Others

ပရဟိတလုပ်ခြင်းရဲ့ အကျိုးကျေးဇူး(၁၀)ရပ်

အားလုံးဘဲ မင်္ဂလာပါ။ကျွန်မ က Spiceworks Myanmar မှာ Web Designer အဖြစ်လုပ်ကိုင်နေတဲ့ မကြော့ကြော့စံ ဖြစ်ပါတယ်ရှင့်။ကျွန်မ ပြောမည့် အကြောင်းအရာလေး ကတော့  “ပရဟိတလုပ်ခြင်းရဲ့ အကျိုးကျေးဇူး(၁၀)ရပ်” ကို အသေးစိတ်ဖော်ပြပေးသွားပါမယ်ရှင့်။

“ပရဟိတလုပ်ခြင်းရဲ့ အကျိုးကျေးဇူး(၁၀)ရပ်”

ပရဟိတဆိုတာ သူတစ်ပါးအကျိုးကို ဆောင်ရွက်ခြင်းပါ။ ဒါပေမယ့် အဲ့ဒီလို လုပ်နေတဲ့တစ်ချိန်တည်းမှာပဲ ကိုယ့်အတွက်လည်း အကျိုးရှိစေပါတယ်။ ပရဟိတအဖွဲ့တခုခုမှာ လုပ်ဖူးသူ၊ လုပ်နေသူ၊ တစ်နည်းအားဖြင့် ပရဟိတသမားတစ်ယောက်နဲ့ လုပ်ငန်းခွင်မှာ အတူတွဲလုပ်ရတာဟာ သာမန်လူထက်စာရင် ပိုအဆင်ပြေတတ်တာကို သတိထားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရဟိတအလုပ်က ဒီလိုအကျိုးကျေးဇူးတွေ ရစေခဲ့လို့ပါပဲ။

၁။ အပင်ပန်းခံနိုင်လာခြင်း

ပရဟိတအလုပ်အားလုံးနီးပါးဟာ လိုအပ်တဲ့နေရာတွေ၊ ဆင်းရဲတဲ့နေရာတွေမှာ လုပ်ရတာ ဖြစ်ပါတယ်။ အဲဒီနေရာကို သွားပြီဆိုကတည်းက သက်သောင့်သက်သာတော့ မရှိပါဘူး။ ဝေးလံသီခေါင်တဲ့ ဒေသတွေဆို ပိုလို့တောင်မှ ပင်ပန်းပါသေးတယ်။ ဒီလိုပရဟိတခရီးတွေ အသွားများလာတဲ့အခါမှာ လူက အပင်ပန်းခံနိုင်လာတယ်။ ဒေါင်ကျကျ ပြားကျကျ နေတတ်လာတယ်။ ဟိုဟာရှိမှ၊ ဒီဟာရှိမှ ဆိုတာမျိုးတွေ မဖြစ်တော့ဘူး။ အလုပ်ထဲရောက်တော့လည်း တော်ရုံပင်ပန်းမှုလောက်ကို စာမဖွဲ့တော့ဘူး။ ကိစ္စနည်းနည်းနဲ့ အလုပ်ဖြစ်အောင် လုပ်တတ်လာတယ်။

၂။ ဒုက္ခတွေကို သိလာခြင်း

လူတိုင်းမှာ ဒုက္ခကိုယ်စီ ရှိကြပါတယ်။ ဒါပေမယ့် ကိုယ့်ဒုက္ခမှအကြီးကြီး ထင်တတ်ကြတာက လူ့သဘာဝပါပဲ။ ဒီအတွက် စိတ်ဓါတ်တွေကျတယ်၊ စိတ်တွေဖိစီးတယ်။ ခုလို ပရဟိတအနေနဲ့ ဆင်းရဲတဲ့သူတွေ၊ နိမ့်ကျတဲ့သူတွေဆီ သွားကြည့်လိုက်တဲ့အခါမှာတော့ ကိုယ်ကြုံနေရတဲ့ဒုက္ခဟာ သူတို့နဲ့ယှဉ်ရင် ဘာမှမဟုတ်ပါလား ဆိုတာကို သဘောပေါက်လာတယ်။ ကိုယ်ကမှ ရှေ့လျှောက် ဘာဆက်လုပ်ရမယ်မှန်း မသိတာ၊ သူတို့အတွက်က မနက်ဖြန်ဆိုတာတောင် မသေချာဘူး။ အနည်းဆုံးတော့ ကိုယ်တစ်ယောက်တည်း ဒုက္ခရှိတာ မဟုတ်ဘူးဆိုတဲ့အမြင်မျိုး ရလာတယ်။ ဒီအခါမှာ ကိုယ်ကြုံနေရတဲ့ ပြဿနာတွေ၊ စိတ်ဒုက္ခတွေကို ရင်ဆိုင်ဖို့အတွက် ခွန်အားတွေ ရလာပါတယ်။

၃။ စီမံခန့်ခွဲမှုစွမ်းရည်များ ရလာခြင်း

ဘယ်အလုပ်ပဲလုပ်လုပ် စီမံခန့်ခွဲမှုဟာ လိုအပ်ပါတယ်။ ပရဟိတအလုပ်တွေဆိုလည်း တကယ်သာ ထိထိရောက်ရောက် လုပ်ချင်ရင် စီမံခန့်ခွဲတတ်ဖို့ လိုတယ်။ ဒါကြောင့် ကျောင်းပြီးစ၊ အလုပ်ဝင်တော့မယ့် လူငယ်တွေဆို ပရဟိတအဖွဲ့တွေမှာ ဝင်လုပ်ခြင်းအားဖြင့် စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုတို့နဲ့ ပတ်သက်တဲ့ အတွေ့အကြုံကောင်းတွေ ရလာနိုင်တယ်။ လက်တွေ့သင်ယူလို့လည်း ရမယ်။ အဲဒီအတွေ့အကြုံတွေက ကိုယ်တကယ်အလုပ်ခွင်ထဲ ရောက်တဲ့အခါမှာလည်း သိပ်အဖိုးတန်ပါလိမ့်မယ်။

၄။ လူတွေနှင့် တွဲဖက်အလုပ်လုပ်နိုင်စွမ်းများ ရှိလာခြင်း

လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ Skill ကို (၃)ဆင့်ခွဲလို့ရပါတယ်။ Technical skill ၊ Human skill နဲ့ Conceptual skill တို့ဖြစ်ပါတယ်။လူတွေနဲ့ တွဲဖက်အလုပ်လုပ်နိုင်တာ၊ ဦးဆောင်နိုင်တာ၊ စည်းရုံးလှုံ့ဆော်နိုင်တာ၊ ညှိနှိုင်းဆောင်ရွက်တတ်တာ၊ စီမံခန့်ခွဲနိုင်တာ၊ ဒီလိုအရည်အသွေးမျိုးတွေကို ခေါ်တာဖြစ်ပါတယ်။

ပရဟိတလုပ်နေကြတယ် ဆိုပေမယ့် လူတိုင်းဟာ တူညီနေကြတာ မဟုတ်ပါဘူး။ သည်းခံတဲ့အခါ သည်းခံရတယ်။ ပြတ်သားသင့်တဲ့အခါ ပြတ်သားရတယ်။ စည်းရုံးဖို့လိုတဲ့အခါ စည်းရုံးရတယ်။

၅။ လူမှုရေးကွန်ရက် ကျယ်လာခြင်း

ဒီနေ့ခေတ်မှာ လူမှုအရင်းအနှီးလို့ခေါ်တဲ့ Social capital ကလည်း အောင်မြင်ဖို့အတွက် အရေးကြီးလိုအပ်ချက်တစ်ခုအဖြစ် ပြောလာကြပါပြီ။ များသောအားဖြင့် ကျွန်တော်တို့ဟာ ကိုယ့်ပရော်ဖက်ရှင်ထဲက လူအချင်းချင်းလောက်သာ သိကြပါတယ်။ တကယ်တော့ ဥပဒေ၊ စီးပွါးရေး၊ ကျန်းမာရေး၊ အနုပညာရှင် စသဖြင့် ကိုယ့်အသိအကျွမ်းတွေ စုံစုံလင်လင် ရှိမယ်၊ ကိုယ့် Social network က ကျယ်ကျယ်ပြန့်ပြန့် ရှိမယ်ဆိုရင် အကူအညီလိုတဲ့အခါ၊ ချိတ်ဆက်ဖို့လိုတဲ့အခါတွေမှာ လွယ်လွယ်ကူကူပဲ လုပ်နိုင်ပါလိမ့်မယ်။ အဲဒီလို ကျယ်ပြန့်တဲ့ လူမှုရေးကွန်ရက်တစ်ခုကို ပရဟိတလုပ်ရင်း ရနိုင်ပါတယ်။

၆။ ဥပေက္ခာပြုတတ်လာခြင်း

ဥပေက္ခာဆိုတာ အလုပ်တစ်ခုကို ဘာမျှော်လင့်ချက်မှ မထားဘဲ အကောင်းဆုံးလုပ်ဆောင်တာကို ခေါ်တာပါ။ စိတ်ငြိမ်းချမ်းဖို့အတွက် သိပ်အရေးကြီးတဲ့ ဗြဟ္မစိုရ်တရားဖြစ်သလို၊ ဘဝအောင်မြင်မှုအတွက်လည်း အရေးကြီးပါတယ်။ ဥပေက္ခာမပြုနိုင်ဘဲ လူတကာရဲ့ ဝေဖန်ကဲ့ရဲ့မှုတွေ၊ ထင်မြင်ယူဆချက်ကြားမှာ ကိုယ့်လမ်းကိုယ်ဖြောင့်ဖြောင့်တန်းတန်း ရှေ့ဆက်လို့ရမယ် မဟုတ်ပါဘူး။

၇။ ခံယူချက် မှန်လာခြင်း

လူတစ်ယောက်မှာ Attitude ဆိုတဲ့ ခံယူချက်မှန်ဖို့ဟာ သိပ်အရေးကြီးပါတယ်။ မိဘဆင်းရဲတာချင်း အတူတူပေမယ့် တစ်ယောက်က ခိုးဆိုးလုယက်တဲ့သူ ဖြစ်သွားတယ်၊ နောက်တစ်ယောက်က ပညာနဲ့ ဆင်းရဲတွင်းထဲက ရုန်းထွက်တယ်။ ဘာကွာသွားတာလဲဆိုရင် ခံယူချက်ကွာသွားတာပါပဲ။

ပရဟိတခရီးတစ်ခုဟာ ဘယ်လောက်ပဲ ကြိုတင်စီစဉ်ထားပါစေ၊ လွဲတတ်ချော်တတ်တယ်၊ မထင်မှတ်ဘဲ အချိန်တွေကြာကုန်တယ်၊ ပစ္စည်းတွေလေလွင့်တယ်။ လက်တွေ့မှာလည်း အောင်မြင်မှုဆီ သွားရာလမ်းဆိုတာ ဒီလိုပဲ၊ မမျှော်လင့်ထားတာတွေနဲ့ ပြည့်နှက်နေတာ။ ဒီအခါမှာ မထင်မှတ်ဘဲ ဖြစ်လာတဲ့ ပြဿနာတွေကို အကောင်းမြင်စိတ်နဲ့ ကျော်လွှားတတ်တဲ့ အလေ့အကျင့်က သိပ်အရေးကြီးလာပါတယ်။ အဲဒီအလေ့အကျင့်၊ အဲဒီ Mindset ကို ပရဟိတခရီးတွေကတစ်ဆင့် တဖြည်းဖြည်း တည်ဆောက်ယူနိုင်ပါတယ်။

၈။ တူသောအကျိုးပေးခြင်း

ဒါကတော့ ဘာသာရေးယုံကြည်ချက်နဲ့ ဆိုင်ပါတယ်။ ဗုဒ္ဓဘာသာက ကံကံ၏အကျိုးကို ယုံကြည်ပါတယ်။ ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ပေါ့။ ခုလိုမျိုး သူတစ်ပါးအဆင်ပြေအောင် စေတနာသန့်သန့်နဲ့ ကူညီထားသူတွေဟာ ကိုယ်ကိုယ်တိုင် ဒုက္ခတွေ့တဲ့အခါ၊ အခက်အခဲ ဖြစ်တဲ့အခါမှာလည်း ကူညီမယ့်သူ တစ်ယောက်မဟုတ်တစ်ယောက် အမြဲပေါ်တတ်ပါတယ်။

၉။ ဘဝအဓိပ္ပါယ် ရှိလာခြင်း

လူသားတွေပဲဖြစ်တာမို့ပျော်ကြပါးကြတယ်။ ဒါ မဆန်းပါဘူး။ ဒါပေမယ့် အဲဒီလိုပျော်ပြီးတိုင်းမှာ စဉ်းစားကြည့်ပါ။ ပျော်လိုက်တာပဲ ရှိတယ်၊ ငါတော့ လူဖြစ်ရကျိုးနပ်တယ် ဆိုတဲ့ပီတိမျိုး မခံစားရပါဘူး။ ပရဟိတလုပ်ပြီးတိုင်းမှာတော့ အဲဒီပီတိကို ခံစားရပါတယ်။ ကိုယ့်ကြောင့် ကြီးကြီးမားမား ဖြစ်မလာတောင် ဒီအသိုင်းအဝိုင်းတစ်ခုအတွက် ငါ လုပ်ပေးနိုင်ခဲ့ပြီ ဆိုတဲ့ ခံစားမှုဟာ ဘာနဲ့မှမတူပါဘူး။ ရေးပြလို့လည်း မရဘူး။ ခံစားဖူးတဲ့သူတွေသာ သိနိုင်တဲ့အရာမျိုးပါ။

၁၀။ လုပ်ငန်းခွင်တွင် အောင်မြင်လာခြင်း

အပေါ်မှာ ပြောခဲ့တဲ့ လူတွေနဲ့ တွဲဖက်အလုပ်လုပ်နိုင်စွမ်း၊ အကောင်းမြင်စိတ်၊ အပင်ပန်းခံနိုင်လာခြင်း၊ Social network ကျယ်လာခြင်း စတဲ့ အရည်အသွေးတွေ ရှိထားတဲ့ လူတစ်ယောက်ဟာ လုပ်ငန်းခွင်မှာလည်း အောင်မြင်မှု ရလာတော့မှာ မဆန်းပါဘူး။ အလုပ်ခွင်မှာဆိုလည်း သူတို့ဟာ ဘယ်သူ့ကို ဘယ်လိုကူညီရမလဲ စဉ်းစားကြတယ်၊ သူတို့ကြောင့် လူတွေအဆင်ပြေသွားစေဖို့ပဲ လိုချင်ကြတယ်။ ဒီတော့ လူချစ်လူခင်လည်း များတာပေါ့။

ဒါကြောင့်မို့ ဘဝက အဓိပ္ပါယ်မရှိသလို ခံစားနေရရင်၊ စိတ်ဓါတ်ကျနေရင်၊ ဆယ်တန်းအောင်ပြီးစ၊ ဘွဲ့ရပြီးစ လူငယ်တွေ ဘာလုပ်ရမှန်းမသိ ဖြစ်နေရင် တစ်ခုပဲ အကြံပေးလိုပါတယ်။ ဘာလဲဆိုတော့ ပရဟိတတစ်ဖွဲ့ဖွဲ့ထဲ ဝင်လုပ်လိုက်ပါ ဆိုတာပါပဲ။

Reference: Dr.PTO

Hello

Leave a Reply

Your email address will not be published. Required fields are marked *