Life Style Others Work Style

Benefits of learning a language

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ Spiceworks Myanmar မှ ညီညီဇော် ဖြစ်ပါတယ်။ ဒီနေ့ကတော့ ဘာသာစကား တစ်ခု သင်ယူတာနဲ့ ပတ်သက်ပြီး ရရှိလာမယ့်အရာတွေကို ပြောပြပေးသွားပါမယ်ခင်ဗျ။
ဘာသာစကား သင်ယူရာမှာ တစ်ယောက်နဲ့ တစ်ယောက် ရည်ရွယ်ချက် မတူကြပါဘူး။ ဝါသနာပါလို့၊ စိတ်ဝင်စားလို့၊ နိုင်ငံရပ်ခြားမှာ ကျောင်းသွားတတ်ဖို့၊ လုပ်ငန်းလိုအပ်ချက်ကြောင့်ဖြစ်ဖြစ်၊ ဘာသာစကား အသစ် တစ်ခုခုကို ရည်ရွယ်ချက် ကိုယ်စီနဲ့ သင်ကြပါတယ်။ အဲ့ဒီ ရည်ရွယ်ချက်တွေကလည်း ခေတ်နဲ့ လိုက်ပြီး ပြောင်းလဲတယ်လို့ ထင်ပါတယ်။

ဘာသာစကား အသစ် တစ်ခု မသင်ခင် မိမိကိုယ်ကို မေးရမည့် အကြောင်းအရာ တချို့ကို ပြောပြပါမယ်။
ဘာသာစကား သင်တဲ့သူက မသင်တဲ့သူထက် ရတဲ့ အချိန်က နည်းတတ်ပါတယ်။ အထူးသဖြင့် အလုပ်လုပ်ပြီး အချိန်ဇယားတွေနဲ့ သင်ကြရတဲ့သူတွေဆိုရင် ပိုသိသာပါတယ်။ ရတဲ့ အချိန်နည်းတဲ့အတွက် လွတ်လပ်မှုလည်း မရှိတော့တဲ့ အဖြစ်တွေ ကြုံတွေ့ရတတ်ပါတယ်။ အဲ့ဒါကြောင့် မို့ ဘာသာစကား အသစ် တစ်ခု မသင်ခင် မိမိကိုယ်ကို မေးသင့်တာက အချိန်ပေးနိုင်လား ဆိုတာပါ။ နောက်တစ်ခုက ငွေကြေးပါ။ ခုခေတ်မှာ ဘာသာစကား သင်တာက free သင်လို့ရတဲ့ social media, website platforms တွေအများကြီးရှိပေမယ့် တကယ်လက်တွေ့ သင်တဲ့အခါ ထင်သလောက် ထိရောက်မှုရှိတာက နည်းပါတယ်။ ဒါကြောင့်မို့ ထိရောက်မှု ပိုမိုရရှိရန် အထောက်အကူပြုစာအုပ်၊ သင်ထောက်ကူပစ္စည်း ဝယ်ရတာတွေ၊ သင်တန်းတွေ တက်ရတာတွေ ရှိပါတယ်။ အဲ့ဒါကြောင့် ဘာသာစကား တစ်ခုသင်တဲ့အခါလည်း အခက်အခဲတစ်ခု အနေနဲ့ ကြုံတွေ့ရတာကလည်း ငွေကြေး ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာဖြစ်ပါလိမ့်မယ်။ ဘာသာစကား အသစ် တစ်ခု သင်နေရင်းနဲ့ ထင်သလောက် ရောက်မလာတာတွေ၊ ကြိုးစားသလောက် ဖြစ်မလာတာတွေကို ကြုံတွေ့ရတတ်ပါတယ်။ အဲ့အခါ ကျရင် စိတ်အဆင်မပြေမှုတွေ၊ လက်လျှော့ချင်မှုတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် ဘာသာစကား မသင်ယူခင်ကတည်းက စိတ်ပိုင်းဆိုင်ရာ အခက်အခဲများလည်း ရှိလာနိုင်ကြောင်း ဆိုတာကို သိထားရမယ်လို့ ထင်ပါတယ်။

ဘာသာစကား သင်ယူတယ်ဆိုတာက ရေးတာ၊ ဖတ်တာ အပြင် အပြောအဆို အရာအားလုံးကို တန်းတူ တတ်မြောက်ဖို့ဆိုတာက လွယ်ကူတဲ့ အရာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်သင်ချင်တဲ့ ဘာသာစကားကို စိတ်ဝင်တစားနဲ့၊ ပေါ့ပေါ့ပါးပါးနဲ့ သင်ယူတတ်မြောက်နိုင်ဖို့ အောက်ကနည်းလမ်းလေးတွေက အထောက်အကူပြုမယ်လို့ ထင်ပါတယ်။

ရည်ရွယ်ချက်ထားရှိပါ။
ဘာသာစကား အသစ်ကို သင်တာက ရှည်လျားတဲ့ ခရီးရှည်တစ်ခုကို သွားရတာနဲ့တူပါတယ်။
အမြဲတမ်း သင်ယူရနေရပြီး အဆင်မပြေတာလေးတွေ ရှိတဲ့အခါ သင်ယူလေ့လာနေရင်း နဲ့ ရပ်လိုက်ချင်တတ်ကြပါတယ်။ ဒီလို မဖြစ်စေဖို့ အစကတည်းက ဒီဘာသာစကားကို ဘယ်လိုရည်ရွယ်ချက်နဲ့ သင်ယူတယ်၊
ဒီဘာသာစကားက ကိုယ့်ဘဝအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကို အမြဲသတိတရနဲ့ ကြိုးစားနေမယ်ဆိုရင် ‌စိတ်ဝင်စားမှုကောင်းလာပြီး ဖြည်းဖြည်းမှန်မှန်နဲ့ ကြိုးစားပါက ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်နိုင်မှာပါ။

ဖြည်းဖြည်းမှန်မှန် ကြိုးစားသွားပါ။
အပေါ်မှာ ပြောခဲ့သလိုပါဘဲ ရှည်လျားတဲ့ ခရီးသွားရတာဖြစ်တဲ့အတွက် ဇွဲရှိဖို့ လိုအပ်ပါတယ်။ စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ သင်ယူလေ့လာရင်း နေ့စဥ် ကိုယ်မှတ်ယူလေ့လာနိုင်သလောက်ကို မဖြစ်မနေ နည်းနည်းချင်းစီ သင်ယူတာမျိုး လုပ်သင့်ပါတယ်။ အချိန်တစ်ခု ရောက်တဲ့အခါ လျှောက်လာတဲ့ လမ်းခရီးကလည်း မိမိ မသိလိုက်ခင်မှာ ခရီးအတော်အသင့် ရောက်ရှိနေပါလိမ့်မယ်။

အချိန်ကို စီမံပါ။
ဘာသာစကား တစ်ခု သင်ယူနေတဲ့ အချိန်မှာ အချိန်စီမံပြီး သင်ယူလေ့လာမှုကလည်း ထိရောက်တဲ့ အရေးပါမှုတစ်ခုဖြစ်ပါတယ်။ ဒီနေ့ လေ့လာမယ်လို့ တွေးထားတဲ့ သင်ခန်းစာကို အချိန်မပေးနိုင်လို့၊ မပေးချင်လို့ နောက်နေ့ ရွေ့လိုက်ခြင်းက သင်ယူလေ့လာနေသူရဲ့ ခရီးကို နှောင့်ယှက်တဲ့ အပြုအမှု တစ်ခုဖြစ်ပါတယ်။ အဲ့လို ရွေ့ခြင်းအားဖြင့် အချိန်ကြာရင် မလေ့လာချင်တဲ့ စိတ်တွေက ကြီးလာတတ်တဲ့အတွက် အချိန်စီမံပြီး သတ်မှတ်ထားတဲ့ schedule အတိုင်း လေ့လာရန် လိုအပ်ပါတယ်။

မိတ်ဆွေ ရှာပါ။
ဘာသာစကား သင်ယူတဲ့အခါ အရေး၊ ဖတ်တတ်ရုံနဲ့ အဆင်မပြေပါဘူး။ စကားပြော တတ်ဖို့လည်း အရေးကြီးတယ်လို့ထင်မိပါတယ်။ ကိုယ်က self-study တစ်ယောက်တည်း လေ့လာတယ်၊ အတူတူ စကားပြောဖို့ သူငယ်ချင်း မရှိဘူးဆိုရင် မိမိနဲ့ စိတ်တူကိုယ်တူ လေ့လာမှုတူတဲ့ သူငယ်ချင်းကိုရှာပြီး အတူတူလေ့လာတာမျိုး၊ အကြံဉာဏ်တောင်းတာမျိုး လုပ်ဆောင်စေချင်ပါတယ်။ တစ်ခါတစ်လေ တစ်ယောက်တည်း ခရီးသွားတာထက် စိတ်တူကိုယ်တူ အပေါင်းအဖော်တွေနဲ့ ခရီးသွားတာက ပိုထိရောက်ပါတယ်။

ဘာသာစကား အသစ် သင်ယူခြင်းဖြင့် ရရှိလာမည့် အရာတွေကို ပြောပြပေးပါမယ်။

မှတ်ဉာဏ် ကောင်းလာနိုင်ခြင်း
ဘာသာစကားတစ်ခုကို လေ့လာတဲ့အခါ အခြေခံမှစပြီး အဲ့ဒီဘာသာစကားရဲ့ ယဉ်ကျေးမှု၊ ဘာသာရေး၊ လှုမှုရေးကအစ စီးပွားရေး၊ ပညာရေး၊ မျက်မှောက်ခေတ် အသုံးနှုန်းထိ ကျယ်ပြန့်တဲ့ အကြောင်းအရာတွေကို လေ့လာမှတ်သားရပါတယ်။ အဲ့ဒါကြောင့် မှတ်သားနိုင်မှု မှတ်ဉာဏ်စွမ်းရည်လည်း အရင်ကထက် ပိုမို တိုးတက်လာနိုင်မှာ ဖြစ်ပါတယ်။

ဗဟုသုတ ပိုမိုရရှိလာခြင်း
ဘာသာစကားအသစ် သင်တာက နိုင်ငံတစ်နိုင်ငံစာရဲ့ အကြောင်းအရာ အကုန်လုံးကို သင်ယူရတာဖြစ်လို့ လေ့လာလို့မကုန်နိုင်တဲ့ အကြောင်းအရာများကနေ ဗဟုသုတ များစွာရရှိပါတယ်။ စီးပွားရေးဆိုရင်လည်း ဘာသာစကားတတ်မြောက်ထားတဲ့အတွက် သက်ဆိုင်ရာနိုင်ငံနဲ့ ဆက်ဆံတဲ့အခါ အခက်အခဲမရှိ အထောက်အကူပြုနိုင်မှာပါ။ ထို့အတူ ပေါင်းသင်းဆက်ဆံရာမှာလည်း Network ကောင်းမွန်လာပြီး Communication အားကလည်း ပိုမိုကောင်းမွန်လာနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ တစ်ခုထက်ပိုတဲ့ ဘာသာစကား တတ်မြောက်ထားချင်ပါက အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်တွေကို နည်းစနစ်ကျကျနဲ့ ရေရှည် သင်ယူမယ်ဆိုရင် မိမိဘဝအတွက် အကျိုးကျေးဇူးအများကြီး ရှိတာမို့ ကြိုးစားပါလို့ အားပေးရင်း ကျွန်တော် blog ကို ဒီမှာဘဲ အဆုံးသတ်လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ။

Hello

Leave a Reply

Your email address will not be published. Required fields are marked *