Others

Basic Knowledge of Social Security Board (SSB) – Part (1)

မင်္ဂလာပါရှင့်။

ကျွန်မကတော့ Spiceworks Myanmar ကုမ္ပဏီတွင် Administration Assistant Position ဖြင့် ဝင်ရောက် အလုပ်လုပ်ကိုင်နေသော မလဲ့ရည်ဖြိုး ဖြစ်ပါတယ်ရှင့်။ ကျွန်မတို့ Spiceworks Myanmar ကုမ္ပဏီသည် Web Design & Development Production Company တစ်ခုဖြစ်ပြီး Japan & Myanmar Company တစ်ခု ဖြစ်ပါတယ်။ ထို့ပြင် ကျွန်မတို့ Spiceworks Myanmar ကုမ္ပဏီတွင် Design Team နှင့် System Team အပြင် Internal Team များအဖြစ် HR Team, Maintenance Team, Education Team နှင့် Marketing Team ဟူ၍ အဖွဲ့အစည်း (၄) ခု ဖြင့် ဖွဲ့စည်းထားတာကြောင့် ယခုလက်ရှိမှာတော့ ကျွန်မက HR Team ၏ Team Leader တစ်ဦးအဖြစ်လည်း တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်မတို့ Spiceworks Myanmar ကုမ္ပဏီမှာဆိုရင် တစ်ဦးတစ်ယောက်ချင်းစီက ရေးသားထားသော Blog များကိုအပတ်စဉ်တိုင်း မျှဝေပေးလေ့ရှိတာကြောင့် ကျွန်မတို့ Spiceworks Myanmar Website သို့မဟုတ် Spiceworks Myanmar Facebook Page တွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။  ဒီတစ်ပတ်မှာ ရေးသားမျှဝေပေးချင်တဲ့ အကြောင်းအရာလေးကတော့ လုပ်ငန်းရှင်တိုင်း၊ ဝန်ထမ်းတိုင်း အခြေခံအားဖြင့် သိရှိထားသင့်သော SSB ဆိုင်ရာ အကြောင်းအရာကို Basic Knowledge of Social Security Board (SSB) ခေါင်းစဉ်ဖြင့် ကျွန်မ သိရှိလေ့လာမှတ်သားထားရသလောက် ပြန်လည်ရေးသားမျှဝေပေးချင်ပါတယ်။

SSB လို့ ပြောလိုက်ရင် အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် လူမှုဖူလုံရေးစနစ်နှင့် အကျိုးခံစားခွင့်များအတွက် မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များတွင် ပါရှိသော လူမှုဖူလုံရေး ဥပဒေနှင့်သက်ဆိုင်သော လုပ်ငန်းဌာနတစ်ခုခုတွင် လုပ်ကိုင်လျက်ရှိပြီး လူမှုဖူလုံရေးရုံးများတွင် မှတ်ပုံတင်ပြီး အာမခံထားရှိသော တော်တော်များများသော လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေအနေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါရှင့်။ တချို့သော မသိသေးသောသူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ထို့ကြောင့် ပထမဆုံးအနေနဲ့ ကျွန်မက ဘယ်လို လုပ်ငန်းတွေက လူမှုဖူလုံရေး ဥပဒေနှင့်သက်ဆိုင်သော လုပ်ငန်းဌာနများ ဖြစ်မလဲ ဆိုတာ အရင်ဦးဆုံး ပြောပြပေးချင်ပါတယ်။
(၁) စီးပွားရေး လုပ်ငန်းလုပ်ကိုင်သော စက်မှုလက်မှု အလုပ်ဌာနများ၊ ပစ္စည်းထုတ်လုပ်မှု၊ ပြုပြင်မှု၊ ဝန်ဆောင်မှုလုပ်ငန်း များ သို့မဟုတ် အင်ဂျင်နီယာလုပ်ငန်းများ၊ အလုပ်ရုံများ၊ သိုလှောင်ရုံများ၊ အလုပ်ခန့်ထားမှု သဘောတူညီချက်ဖြင့် တစ်နှစ်နှင့်အထက် လုပ်ကိုင်သော ဆောက်လုပ်ရေး လုပ်ငန်းများ၊

(၂) စီးပွားရေးလုပ်ငန်းလုပ်ကိုင်သော အစိုးရဌာနနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊စည်ပင်သာယာရေး အဖွဲ့အစည်းများ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ဆိုင်များ၊ ကုန်သွယ်ရေးအလုပ်ဌာနများ၊ အများပြည်သူဖျော်ဖြေရေး အလုပ်ဌာနများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊

(၃) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့်ဖြစ်စေ၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့်ဖြစ်စေ လုပ်ကိုင်သော လုပ်ငန်းများနှင့် ဖက်စပ်လုပ်ငန်းများ၊ တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ သတ္တုတွင်းနှင့် ကျောက်မျက်ရတနာဆိုင်ရာ လုပ်ငန်းများ၊ ဆိပ်ကမ်းများ တို့ဖြစ်ပါတယ်။

ထို့ပြင် လူမှုဖူလုံရေး ဥပဒေနှင့်သက်ဆိုင်သော လုပ်ငန်းဌာနများရှိသလို လူမှုဖူလုံရေး ဥပဒေနှင့်မသက်ဆိုင်သော လုပ်ငန်းဌာနများလည်း ရှိပါတယ်။
(၁) စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်းမရှိသော အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ သို့မဟုတ် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံခြားအစိုးရ၏ သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများ၊

(၂) ရာသီအလိုက် လုပ်ကိုင်သော စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းများ၊ သုံးလအောက်နည်းသည့် ကာလအတွက်သာ အလုပ်လုပ်ကိုင်သည့် လုပ်ငန်းဌာနများ၊ အလုပ်သမားမပါရှိဘဲ မိမိ၏ မိသားစုဖြင့်သာ လုပ်ကိုင်သော ကိုယ်ပိုင်လုပ်ငန်းဌာနများ၊ စီးပွားရေးလုပ်ငန်းအတွက် မဟုတ်သော အိမ်တွင်းဝန်ဆောင်မှုလုပ်ငန်းများ၊
(၃) ပျံကျလမ်းဘေး ဈေးသည်နှင့် စက်ဘီး၊ တွန်းလှည်းစသည်များဖြင့် လှည့်လည်ရောင်းချသူများ။ ရံဖန်ရံခါ အလုပ်လုပ်ခိုင်းသည့် နေ့စား၊ အချိန်ပိုင်း၊ ပုတ်ပြတ် သို့မဟုတ် ပြင်ပအလုပ်သမားများ၊

(၄) ပုဒ်မ ၉၉ အရ ကင်းလွတ်ခွင့် ပြုထားသည့် လုပ်ငန်းဌာနများ၊

(၅) တည်ဆဲဥပဒေအရ အလုပ်လုပ်ကိုင်ခွင့်ရှိသော အသက်မပြည့်သေးသည့် အလုပ်သမားများနှင့် ပုဒ်မ ၃၄ အရ သက်ပြည့် အငြိမ်းစားယူခွင့်ရှိသည့် အသက်ပြည့်သည့် အလုပ်သမားများ တို့ ဖြစ်ပါတယ်။ လူမှုဖူလုံရေး ဥပဒေနှင့်သက်ဆိုင်သော လုပ်ငန်းဌာနများ၊ မသက်ဆိုင်သော လုပ်ငန်းဌာနများကို သိရှိသွားကြပြီဆိုတော့ ဆက်လက်၍ ကျွန်မတို့ လတိုင်းလစာဝင်ငွေရဲ့  SSB ကြေး ၂ % စီသွင်းနေကြတဲ့ SSB ( Social Security Board) ဆိုတာ ဘာလဲ? ဆိုတာ မျှဝေပေးချင်ပါတယ်။

SSB ( Social Security Board) ဆိုတာဘာလဲ? ဆိုရင် ကျွန်မတို့  ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅ အရ ပြဌာန်းထားခဲ့ပြီးတော့ လူမှုဖူလုံရေးဥပဒေ ပုဒ်မ ၁၀၅ အရ ဖွဲ့စည်းခဲ့သော အဖွဲ့အစည်းတစ်ခု၊ ထိုလူမှုဖူလုံရေးရုံးတွင် မှတ်ပုံတင်ပြီး အာမခံထားရှိသော အလုပ်သမားများ၊ အာမခံထားရန် တာဝန်ရှိသော အလုပ်များ ထိုဥပဒေနှင့် သက်ဆိုင်သောလုပ်ငန်းဌာနများကို လူမှုဖူလုံရေးစနစ်နှင့် အကျိုးခံစားခွင့်များအတွက် လူမှုရေးအရ ဝန်ဆောင်မှုပေးသော အဖွဲ့အစည်းတစ်ခု၊ လူမှုဖူလုံရေးဥပဒေတစ်ခုဖြစ်ပါတယ်။

လူမှုဖူလုံရေး အာမခံစိစစ်ရေးကတ်ပြားဆိုတာကတော့ အဆိုပါ ဥပဒေနှင့်အညီ အာမခံထားသူဖြစ်ကြောင်းကို သက်ဆိုင်ရာလူမှုဖူလုံရေးရုံးက ထုတ်ပေးတဲ့သက်သေခံကတ်ပြား ဖြစ်ပြီး အစိုးရအနေနဲ့ လူမှုဖူလုံရေးအာမခံမထားမနေရ လုပ်ငန်းဌာနများကို သတ်မှတ်အကြောင်းကြားထားပြီးတော့ လူမှုဖူလုံရေးထည့်ဝင်ကြေးအာမခံရန်ပုံငွေအတွက်ဆိုရင်လည်း အလုပ်သမားများနှင့် အလုပ်ရှင်က ရရှိတဲ့လစာဝင်ငွေအပေါ်မှာ အချိုးကျတွက်ချက်ပြီးတဲ့ငွေပမာဏကို လစဉ်လတိုင်း ထည့်သွင်းပေးရပါတယ်။ ၃ သိန်းထက်မပိုတဲ့ လစာဝင်ငွေတွေကိုတော့ အလုပ်သမားဆီကနေ အာမခံရန်ပုံငွေ ၂ % နုတ်ယူပြီး အလုပ်ရှင်ဘက်မှ ၃ % စုစုပေါင်း ၅ %ပေးဆောင်ရပါတယ်။

လူမှုဖူလုံရေးအာမခံကတ် (Smart Card) ကိုလျှောက်ထားစဉ်ကာလမှာတော့ ယာယီကတ်ပြားထုတ်ပေးမှာဖြစ်ပါတယ်။ ဒီယာယီကတ်ပြားက Smart Card မရခင်မှာ သုံးစွဲရန်ဖြစ်ပြီး Smart Card မရသေးခင်မှာ ဒီယာယီကတ်နဲ့လည်း ခံစားခွင့်တွေ ရရှိနိုင်ပါတယ်။
ဆက်လက်၍ လူမှုဖူလုံရေးအာမခံစနစ် အကြောင်းကို မျှဝေပေးချင်ပါတယ်။
လူမှုဖူလုံရေးအာမခံစနစ်တွင် အောက်ပါ အာမခံစနစ်များ ပါဝင်ပါတယ်။
(၁) ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်
(၂) မိသားစု ထောက်ပံ့မှု အာမခံစနစ်
(၃) အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် အာမခံစနစ်
(၄) အလုပ်လက်မဲ့ အကျိုးခံစားခွင့် အာမခံစနစ် နှင့်
(၅) အခြားလူမှုဖူလုံရေးစနစ်များ ဖြစ်ပါတယ်။ ဆက်လက်၍ ထိုလူမှုဖူလုံရေးအာမခံစနစ်အသီးသီးတွင် ဘယ်လို အကျိုးခံစားခွင့်တွေ ပါဝင်မလဲဆိုတာ ဆက်လက် မျှဝေပေးသွားချင်ပါတယ်။

ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်
(၁) မကျန်းမာမှုအတွက် ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့်များ
(၂) ကိုယ်ဝန်ဆောင်မှုနှင့် မီးဖွားမှုအတွက် ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့်
(၃) အာမခံထားသူများ အငြိမ်းစားယူပြီးနောက် ဆေးဝါးကုသမှုဆက်လက်ခံယူခွင့်
(၄) မည်သည့် အကြောင်းကြောင့်မဆို သေဆုံးမှုအတွက် နာရေးစရိတ် ခံစားခွင့် တို့ပါဝင်ပါတယ်။

မိသားစု ထောက်ပံ့မှု အာမခံစနစ်
(၁) သတ်မှတ်ထားသော ဝင်ငွေပမာဏအောက် နည်းသည့်အာမခံထားသူ၏ ပညာသင်ကြားနေသော သားသမီးများအတွက် ပညာသင်စရိတ်ခံစားခွင့်
(၂) သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့်အခါ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်
(၃) မှီခိုသူမိသားစုအတွက် သင့်လျော်သော အကျိုးခံစားခွင့် တို့ပါဝင်ပါတယ်။

အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် အာမခံစနစ်
(၁) အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှု အကျိုးခံစားခွင့်
(၂) သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်
(၃) အလုပ်ကို အကြောင်းပြု၍ မဟုတ်ဘဲ သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် တို့ပါဝင်ပါတယ်။

အလုပ်လက်မဲ့ အကျိုးခံစားခွင့် အာမခံစနစ်
(၁) အလုပ်လက်မဲ့ အကျိုးခံစားခွင့် ရှိသူများအား ကျန်းမာရေးစောင့်ရှောက်ခွင့်
(၂) လုပ်ငန်းခွင်မှ အလုပ်လက်မဲ့ ဖြစ်မှုအတွက် ငွေကြေးအကျိုးခံစားခွင့် တို့ပါဝင်ပါတယ်။

အခြားလူမှုဖူလုံရေးစနစ်
(၁) အိမ်ရာစီမံကိန်းများဖြင့် ထူထောင်ထားသည့် လူမှုဖူလုံရေးအိမ်ရာများတွင် အာမခံထားသူများအား သတ်မှတ်ချက် များနှင့်အညီ နေထိုင်ခွင့်၊ ငှားရမ်းနေထိုင်ခွင့်၊ ဝယ်ယူခွင့်၊ ပိုင်ဆိုင်ခွင့် သို့မဟုတ် အသုံးပြုခွင့်
(၂) အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြု ချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍သတ်မှတ်သော မှတ်ပုံမတင်မနေရ မှတ်ပုံတင်ပြီး ထည့်ဝင်ကြေး ငွေပေးသွင်းရမည့် လူမှုဖူလုံရေးစနစ် သို့မဟုတ် မိမိတို့၏ဆန္ဒအလျောက် ထည့်ဝင်နိုင်သည့် အခြားလူမှုဖူလုံရေးစနစ်များ ပါဝင်ပါတယ် ဆိုတဲ့အကြောင်း ရေးသားမျှဝေရင်းနဲ့ ယခု Blog လေးကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။ နောက်တစ်ပတ်မှာတော့ အပိုင်း (၂) ကို ဆက်လက်မျှဝေသွားပါဦးမယ်ရှင့်။

ကျွန်မသိထားသလောက် မျှဝေပေးလိုက်သော SSB အကြောင်း Blog ကို ဖတ်ရှုလိုက်ရလို့ အကျိုးတစ်စုံတစ်ရာမရရင်တောင်မှ ဗဟုသုတ အနည်းငယ်မျှ ရပါတယ်လို့ ဆိုနိုင်ရင်ဖြင့် ‌ရေးသားမျှဝေရကျိုးနပ်ပါပြီ။

Hello

Leave a Reply

Your email address will not be published. Required fields are marked *