Life Style

Negative Thinking to Positive Thinking

အားလုံးပဲ မင်္ဂလာပါရှင့်။
ညီမကတော့ Spiceworks Myanmar မှာ Web Designer အနေနဲ့ ဝင်ရောက်လုပ်ကိုင်နေတဲ့ ခင်ရတနာအောင် ဖြစ်ပါတယ်ရှင့်။ ဒီတစ်ပတ် ညီမက Negative Thinking တွေ လျော့ချပြီး Positive Thinking တွေ ဖြစ်ပေါ်လာအောင် ဘယ်လိုနေထိုင်တွေးတောရမလဲဆိုတာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး Negative thinking ဆိုတာက ဘာလဲဆိုတာ ပြောပြချင်ပါတယ်။ Negative thinking ဆိုတာက ကိုယ်တွေ့ကြုံရတဲ့ကိစ္စအားလုံးမှာ ဆိုးဝါးတဲ့အတွေးတွေကို တွေးတောကြတာမျိုး ဖြစ်ပါတယ်။ တစ်ခါတလေမှာ ကိုယ့်ရဲ့ expectation (မျှော်လင့်ချက်) ကို လျော့ချဖို့အတွက် ဖြစ်လာနိုင်တဲ့အဆိုးဆုံးအခြေအ‌နေကို တွေးတောကြတာမျိုး ရှိပါတယ်။ လူတိုင်း negative thinking ဆိုတဲ့ အပျက်သဘောဆောင်တဲ့ အတွေးတွေကို တွေးမိတတ်ကြတယ်။

Negative thinking တွေက
(၁) အနာဂတ်မှာ ဖြစ်လာမယ့် ကိစ္စတွေအတွက် စိုးရိမ်ကြောက်ရွံ့ခြင်း၊
(၂) လက်ရှိပစ္စုပ္ပန်အတွက် စိတ်ပူပန်ခြင်း၊
(၃) အတိတ်က ဖြစ်ပြီးသားကိစ္စတစ်ခုအတွက် နောင်တရနေခြင်း၊
(၄) အလိုအလျောက် စိတ်မလုံခြုံခြင်းကြောင့် အပြစ်မြင်ခြင်း တို့ကြောင့် ဖြစ်ပေါ်တတ်ပါတယ်။

Negative အတွေးတွေကို ခဏတာအတွက်ပဲ တွေးမိတယ်ဆိုရင် ပြဿနာမဟုတ်ပေမဲ့ အချိန်အတော်ကြာ တွေးမိနေတယ်ဆိုရင်တော့ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးသာမက နေ့စဉ်ဘဝမှာပါ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ အဲ့ဒါကြောင့် Negative thinking တွေကို လျော့ချပြီး နေ့စဉ်ဘဝမှာ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့အတွက် Positive thinking ​တွေ တွေးတောလာနိုင်ဖို့ လိုအပ်ပါတယ်။

Positive Thinking ဆိုတာက စိတ်ခံစားချက်အရရော စိတ်သဘောထားအရပါ ကောင်းတဲ့အရာတွေအပေါ် အာရုံထားတဲ့၊ ကိုယ့်အတွက် ကောင်းမွန်တဲ့ ရလဒ်တွေကို မျှော်မှန်းတဲ့ အတွေးမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ positive thinking နဲ့တွေးနေရုံဖြင့် ကိုယ့်စိတ်ဆန္ဒ ပြည့်ဝလာမှာမဟုတ်တဲ့အတွက် positive thinking ကနေ ရရှိတဲ့ စိတ်ခွန်အားနဲ့ လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

Positive thinking ဖြစ်ပေါ်လာအောင် ဘယ်လိုနေထိုင်လုပ်ဆောင်ရမလဲဆိုတာကို ပေါ်လီယာနာဇာတ်လမ်းထဲက ကစားနည်းလေးတစ်ခုနဲ့ မိတ်ဆက်ပြီး ပြောပြချင်ပါတယ်။ ကစားနည်းလေးကတော့ “Glad Game” လို့ခေါ်တဲ့ စိတ်ကျေနပ်စရာအရာတွေကို ရှာဖွေရတဲ့ ကစားနည်းပဲ ဖြစ်ပါတယ်။ ဘယ်လိုကိစ္စရပ်ပဲ ဖြစ်ပေါ်လာလာ အဲ့ဒီကိစ္စရပ်ထဲကနေ ကိုယ့်အတွက် စိတ်ဖြေနိုင်မယ့်၊ စိတ်ကျေနပ်စေနိုင်တဲ့ အကြောင်းအရာကို ရှာဖွေရတာပဲ ဖြစ်ပါတယ်။ ညီမတို့ ကြုံတွေ့နေရတဲ့ကိစ္စတွေမှာ ကောင်းတဲ့အရာတွေရှိသလို ကိုယ့်အတွက် အဆင်မပြေစေနိုင်တဲ့ ကိစ္စတွေနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။ အဲ့လိုအဆင်မပြေတဲ့ကိစ္စတွေနဲ့ ကြုံတွေ့ရတဲ့အခါ အဆင်မပြေတဲ့အရာအပေါ် မကောင်းမြင်တဲ့အတွေးထက် ကိုယ့်အတွက် စိတ်ကျေနပ်စရာကို ရှာဖွေသင့်ပါတယ်။ ဒီကစားနည်းကို အဆင်မပြေတဲ့ကိစ္စရပ်တွေဖြစ်တိုင်း ကစားသွားမယ်ဆိုရင် negative thinking ထက် positive thinking ကို ပိုပြီး လုပ်ဆောင်လာနိုင်ပါလိမ့်မယ်။ သတိထားရမှာကတော့ နေ့စဉ်ဘဝမှာ အပြုသဘောဆောင်တဲ့အတွေးတွေ ပိုင်ဆိုင်ဖို့အတွက် အဆင်မပြေစေတဲ့ကိစ္စတွေကို လျစ်လျူရှုတာ၊ ဘာမှမဖြစ်ခဲ့သလိုနေတာမျိုး မပြုလုပ်သင့်ပါဘူး။ တွေ့ကြုံလာတဲ့ အဖြစ်အပျက်တိုင်းကို အကောင်းဘက်ကနေ ရှာဖွေတွေးတောရမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်အနေနဲ့ကတော့ အတိတ်က အမှားတွေထဲမှာပဲ နစ်မြုပ်ပြီး negative thinking တွေနဲ့ မနေထိုင်သင့်ပါဘူး။ ဥပမာ အရင်က မအောင်မြင်ခဲ့ကိစ္စတစ်ခုကို ပြန်လုပ်ဖို့ဖြစ်ပေါ်လာတဲ့အခါ အရင်ကလည်း မရခဲ့ဘူး၊ အခုလည်း ရနိုင်မှာ မဟုတ်ပါဘူးလို့ အပျက်သဘောဆောင်တဲ့ အတွေး (negative thinking) မတွေးသင့်ပါဘူး။ ကိုယ်ဘာမှားခဲ့တာလဲ၊ ဘာတွေလိုအပ်ခဲ့တာလဲဆိုတာကို ဝေဖန်ဆုံးဖြတ်ပြီး positive thinking ဖြင့် ဆက်လက်ရပ်တည်သင့်ပါတယ်။

ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်ခံခြင်းဟာလည်း negative thinking တွေကို လျော့နည်းစေပါတယ်။ သူများတွေ ဘာလုပ်နိုင်တယ်၊ ဘယ်လိုအောင်မြင်တယ်ဆိုတာကို ကြည့်ပြီး ကိုယ်ကတော့ သူ့လိုမလုပ်နိုင်ဘူး၊ သူ့လို မအောင်မြင်ဘူးဆိုပြီး ကိုယ့်ကိုကိုယ် မကောင်းမြင်မယ့်အစား ကိုယ်ရဲ့ တကယ့်ဖြစ်တည်မှု၊ လုပ်နိုင်စွမ်းကို သိရှိနားလည်ပြီး အပြုသဘောဆောင်တဲ့စိတ်နဲ့ နေထိုင်သင့်ပါတယ်။

နေ့စဉ်ဘဝမှာ အပြုသဘောဆောင်တဲ့စိတ်၊ အတွေးတွေ ဖြစ်ပေါ်လာစေဖို့ နေ့စဉ်ကျင့်သုံးသင့်တဲ့အချက်ကလေးတွေကိုလည်း ပြောပြချင်ပါတယ်။ သူများတွေကို ကူညီခြင်းဟာလည်း positive thinking အတွက် အထောက်အကူပြုပါတယ်။ အကူအညီ လိုအပ်နေတဲ့သူတွေကို ကူညီပေးလိုက်တာက ကိုယ့်ရဲ့ လုပ်နိုင်စွမ်းကို သိရှိပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု တိုးစေပါတယ်။ အဲ့ဒါကြောင့် အခက်အခဲကြုံတွေ့နေသူများကိုလည်း ကိုယ်ကူညီနိုင်တဲ့အခါ ကူညီဖို့ တိုက်တွန်းချင်ပါတယ်။ ထို့အပြင် လူအများနဲ့ စကားပြောတဲ့အခါ အပြုသဘောဆောင်တဲ့စကားလုံးတွေကို ရွေးချယ်ပြောဆိုဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင် အပြုသဘောမဆောင်နေဘူးဆိုရင် ကိုယ်တွေ့ကြုံရမယ့်အရာတွေကလည်း ကောင်းမွန်တဲ့အရာတွေ ဖြစ်လာဖို့ မဖြစ်နိုင်ပါဘူး။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ လူတွေရဲ့ ပင်ကိုအကျင့်ကို ဝေဖန်နေတာထက် သူတို့ရဲ့ ပင်ကိုသဘာဝကို လက်ခံတဲ့အလေ့အကျင့်မျိုးကလည်း တဖက်သားအပေါ် negative အမြင်ထက် positive အမြင်ကို ဖြစ်ပေါ်စေပါတယ်။ လေ့ကျင့်ခန်းလုပ်တာမျိုး၊ စိတ်ငြိမ်အောင် တရားထိုင်တာမျိုးကလည်း စိတ်ကြည်လင်စေပြီး ကောင်းမွန်တဲ့အတွေးတွေကို ဖြစ်ပေါ်စေပါတယ်။

Positive thinking လို့ဆိုရမှာလည်း toxic positivity မဖြစ်ဖို့ သတိထားရပါမယ်။ Toxic positivity ဆိုတာက negative ဖြစ်စေတဲ့အရာတွေကို ရှောင်ဖယ်ပြီး နေထိုင်တာမျိုး၊ ကိုယ့်ရဲ့ negative ဖြစ်နေတဲ့ သရုပ်အမှန်ကို ဖုံးကွယ်ပြီး positive ဖြစ်နေသလို နေထိုင်တာမျိုး ဖြစ်ပါတယ်။ ကိုယ့်ကို negative person လို့ အများက ထင်မှာစိုးလို့ ကိုယ့်ရဲ့ အဆင်မပြေမှု၊ စိတ်ခံစားချက်တွေကို ဖုံးကွယ်ပြီး အဆင်ပြေသယောင် နေထိုင်စရာမလိုအပ်ပါဘူး။ ကိုယ့်ရဲ့လက်ရှိခံစားမှုကို လက်ခံပြီး အမှန်တကယ် ကောင်းမွန်တဲ့စိတ်ခံစားချက်ဖြစ်လာဖို့ ရှာဖွေသင့်ပါတယ်။ ပြီးတော့ ကိုယ့်ဆီကို negative ဖြစ်စေတဲ့ခံစားချက်တွေလာမှာစိုးလို့ ကိုယ့်ပတ်ဝန်းကျင်က အဆင်မပြေတဲ့သူတွေကို ရှောင်ဖယ်ပြီးလည်း မနေသင့်ပါဘူး။ Comfort zone/ positive zone မှာပဲနေပြီး positive ဖြစ်နေတာထက် negative zone ထဲကနေလည်း positive ကို ရှာဖွေတတ်ဖို့ လိုအပ်ပါတယ်။

ဒီနေ့ ညီမ မျှဝေပေးခဲ့တာ‌တွေကို လေ့လာပြီး အကျိုးရှိသွားမယ်လို့ မျှော်လင့်ပါတယ်ရှင့်။ အချိန်ပေး ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *