Life Style Work Style

Teamwork

မင်္ဂလာပါရှင့်။
ကျွန်မကတော့ Spiceworks Myanmar က မခင်ပွင့်ဖြူခိုင် ဖြစ်ပါတယ်ရှင့်။ ဒီတစ်ပတ်မှာတော့ Teamwork ဆိုတဲ့ ဘလော့ဂ်လေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်ရှင့်။ ကျွန်မတို့ဟာဆိုရင် နေရာတိုင်းနီးပါးမှာ အသင်းအဖွဲ့နဲ့ နေထိုင်ပြောဆို လုပ်ကိုင်ကြရပါတယ်။ တစ်ယောက်တည်း အမြဲသီးသန့်နေထိုင်လို့ မရပါဘူးရှင့်။ အိမ်မှာဆိုရင်လည်း မိသားစုနဲ့ ပြောဆို၊ သူငယ်ချင်းများနဲ့လည်း ပြောဆို၊ အလုပ်လုပ်ကိုင်တဲ့အခါမှာလည်း အလုပ်တွေကို အုပ်စုအလိုက် လုပ်ကိုင်ဆောင်ရွက်နေကြရပါတယ်။

Teamwork ဆိုတာက ဘာလဲ?
ရည်ရွယ်ချက်ပန်းတိုင်တစ်ခုတည်းကိုပဲ အောင်မြင်အောင်လုပ်ဆောင်ဖို့ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကျွမ်းကျင်မှုတွေ၊ အရည်အချင်းတွေကို စုပေါင်းပြီး ပူးပေါင်းလုပ်ဆောင်ကြတာကို ခေါ်ပါတယ်။ Teamwork မှာဆိုရင် အနည်းဆုံး လူနှစ်ဦးကနေ အများကြီးထိ ရှိနိုင်ပါတယ်။ အဖွဲ့ဝင် တစ်ဦးချင်းစီရဲ့ အားသာချက်တွေကိုလည်း ပိုမိုကောင်းမွန်လာအောင်၊ အားနည်းချက်များကို အားသာချက်ဖြစ်လာအောင် တစ်ဦးနဲ့တစ်ဦး ကူညီလမ်းညွှန်ပေးကြရပါမယ်။ အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ အသိပညာဗဟုသုတတွေကို ဝေမျှပေးခြင်း၊ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ခြင်း၊ ဖန်တီးမှုအသစ်တွေကို တီထွင်လုပ်ကိုင်ခြင်း၊ စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှု၊ ဖိအားတွေရှိခြင်း၊ စိတ်ခံစားချက်တွေ၊ အောင်မြင်မှုတွေနဲ့ ရှုံးနိမ့်မှုတွေက အမြဲ ရှိနေမှာပါ။ တစ်ကိုယ်ကောင်းဆန်မှုမရှိဘဲ နားလည်မှု၊ ယုံကြည်မှုတွေနဲ့ ရည်မှန်းချက်ပန်းတိုင်ကိုပဲ ရောက်အောင် အမြဲဦးတည်နေရပါမယ်။

Teamwork က ဘာကြောင့် လိုအပ်တယ်လို့ ထင်ပါသလဲ?
အဖွဲ့လိုက် လုပ်ဆောင်တဲ့အခါမှာ တာဝန်ယူမှုများကို အပိုင်းလိုက်အပိုင်းလိုက် စေ့စပ်သေချာစွာလုပ်ကိုင်မယ်ဆိုရင် အလုပ်တွေ မြန်ဆန်ပြီး ခရီးတွင်မှာ အသေချာပဲ ဖြစ်ပါတယ်။ တစ်ဦးချင်းစီကလည်း စိတ်ကူးစိတ်သန်းများကို ပြောပြဆွေးနွေးတိုင်ပင်ပြီး ကောင်းမွန်သော ရလဒ်ကောင်းတစ်ခုဖြစ်အောင် ဖန်တီးနိုင်ကြပါတယ်။ အခက်အခဲများကို ကြုံတွေ့လာသောအခါမှာလည်း တစ်ဦးနဲ့တစ်ဦး ဖေးမရိုင်းပင်းကူညီကြပြီး အခက်အခဲများကို ဖြေရှင်းနိုင်မှာ အမှန်ဖြစ်ပါတယ်။

Teamwork တစ်ခုမှာ လိုအပ်သော အရည်အချင်း အနည်းငယ်ကို ပြောပြပေးချင်ပါတယ်။

(၁) Communication
Communication က အလုပ်တစ်ခုမှာဆိုရင် အရမ်း အရေးပါပါတယ်။ အလုပ်တစ်ခုကို လုပ်ကိုင်တဲ့အခါမှာ အဖွဲ့ခေါင်းဆောင်အနေနဲ့လည်း မိမိအသင်းအဖွဲ့က အလုပ်တွေကို ဘယ်အခြေအနေရောက်နေပြီ၊ ဘာတွေတော့ လိုသေးလဲဆိုတာကို အမြဲဆက်သွယ်နေရပါမယ်။ မိမိအဖွဲ့ဝင်တွေကလည်း မိမိတို့ အလုပ်အခြေအနေက ဘယ်အထိတိုးတက်နေပြီ၊ ဘယ်အခြေအနေရှိနေလဲဆိုတာကို အဖွဲ့ခေါင်းဆောင်ကို ဆက်သွယ်ရသလို အဖွဲ့ဝင်အချင်းချင်းလည်း အမြဲဆက်သွယ်နေရပါမယ်။

(၂) Management
အဖွဲ့တစ်ဖွဲ့လုံးမှာလည်း အလုပ်တစ်ခုကို စတင်လုပ်ကိုင်တော့မယ်ဆိုရင် သေချာလေး စီမံခန့်ခွဲဖို့ လိုအပ်ပါတယ်။ စီမံခန့်ခွဲမှု အားနည်းမယ်ဆိုရင် အလုပ်တစ်ခုမှာ ပြီးမြောက်မှုက မိမိလိုချင်သော အချိန်ထက် နှောင့်နှေးမှု ဖြစ်လာနိုင်ပါမယ်။

(၃) Listening
အဖွဲ့ခေါင်းဆောင်ကလည်း မိမိအဖွဲ့သားတွေရဲ့ စိတ်ခံစားချက်များ၊ ကြုံတွေ့နေရတဲ့ အခက်အခဲများကို နားထောင်ပေးရပါမယ်။

(၄) Help
အဖွဲ့ဝင်တွေရဲ့ အခက်အခဲများကို နားထောင်ပေးလိုက်ရုံနဲ့ မရပါဘူး။ ကူညီပေးရပါမယ်။ ဘယ်လိုမျိုး ဆောင်ရွက်၊ ကူညီလမ်းညွှန်လိုက်ရင် သူတို့အတွက် အဆင်ပြေမလဲဆိုတာကို စဉ်းစားပေးပြီး အခက်အခဲများကို လျှော့ချပေးရပါမယ်။

(၅) Reliability
ယုံကြည်မှုတွေကလည်း တစ်ဦးနဲ့တစ်ဦး ရေရှည်တည်မြဲလုပ်ကိုင်နိုင်ဖို့ များစွာအထောက်အကူ ဖြစ်စေပါတယ်။ ယုံကြည်စိတ်ချရမှလည်း အလုပ်တွေကို စိတ်ချစွာ ခွဲဝေပေးနိုင်မှာ ဖြစ်ပါတယ်။

(၆) Respect
အဖွဲ့ဝင်တစ်ဦးစီတိုင်းဟာ တစ်ဦးနဲ့တစ်ဦး လေးစားမှုရှိရပါမယ်။ “ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား” ဆိုတဲ့ စကားပုံအတိုင်း ယဉ်ကျေးမှုများကို လိုက်နာဖို့လည်း လိုအပ်ပါတယ်။

(၇) Selfless
အဖွဲ့အစည်းတစ်ခုမှာပဲဖြစ်ဖြစ်၊ မိသားစုတစ်စုမှာပဲဖြစ်ဖြစ်၊ relationship တစ်ခုခုမှာပဲဖြစ်ဖြစ် အတ္တကြီးစွာ တစ်ကိုယ်ကောင်းဆန်လို့ မရပါဘူး။

(၈) Positive
အလုပ်လုပ်တဲ့အခါ တစ်ခါတလေ ဖိအားတွေများပြီး တချို့သောအကြောင်းအရာများကို အကောင်းမြင်တဲ့စိတ်က နည်းပါးမှု ဖြစ်လာတတ်ပါတယ်။ တစ်ဦးနဲ့တစ်ဦးလည်း အကောင်းမြင်စိတ် နည်းပါပြီး ပြဿနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။

(၉) Responsibility
မိမိလုပ်ကိုင်သော အလုပ်များကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မိမိကိုယ်တိုင် တာဝန်ယူလိုသော စိတ်ဓာတ်ရှိရပါမယ်။

Teamwork ဖြင့်လုပ်ကိုင်ခြင်းရဲ့အကျိုးကျေးဇူးများ
(၁) လုပ်ငန်းခွင်မှာ အလုပ်များကို မှန်မှန်ကန်ကန် မြန်ဆန်စွာ လုပ်ကိုင်နိုင်ပါတယ်
(၂) လုပ်ငန်းများ တစ်ခုပြီးတစ်ခု ပြီးမြောက်သောကြောင့် စီးပွားရေးဝင်ငွေများကို တိုးပွားလာစေပါတယ်
(၃) အဖွဲ့များရဲ့ များပြားလှသော စိတ်ကူးစိတ်သန်းများဖြင့် အသစ်အသစ်သော လုပ်ငန်းများကို ဖန်တီးလာနိုင်ပါတယ်
(၄) အခက်အခဲများကိုလည်း မြန်ဆန်စွာ ဖြေရှင်းနိုင်ပါတယ်
(၅) သာယာပျော်ရွှင်သော လုပ်ငန်းခွင်လည်း ဖြစ်လာပါတယ်

ကျွန်မအထက်မှာမျှဝေပေးခဲ့သော အကြောင်းအရာများက လုပ်ငန်းခွင်တစ်ခုမှာပဲ ကိုယ်စားပြု မျှဝေပေးထားတာပါရှင့်။ Teamwork ဆိုတာကတော့ နယ်ပယ်အသီးသီးမှာ ရှိတာမို့လို့ မိမိဟာဆိုရင် အဖွဲ့ဝင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားသင့်ပါတယ်လို့ ဆန္ဒပြုရင်း ဘလော့ဂ်လေးကို နှုတ်ဆက်လိုက်ပါတယ်ရှင့်။
သာယာပျော်ရွှင်သော နေ့လေးဖြစ်ပါစေရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *