူအား ပြန်လည် မျှဝေပေးခြင်း၊ အချင်းချင်း ပြန်လည် ဖလှယ်ခြင်း၊ ပြန်လည် သင်ကြားပေးခြင်းအားဖြင့်လည်း ပိုမို မှတ်မိစေပြီး မိမိ၏ လေ့လာနေသည့် အကြောင်းအရာ လိုအပ်ချက်များကို သိစေနိုင်ပါသည်။

(၇) အခက်အခဲများတွင် အချိန်ပေး ဖြေရှင်းခြင်း။
အတတ်ပညာတစ်ခု လေ့လာ အသုံးချသည့်အခါ အခက်အခဲများ ကြုံရတတ်ပါတယ်။ ထိုအခါ ၎င်းအခက်အခဲများကို ကျော်သွားခြင်းမျိုး၊ ရှောင်သွားခြင်းမျိုး၊ အခြားလူအား လက်လွှဲခြင်းမျိုး မလုပ်ဆောင်ဘဲ ထိုအခက်အခဲအတွက် အချိန်ပေး ဖြေရှင်းခြင်းက သင်၏ အတတ်ပညာအပေါ် ပိုမို ယုံကြည်မှုရှိစေပြီး မြန်ဆန်စွာ တတ်မြောက်စေပါတယ်။

(၈) မကြာခဏ အနားယူပေးပါ။
တစ်ခုခု လုပ်ဆောင်တဲ့ အခါ မကြာခဏ အနားယူပေးပါ။ တစ်ဆက်တည်း မနားမနေလုပ်ဆောင်ပါက အညောင်းမိပြီး ပူထူလာတတ်ပါတယ်။ ၁ နာရီလုပ် ၁၅ မိနစ်နားခြင်းအားဖြင့် ဦးနှောက်အား ပြန်လည် လန်းဆန်းလာစေပြီး productivity လည်း ပိုမိုကောင်းမွန်လာစေပါတယ်။

(၉) မိမိကိုယ်ကို ပြန်ဆန်းစစ်ပါ။
အတတ်ပညာ သင်ယူလေ့လာတဲ့အခါ မိမိကိုယ်ကို ပြန်မေးပါ။ မညာတမ်း ပြန် test လုပ်ကြည့်ပါ။ ကိုယ်ဘယ်ဟာတော့ ရနေပြီ၊ ဘယ်အပိုင်းတော့ လေ့လာဖို့ လိုသေးတယ် ဆိုတာမျိုးကိုပေါ့။ လေ့လာထားသည်များကိုလည်း recall ပြန်လုပ်ပါ။ မိမိ ဘယ်လောက် ပြန်မှတ်မိလဲဆိုတာကိုပါ ပြန်ဆန်းစစ်ကြည့်ခြင်းဟာလည်း နောက် step တက်သည့်အခါ အခြေခိုင်စေပါတယ်။

(၁၀) မှတ်စု ထားရှိပါ။
ပညာရပ်လေ့လာသည့်အခါ မှတ်စုများ ထားရှိပါ။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် ပြန် recall လုပ်သည့်အခါ မိမိ အရင်တုန်းက ကြုံခဲ့ရသော အခက်အခဲများ မိမိ ဘယ်လို ဖြေရှင်းခဲ့သလဲ၊ ဘယ်လို သိထားခဲ့သလဲ ဆိုတာတွေကို ပြန်မှတ်မိစေပါတယ်။

အထက်ပါ ၁၀ ချက်ကို လုပ်ဆောင်ခြင်းအားဖြင့် မိမိ အတတ်ပညာ၊ အသိပညာ တစ်ခုခု လေ့လာသည့်အခါ ပိုမို မြန်မြန်ဆန်ဆန် တတ်မြောက်အောင် အကူအညီပေးပါလိမ့်မယ်။ အခုလို အချိန်ပေး ဖတ်ရှုသည့်အတွက် ကျေးဇူးတင်ပါတယ်။ သာယာပျော်ရွှင်သော နေ့ရက်လေးများ ပိုင်ဆိုင်နိုင်ကြပါစေ။

Hello

Leave a Reply

Your email address will not be published. Required fields are marked *