Others Work Style

Experience of small business

အားလုံးပဲ မင်္ဂလာပါ။
ကျွန်မကတော့ Spiceworks Myanmar မှာ အလုပ်လုပ်ကိုင်လျက်ရှိသော အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မခင်ပွင့်ဖြူခိုင် ဖြစ်ပါတယ်ရှင့်။ ဒီတစ်ပတ်မှာတော့ ကျွန်မရဲ့ ကိုယ်ပိုင်ဘဝက ရရှိတဲ့ လုပ်ငန်းအသေးစားလေးမှ အတွေ့အကြုံအနည်းငယ်ကို မျှဝေတင်ဆက်ပေးချင်ပါတယ်ရှင့်။

အသေးစားလုပ်ငန်းလေးကို ဘယ်လိုစဉ်းစားမိလဲ။
ကျွန်မကတော့ တခြားလူတွေလို အရမ်းကြီးလည်းမချမ်းသာချင်ဘူး။ ဆင်းရဲတာလည်း မနေချင်ဘူး။ လူတန်းစေ့စေ့ အဆင်ပြေပြေ နေနိုင်ရင် ကျွန်မရဲ့ဘဝကို အကောင်းဆုံးဖြစ်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ ကျွန်မလုပ်ချင်တာကို စိတ်သွားတိုင်း ကိုယ်ပါနိုင်သလိုဖြစ်ချင်တယ်။ သို့ပေမယ့် ကျွန်မရဲ့ဘဝက ရန်ကုန်မှာသာ လုပ်ကိုင်နေပေမယ့် ပိုင်ဆိုင်မှုဆိုတာလည်း မရှိသလို စုမိဆောင်းမိငွေကြေးကလည်း ဘာမှမရှိပါဘူး။ အသက်ကသာ တဖြည်းဖြည်း ကြီးလာတယ်။ အဓိကတော့ အသက်အရွယ်ကိုစဉ်းစားမိလာတာပဲ။ ကိုယ်က အသက်အရွယ်ကြီးတဲ့အခါ လူတန်းစေ့မနေနိုင်ရင် ဘဝအတွက်ပင်ပန်းခက်ခဲမယ်။ မရေရာဘူး၊ မတည်ငြိမ်ဘူး။ ဒုက္ခဆင်းရဲတွေ ကြုံတွေ့ရမယ်။ လောကကြီးကတော့ တရားသဘောနဲ့ဆိုရင်တော့ မတည်မြဲပါဘူး။ သို့ပေမယ့် ရည်မှန်းချက်ပန်းတိုင်တော့ ရှိရင်ပိုကောင်းပါတယ်။ အဲ့ဒါကြောင့် ဘဝရှေ့ရေးကို ကိုယ်ရဲ့လက်တွဲဖော်နဲ့အတူ တိုင်ပင်ပြီး ဘာလုပ်ရင်ကောင်းမလဲဆိုတာကိုစဉ်းစားပြီး နှစ်ဦးအတူ မုန့်ဆိုင်လေးတစ်ဆိုင်ကို လက်လီလက်ကား ဖွင့်ဖြစ်သွားပါတယ်။

အသေးစားလုပ်ငန်း စချင်ရင် ဘာတွေလိုမလဲ။
ဘယ်အလုပ်မဆို လုပ်ကိုင်ရင် လိုအပ်တဲ့အဓိကကတော့ “ကိုယ်” ပါပဲ။ ကိုယ်က ဘာလုပ်ချင်လဲ၊ ကိုယ်ဘာကိုဦးတည်မလဲ ဆိုတာကို အရင်စဉ်းစားရပါတယ်။ အဲ့ဒီအပေါ်မူတည်ပြီး ကိုယ့်လုပ်ငန်းရဲ့ Customer target ကို သတ်မှတ်ရပါတယ်။ ဘယ်လုပ်ငန်းစီးပွားရေးမဆို Customer ရှိမှ အဆင်ပြေတာပါ။ လုပ်ငန်းလုပ်ကိုင်တဲ့အခါမှာ အခက်အခဲ အရွယ်အစားမျိုးစုံရှိနိုင်တာကိုလည်း ကြိုတွေးထားရပါမယ်။ ရင်ဆိုင်ဖို့ ခွန်အားတွေကိုလည်း ဖြည့်ထားရပါမယ်။ နောက်တစ်ချက်အနေနဲ့ကတော့ ဘယ်နေရာမဆို ကိုယ်မပါရင် မပြီးဘူးဆိုတာကို စွန့်လွှတ်နိုင်အောင် အရင်ကြိုးစားထားပါ။

အသေးစားလုပ်ငန်းစလုပ်တဲ့အခါ ဘာတွေကြုံတွေ့ရနိုင်လဲ။
(၁) စူးစမ်းခြင်း
(၂) အထင်မြင်သေးခြင်း
(၃) Customer အမျိုးမျိုးကြုံတွေ့ရခြင်း
(၄) ငွေကြေးအခက်အခဲ
(၅) ရောင်း/ဝယ် အခြေအနေ
(၆) ဝန်ထမ်းအခက်အခဲ
(၇) ပြိုင်ဆိုင်မှုများကို ယှဉ်ပြိုင်ရခြင်း

တိုးတက်အောင် ဘယ်လိုမျိုးပြင်ဆင်မှုများလုပ်ရလဲ။
လူသားတစ်ဦးဟာ လုပ်ငန်းလုပ်ကိုင်မှမဟုတ်ဘူး နေ့စဉ်လုပ်ကိုင်ဆောင်ရွက်နေရတဲ့အကြောင်းအရာတွေမှာလည်း ကြိုးစားအားထုတ်မှု လုံ့လဝီရိယက ထိပ်ဆုံးမှာ ရှိနေသင့်ပါတယ်။ ဝီရိယရှိတဲ့လူက ပုံမှန်အတိုင်းလေးတော့ ကြိုးစားနေတာဖြစ်လို့ တစ်နေ့နေ့မှာတော့ အောင်မြင်မှုကို ခံစားရမှာ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်မတို့ဟာ လူသားတွေဖြစ်တဲ့အတွက် နေ့စဉ်သင်ယူလေ့လာမှုတွေက အစဉ်အမြဲရှိနေပါတယ်။ သင်ယူလေ့လာနေမှ ဘဝခရီးကလည်း တိုးတက်ကောင်းမွန်မှာဖြစ်ပါတယ်။ လုပ်ငန်းလုပ်ကိုင်တဲ့အခါမှာလည်း Customer အမျိုးမျိုးကို ကြုံတွေ့ရနိုင်တာဖြစ်တဲ့အတွက် စိတ်ကိုအနှောင့်အယှက်ပေးသော Customer များကို တွေ့လာရရင်လည်း လျစ်လျူရှုပြီး ကောင်းမွန်သောရင့်ကျက်မှုပုံစံဖြစ်အောင် အစဉ်အမြဲ ကြိုးစားနေထိုင်ရပါတယ်။

လက်ရှိအခြေအနေမှာ ဘာတွေထူးခြားလာလဲ။
လုပ်ငန်းမလုပ်ကိုင်ခင် အခြေအနေနဲ့လက်ရှိမှာဆိုရင်ဖြင့် ကွာခြားမှုကတော့ ရှိစမြဲပေါ့။ ဘာလို့ဆို ကျွန်မတို့က တရွေ့ရွေ့နဲ့သွားနေရတဲ့ဘီးကြီးလိုပဲဆိုတော့ ကြိုးစားမှုရလဒ်ကတော့ မြင်ရတာပေါ့နော်။ ကျွန်မတို့လုပ်ငန်းရဲ့ အဓိက ပစ်မှတ်ထားတဲ့ Customer တွေ တိုးပွားများပြားလာတယ်။ ကျွန်မတို့ရင်ဆိုင်ရတဲ့ အတွေ့အကြုံတွေကြောင့် အပြုအမူတွေ ရင့်ကျက်လာတယ်။ အရင်ကကိုယ်မဆက်စပ်မိတဲ့ လုပ်ငန်းလေးတွေအကြောင်း သိလာရတယ်။ မျက်နှာအမူအရာတည်တည်နေတတ်တဲ့ ကျွန်မတောင် အရင်ကထက် အပြုံးချိုချို ပြုံးတတ်လာတယ်။ နောက်ဆုံးအချက်ကတော့ ကျွန်မတို့ရဲ့ saving money လေးတွေ နည်းနည်းစီတိုးပွားလာတာပေါ့နော်။ ဒါတွေက မရပ်မနား အားမလျှော့ဘဲ ကြိုးစားနေတဲ့ ရလဒ်အနည်းငယ်လေးတွေပေါ့နော်။ ကျွန်မတို့ မရပ်သရွေ့တော့ ကျွန်မတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို မလွဲဧကန်ရောက်မှာက အမှန်ပါပဲ။ နမူနာပုံပြင်အနေနဲ့ကတော့ အားလုံးကြားဖူးကြတဲ့ “ယုန်နှင့်လိပ်” ပုံပြင်လေးကိုပဲ ရည်ညွှန်းပေးချင်ပါတယ်ရှင့်။

ဆိုးကျိုးတွေကကော ဘာတွေဖြစ်မလဲ။
ဘယ်အရာမဆို ကျွန်မတို့လူသားတွေအတွက် ဖိအားတွေရှိပါတယ်။ အလုပ်တစ်ခုလုပ်ကိုင်တဲ့အခါမှာလည်း အမြဲတမ်းအလုပ်ဇောချည်းပဲ ထားနေလို့မရပါဘူး။ မိမိခန္ဓာကိုယ်ရယ်၊ စိတ်ရယ်ကို ညီမျှအောင် နားပေးသင့်တာတွေလည်း လုပ်ရပါမယ်။ မလုပ်နိုင်ခဲ့ဘူးဆိုရင် စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးတွေ ထိခိုက်လာနိုင်ပါတယ်။ ကျန်းမာရေးမကောင်းဘူးဆိုရင် စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နိုင်တဲ့အတွက် မိမိရဲ့အလုပ်တွေကို ကိုယ်ပိုင်ချိန်နဲ့ အနားယူချိန်တွေမှာ စီမံခန့်ခွဲထားသင့်ပါတယ်။ ပြီးရင်လည်း ကျွန်မတို့ဟာ သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ရခြင်းတွေကိုလည်း ကြုံတွေ့ရမှာပါ။

ကိုယ့်ကိုယ်ကို သတိထားရမယ့်အချက်များ
(၁) မိမိက တိုးတက်အောင်မြင်မှုကို ခံစားလာရတဲ့အခါ ဘယ်တော့မှ အောက်ခြေလွတ်တဲ့ လူတစ်ယောက် မဖြစ်အောင် သတိထားရပါမယ်။
(၂) ကိုယ်ရဲ့ကောင်းမွန်သော ပုံစံကောင်းများကို ဆက်လက်ထိန်းသိမ်းပါ။
(၃) စီးပွားရေးပဲဖြစ်ဖြစ်၊ တခြားကိစ္စတွေပဲဖြစ်ဖြစ် အသစ်သစ်တွေရှိနေတာမို့လို့ လေ့လာဖို့ မပျင်းရိပါနဲ့။
(၄) အရောင်းအဝယ်ဖြစ်စေ၊ တခြားလုပ်ငန်းဖြစ်စေ Customer ရှိတာဖြစ်တဲ့အတွက် Service ကို မမေ့ပါနဲ့။

ကျွန်မအထက်မှာ ပြောပြမျှဝေပေးခဲ့တာလေးတွေကတော့ အခုလက်ရှိကျွန်မဘဝရဲ့ လုပ်ကိုင်နေတဲ့ လုပ်ငန်းစဉ်လေးတွေမှ ကြုံတွေ့ရတဲ့အကြောင်းအရာများကို မျှဝေပေးခဲ့တာပါရှင့်။ ကျွန်မတို့ဟာ ကျွန်မတို့ဖြစ်ချင်တဲ့ရည်မှန်းချက်ပန်းတိုင်တွေကို ကျွန်မတို့လက်နဲ့ ကျွန်မတို့ ဆေးခြယ်လို့ရနိုင်တာမို့ ကျွန်မတို့ ကြိုးစားနေဖို့ပဲ လိုပါတယ်။ ကြိုးစားနေတဲ့လူတစ်ယောက်အတွက် အခက်အခဲတွေကတော့ ကြုံရမှာပါပဲ။ အားမလျှော့ဘဲ ဆက်ကြိုးစားဖို့ပဲ လိုအပ်ပါတယ်။ လဲရင်ပြန်ထပြီး မိမိရဲ့ပန်းတိုင်ကို ဆက်လျှောက်လှမ်းပြီး အောင်မြင်တဲ့လူသားတွေ ဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း ကျွန်မဘလော့ဂ်လေးကို နိဂုံးချုပ်လိုက်ပါတယ်ရှင့်။ သာယာအေးချမ်းသော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *