effective communication
Life Style

Effective Communication

အားလုံးပဲ မင်္ဂလာပါ။
ညီမကတော့ နီလာဌေး ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ညီမက Effective Communication ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စကားပြောတဲ့အခါမှာ communication က အဓိကလို့ ထင်ပါတယ်။ ဥပမာအနေနဲ့ ညီမတို့ သူငယ်ချင်းတွေနဲ့ အချင်းချင်း နောက်ပြောင်ပြီး စကားပြောကြတဲ့ အခါတွေ ရှိပါတယ်။ ပြောလိုက်တဲ့ အချိန်မှာတော့ ဘာစိတ်မှ မရှိဘူး ပြောလိုက်တယ်။ နောက်မှ အပြောခံရတဲ့သူက ခံစားသွားရတယ်ဆိုရင် ပြန်ပြီး တောင်းပန်ကြတယ်။ အဲ့ဒီအတွက် ညီမတို့အနေနဲ့ စကားပြောတဲ့အခါမှာ ထိန်းပြီး ပြောလိုက်မယ်ဆိုရင် ပြန်ပြီး တောင်းပန်စရာ အကြောင်းလည်း မရှိတဲ့အတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်။ နောက်ပြီး ညီမတို့ နေ့စဉ်နှင့်အမျှ ရုံးကလူတွေနဲ့မှ မဟုတ်ဘူး၊ ပတ်ဝန်းကျင်မှာ ပြောဆိုဆက်ဆံရတာတွေလည်း ရှိပါတယ်။ ‌ဥပမာ ဈေးဝယ်တဲ့အခါတွေမှာပေါ့။ ညီမတို့ အနေနဲ့ ပိုကောင်းတဲ့ relationship တွေ၊ အောင်မြင်တဲ့ ဘဝတွေ ရရှိဖို့ အတွက် လူအများနဲ့ ဘယ်လို စကားပြောရမယ်၊ တစ်ဖက်လူ ပြောတာကို ဘယ်လို နားထောင်ရမယ်ဆိုတာကို အကောင်းဆုံး လေ့လာသင်ယူပြီး လိုက်နာဖို့ လိုအပ်ပါတယ်။ အဲ့ဒီအတွက် ညီမက youtube ကနေ လေ့လာပြီး communication ကောင်းဖို့အတွက် အခြေခံကျတဲ့ အချက် ၉ ချက်ကို ပြောပြသွားမှာ ဖြစ်ပါတယ်။

1. Greeting
ဒါလေးကတော့ အခြေခံကျတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ ညီမတို့ တစ်ယောက်နဲ့ တစ်ယောက် တွေ့ရင် မင်္ဂလာပါ လို့ နှုတ်ဆက်ကြလေ့ ရှိပါတယ်။ အရင်က ညီမတို့ မြန်မာလူမျိုးတွေမှာ အဲ့ဒီလို နှုတ်ဆက်တာ တွေ့ရနည်းတယ်။ ယခု နောက်ပိုင်းမှာတော့ တွေ့ရတာ များလာပါပြီ။ ညီမကိုယ်တွေ့လေးကို ပြောပြချင်ပါတယ်။ ညီမအနေနဲ့ အရင်ကဆိုရင် မသိတဲ့သူတွေနဲ့ စကားပြောရမှာ အရမ်းကြောက်တယ်။ တစ်ယောက်ယောက်နဲ့ တွေ့လို့ မင်္ဂလာပါ လို့ နှုတ်ဆက်ရမှာကိုလည်း ကြောက်တာလိုလို၊ ရှက်တာလိုလို ဖြစ်ဖူးတယ်ပေါ့နော်။ အခုနောက်ပိုင်း ပြောကြည့်တဲ့အခါမှာ မသိသေးတဲ့သူဆိုရင်တောင် ရင်းနှီးသွားသလို ခံစားရပါတယ်။ အဲ့ဒီအတွက် မင်္ဂလာပါ လို့ ပြောကြည့်ပါ။ အရမ်းကို ကောင်းပါတယ်။

2. Be pleased and thankful
ညီမတို့အနေနဲ့ဆိုရင် ဒီ ကျေးဇူးပြု၍ နဲ့ ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားလုံးနှစ်လုံးက စိတ်ထဲမှာတော့ ခံစားလို့ ရပြီး နှုတ်က ပြောဖို့ ထွက်မလာဘူး ဖြစ်နေတတ်လေ့ရှိပါတယ်။ ပြောကြည့်မယ်ဆိုရင် အရမ်းကို ကောင်းတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ညီမက ဈေးထဲမှာ ဈေးဝယ်နေတယ် ဆိုပါစို့။ ပိုက်ဆံပေးပြီး ဝယ်တာဆိုပေမယ့် အထက်စီးကနေပြီး ဟိုဟာထည့်ပေး၊ ဒီဟာထည့်ပေးလို့ မသုံးနှုန်းပဲနဲ့ ကျေးဇူးပြု၍ ဒီပစ္စည်းလေး ထည့်ပေးလို့ရမလား အဲ့ဒီလိုလေး ပြောလိုက်မယ်ဆိုရင် ဈေးသည်အနေနဲ့လည်း နားထောင်ရတာ အဆင်ပြေပါတယ်။ နောက်ပြီး ကိုယ့်ပိုက်ဆံပေးလို့ ဒီပစ္စည်း ရတာလို့ မတွေးပဲနဲ့ ဒီပစ္စည်းအတွက် ကျေးဇူးတင်ပါတယ် လို့ ပြောလိုက်မယ်ဆိုရင် တစ်ဖက်လူက စေတနာနဲ့ ပိုပြီး ထည့်ပေးကောင်းထည့်ပေးနိုင်ပါလိမ့်မယ်။ အဲ့ဒီအတွက် ဒီစကားလုံးနှစ်လုံးကို ပြောကြည့်ပါလို့ အကြံပေးချင်ပါတယ်။

3. Listen to understand not to give a rebuttal
ဒီတစ်ချက်ကတော့ တစ်ယောက်နဲ့ တစ်ယောက် စကားပြောတဲ့အခါမှာ တစ်ဖက်လူပြောတာကို သေသေချာချာ နားထောင်ဖို့ လိုအပ်ပါတယ်။ တစ်ဖက်လူ ပြောလိုက်တဲ့စကားကို ငြင်းခုံပြီး ဆန့်ကျင်ဖို့ မစဉ်းစားဘဲနဲ့ သေချာနားထောင်ပြီးမှ ကိုယ်သိချင်တဲ့ မေးခွန်းကို မေးတာ အဆင်ပြေမယ်လို့ ထင်ပါတယ်။ အဲ့ဒီအတွက် ကိုယ်လိုချင်တဲ့ အဖြေကို ရနိုင်ပါတယ်။

4. You can disagree but do not dismiss
ညီမအစောက ပြောတဲ့အချက်နဲ့ ဆင်တူပါပဲ။ စကားပြောနေကြရင်းနဲ့ တစ်ဖက်လူ ပြောလိုက်တဲ့ စကားကို သဘောမတူလို့ ရပါတယ်။ ညီမတို့အနေနဲ့ ကိုယ်မကြိုက်လို့ သူ့စကားကို ပယ်ချလိုက်ဖို့ မသင့်တော်ဘူးလို့ ထင်ပါတယ်။ ဘယ်သူကမှ သူတို့စကားကို လျစ်လျူရှုတာ မကြိုက်ပါဘူး။ အဲ့ဒီအတွက် ညီမတို့အနေနဲ့ သဘောမတူရတဲ့ အကြောင်းအရင်းကို ရှာဖို့ လိုအပ်ပါတယ်။ တစ်ဖက်လူက အဲ့ဒီစကားကို ဘယ်လို ခံစားချက်နဲ့ ပြောလိုက်တာလဲ၊ တစ်ဖက်လူရဲ့ ခံစားချက်ကို နားလည်အောင် ကြိုးစားရပါမယ်။ နားမလည်သေးဘူးဆိုရင် ကိုယ့်ခံယူချက်ကို စိတ်ရှည်ရှည်နဲ့ နင်က ဒီလိုထင်တယ် ငါ့အမြင်ကတော့ ဒီလိုရှိတယ် အဲ့ဒီလိုလေး ရှင်းပြလိုက်ရင် အဆင်ပြေမယ်လို့ ထင်ပါတယ်။

5. Be open and honest
စကားပြောတဲ့အခါမှာ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးသားဖို့ လိုအပ်ပါတယ်။ ဥပမာအနေနဲ့ ညီမက တစ်ခုခုကို လိမ်လိုက်တယ် ဆိုပါစို့။ အခု လိမ်လိုက်တာ မသိသေးဘူးဆိုပေမယ့် နောင်တစ်ချိန် သိလာမှာ အမှန်ပဲလေ။ အဲ့ဒီလို ဖြစ်လာပြီဆိုရင် ညီမတို့အပေါ်မှာ ထားတဲ့ ယုံကြည်မှုတွေ ဆုံးရှုံးသွားရတတ်ပါတယ်။ တစ်ခါတလေ တစ်ဖက်လူကို မနာကျင်စေချင်လို့ လိမ်လိုက်တာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ညီမအနေနဲ့ အဲ့ဒီလို လိမ်တာ မကောင်းဘူးလို့ ထင်ပါတယ်။ အမှန်တိုင်း ပြောလိုက်မယ်ဆိုရင် တစ်ဖက်လူအတွက် ခဏတာ နာကျင်ရပေမယ့် ညီမတို့အပေါ် ယုံကြည်မှုပိုပြီး ရှိလာနိုင်ပါတယ်။

6. Don’t make the conversation all about you
စကားပြောကြတဲ့အခါမှာ ကိုယ့်အကြောင်းချည်းပဲ၊ ကိုယ့်ခံစားချက်ချည်းပဲ မပြောပါနဲ့။ သူတို့ခံစားချက်၊ သူတို့အမြင်ကိုလည်း မေးကြည့်ပါ။ ဥပမာအနေနဲ့ ကိုယ်မကြိုက်တဲ့ အကြောင်းအရာတစ်ခုကို ပြောပြပြီး သူတို့ ခံစားချက်ကိုလည်း မေးကြည့်ပြီး ဆွေးနွေးကြည့်ပါ။ တစ်ဖက်လူကို ဦးစားပေးပြီး သူတို့အမြင်ကို နားထောင်ကြည့်မယ်ဆိုရင် အဆင်ပြေပါလိမ့်မယ်။

7. Be willing to compromise
ဒီတစ်ချက်က ဘယ်လိုလဲဆိုတော့ ညီမတို့ ပတ်ဝန်းကျင်မှာ လူအမျိုးမျိုး ရှိကြပါတယ်။ ဥပမာ ခေါင်းမာတဲ့သူတွေနဲ့ စကားပြောရတာ အခက်ခဲဆုံးပါပဲ။ အဲ့ဒီလိုလူနဲ့ ဘယ်တော့မှ စကားမပြောချင်ပါဘူး။ အမြဲရှောင်ဖို့ပဲ စဉ်းစားကြပါလိမ့်မယ်။ ဒါပေမယ့် တစ်ချိန်ချိန်မှာ မဖြစ်မနေ ပြောလာရမှာတွေ ရှိလာပြီဆိုရင် ညီမတို့အနေနဲ့ အလျော့ပေးသင့်တာကို အလျော့ပေးပြီး ဆက်ဆံရေးပြေလည်စေမယ့် နည်းလမ်းကို ရှာသင့်ပါတယ်။

8. Pay attention to both their words and their body language
စကားပြောကြတဲ့အခါမှာ တစ်ဖက်လူရဲ့ ခန္ဓာကိုယ်အနေအထား၊ အပြုအမူနဲ့ ပြောတဲ့ စကားလုံး တစ်လုံးချင်းစီကို သေချာအာရုံစိုက် နားထောင်ဖို့ လိုအပ်ပါတယ်။ တစ်ခါတလေမှာ ထုတ်မပြောပေမယ့် အပြုအမူက အားလုံးကို ဖော်ပြနေတတ်ပါတယ်။ ဥပမာ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောနေကြတဲ့အချိန်မှာ သူ့ပုံစံက အဆင်ပြေမနေဘူးဆိုရင် သူ့ကို အချိန်ခဏပေးလိုက်ပါ။ ဘာဖြစ်နေလဲ ဆိုတာကို အတင်းဇွတ်မေးပြီး စိတ်ပျက်အောင် လုပ်မယ့်အစား ပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာအောင် ဖန်တီးပေးလိုက်ပါ။

9. Take a loving and positive approach when expressing yourself
ညီမတို့ စကားပြောကြတဲ့အခါမှာ အေးအေးဆေးဆေး မေတ္တာလေးနဲ့ စကားပြောတတ်အောင် ကြိုးစားဖို့ လိုအပ်ပါတယ်။ တစ်ဖက်လူကို ကောင်းအောင် စေတနာနဲ့ အကောင်းပြောပေးလိုက်ပေမယ့် ညီမတို့ ပြောလိုက်တဲ့ ပုံစံက မကောင်းတဲ့ လက္ခဏာ၊ ကြမ်းတမ်းသွားတယ်ဆိုရင် တစ်ဖက်လူအတွက် အဆိုးဖြစ်တတ်ပါတယ်။ ဘယ်လောက်ပဲ မကောင်းတဲ့စကား ဖြစ်နေပါစေ မေတ္တာလေးနဲ့ ချိုချိုသာသာ ပြောလိုက်မယ်ဆိုရင် နားထောင်ရတဲ့သူအတွက်လည်း အဆင်ပြေပါတယ်။

အခု ညီမပြောသွားတဲ့ အခြေခံ အချက်တစ်ချက်ချင်းစီကို လိုက်နာပြီး လုပ်ဆောင်သွားမယ်ဆိုရင် communication ကောင်းလာမှာ အသေအချာပါပဲ။ လုပ်ကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ်။ အားလုံးပဲ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အသိုင်းအဝိုင်းမှာ အခုထက် communication ကောင်းပြီး၊ ပိုကောင်းမွန်တဲ့ relationship တွေ ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အခုလို အချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။

Reference
https://www.youtube.com/watch?v=Yozm2Zrk83g
https://www.facebook.com/watch/?ref=saved&v=410620826823430

Hello

Leave a Reply

Your email address will not be published. Required fields are marked *