Life Style

Exploring Our True Self

ခေတ်ကလည်း တစ်နေ့တခြား ကျွန်တော်တို့တစ်တွေ တစ်ခါတလေ လိုက်မမှီနိုင်လောက်အောင်ကို  တိုးတက်နေတော့ ကျွန်တော်တို့ နေ့စဉ်လုပ်နေရတဲ့အလုပ်တွေမှာ ထည့်သွင်းစဉ်းစားစရာ (External Factors) တွေ များသထက်များလာတယ်။ ဒီလိုမျိုးအခြေအနေတွေကြားမှာ ကျွန်တော်တို့ ဦးနှောက်ကို အချိန်တိုင်းမှာ သိစိတ်တစ်ခုနဲ့ လည်ပတ်နိုင်ဖို့ဆိုတာ ကျွန်တော်တို့ကိုယ်တိုင် သတိကပ်ပြီး ထိန်းကျောင်းပေးမှပဲ အဆင်ပြေပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ သိစိတ် မရှိနေတဲ့ ကျွန်တော်တို့ရဲ့ မသိစိတ်က နေရာယူလာတဲ့အချိန်တွေမှာဆိုရင်ရော၊ အဲ့ဒီအချိန်တွေမှာရော ကျွန်တော်တို့ရဲ့ Auto Pilot System ကြီးတစ်ခုလုံးက ဘယ်လိုပုံစံ အလုပ်လုပ်နေမလဲ။ ဒီအကြောင်းအရာတွေကို ကျွန်တော်‌လေ့လာမိထားတာလေးတွေနဲ့အတူ အရှင်းအလင်းဆုံးဖြစ်အောင် ပြောပြပေးသွားမှာဖြစ်ပါတယ်။ ခေါင်းစဉ်ကိုတော့ ကိုယ့်ရဲ့ အစစ်အမှန် “ကိုယ်” နဲ့ “စိတ်” ပေါင်းထားတဲ့ SELF ကို ရှာဖွေခြင်း (Exploring Your True Self) ဆိုပြီး ပေးထားပါတယ်။ ကျွန်တော် ဒီနေရာမှာ ဒီအကြောင်းအရာတွေကိုလေ့လာဖြစ်ခဲ့တဲ့ Youtube channel (Pursuit of Wonder) ကို idea credit အရင်ပေးချင်ပါတယ်။ (https://www.youtube.com/@PursuitofWonder)

1918 လောက်က Switzerland နိုင်ငံမှာ စိတ်ပညာကို လေ့လာနေတဲ့ “Carl Jung” ဆိုတဲ့ Physiatrist တစ်ယောက်ရှိတယ်။ သူ့ carrer ရဲ့ အဓိက objective က “စိတ်” ရဲ့ သဘောသဘာဝကို အပြည့်အဝနားလည်ဖို့လို့ ဆိုတယ်။ Jung ပြောတာတစ်ခုရှိတယ်။ လူသားတွေရဲ့ မတူညီကြတဲ့ personality ဖြစ်တည်မှုတွေက တစ်ဦးချင်းစီရဲ့ သိစိတ် (Conscious Mind) နဲ့ မသိစိတ် (Unconscious Mind) အခြေအနေတွေရဲ့ အချိန်မရွေး ထိတွေ့ဆက်စပ်မှုတွေကြောင့်လို့ဆိုတယ်။ ဒါပေမယ့် တစ်ခုရှိတာက ဒီလို ဖြစ်တည်မှုတွေဟာ လူသားတစ်ယောက်ရဲ့ မသိစိတ် (Unconscious Realm) ထဲမှာ ဖြစ်ပေါ်လေ့ရှိတဲ့ အချက်ပဲ။ ဆိုတော့ဗျာ ဒီလို personality formation ဆိုတဲ့ ဖြစ်တည်မှုတိုင်းမှာ ကျွန်တော်တို့ရဲ့ သိစိတ်နဲ့ ဝင်ရောက်စွက်ဖက်ဖို့ မလွယ်တော့ဘူးပေါ့။ အဲ့ဒါကြောင့် ကျွန်တော်တို့ရဲ့ အကြိုက်တွေ၊ ကျွန်တော်တို့ ဘယ်လောက်ထိစွမ်းဆောင်နိုင်လဲ ဆိုတာတွေ၊ ကျွန်တော်တို့ အခုလုပ်နေတဲ့အရာတွေကို ဘာလို့လုပ်နေသလဲဆိုတဲ့ အဖြေတွေဟာ လူတွေ မျက်စိနဲ့မမြင်ရတဲ့ ကျွန်တော်တို့ စိတ်ရဲ့ realm တစ်ခုမှာရှိနေတယ်။ ဒီလို အခြေအနေမျိုးတွေကို ကိုယ်ကိုယ်တိုင် ဝင်ကြည့် သုံးသပ်နိုင်ဖို့ဆိုရင် Jung ထပ်ပြီးရှင်းပြထားတဲ့ Individuation ဆိုတဲ့ process တစ်ခုကိုဖြတ်ကျော်ရတယ်။ Individuation ဆိုတာက ကိုယ့်ရဲ့ မသိစိတ်ရှိနေတဲ့ realm ထဲကို ကိုယ့်ရဲ့သိစိတ် အနည်းငယ်လေးနဲ့ အလင်းပြ ပေါင်းစပ်ကြည့်တဲ့သဘောပဲ။ ဒီဟာကို ကျွန်တော် Jung ရဲ့ Model of the Psyche နဲ့ နားလည်လွယ်အောင် အသေးစိတ်ရှင်းပြပေးပါမယ်။

တခြား စိတ်ပညာလေ့လာသူတွေနဲ့မတူတဲ့ Jung ရဲ့ လေ့လာတွေ့ရှိထားတဲ့အချက်က သူက လူတွေရဲ့ မသိစိတ် (Unconsciousness) ကို နှစ်မျိုးထပ်ခွဲလိုက်တာပဲ။ အဲ့တော့ ကျွန်တော်တို့ရဲ့ စိတ်ကို ယေဘုယျအားဖြင့် Consciousness, Personal Unconsciousness နဲ့ Collective Unconsciousness ဆိုပြီး (၃) မျိုးခွဲလို့ရမယ်ပေါ့ဗျာ။ 

အဲ့တော့ ပထမဦးဆုံး ကျွန်တော်တို့ရဲ့ သိစိတ် (Consciousness) အကြောင်းကိုပြောလိုက်ရအောင်။ Consciousness ကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ရဲ့ အသိစိတ်ရှိနေတဲ့ အခြေအနေတိုင်းကို ဆိုလိုတယ်။

ဒီ realm မှာ တစ်ခုထပ်ပြီးတိုးလာတဲ့ အချက်က ကျွန်တော်တို့ရဲ့ “EGO” ဘယ်လောက်ရှိနေလဲဆိုတဲ့အချက်ပဲ။ Ego ကို မြန်မာလိုတိုက်ရိုက်ဘာသာပြန်ရင်တော့ အတ္တ/မာန လို့ထွက်တယ်။ ဒါပေမယ့် အင်္ဂလိပ်လိုဆိုရင် အဓိပ္ပာယ်အများကြီး ပိုထုတ်လို့ရတဲ့အတွက် Ego လို့ပဲ ဆက်သုံးသွားမယ်ဗျ။ Belief Systems တွေ မတူညီကြတဲ့ လူ့အသိုင်းအဝိုင်းထဲမှာ တစ်ယောက်နဲ့တစ်ယောက်ကလည်း Personal Values တွေ တူကြမှာမဟုတ်ပါဘူး။ ဒီအချက်တွေအားလုံးက လူတစ်ယောက်ချင်းစီရဲ့ ego level ဘယ်လောက်ရှိနေသလဲဆိုတာပေါ်မူတည်ပြီး သူတို့ သိစိတ်နဲ့အတူ ပြောပုံဆိုပုံတွေ၊ ဝတ်ပုံစားပုံတွေ၊ နေပုံထိုင်ပုံ စတဲ့ behaviors တွေကို ပြောင်းလဲသွားစေတယ်။ ဒါတွေက လူတွေ ကိုယ့်ရဲ့ အပြင်ပိုင်း (Exterior Appearance) ကိုထုတ်ပြတဲ့ ပုံစံတွေဖြစ်တယ်။

Jung က ဒီလိုမျိုး လူတွေရဲ့ အပြင်ပိုင်း (Exterior Appearance) တွေ ထုတ်ပြနေမှုကို Persona ဆိုတဲ့ realm ထဲမှာ ဖြစ်ပေါ်တယ်လို့ ဆိုတယ်။ ဒီလို ကိုယ်အပါအဝင် တခြားသူတွေ အချိန်တိုင်းအလိုလို ထုတ်ပြနေတဲ့ ကိုယ့်ရဲ့ persona ဟာ ကိုယ့်ရဲ့ တကယ့် personality ဟုတ်ချင်မှဟုတ်နေပါမယ်။ ဘာလို့လဲဆိုတော့ တချို့အပိုင်းတွေမှာ poker face လုပ်တတ်ကြတာ နောက်ထပ် လူ့သဘာဝပဲမဟုတ်လား။ အဲ့တော့ လူတစ်ယောက်က သူ့ပတ်ဝန်းကျင်ကို သူရှိနေတဲ့ ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ suitable persona နဲ့ သူ့ရဲ့ personal self-esteem စတာတွေကို ချပြဖို့အတွက် သူ့ရဲ့ Ego System ဆိုတာကြီးက တာဝန်ယူပြီး သူကြုံတွေ့ရတဲ့ personal experience တွေ၊ self-hood တွေကို Consciousness Realm ကိုပို့ပေးပြီးတော့ လောလောဆယ်ပဲဖြစ်ဖြစ် သူ မလိုချင်တဲ့ အရာတွေကိုတော့ အောက်က Unconsciousness Realm ကို အသီးသီးပို့ပေးတယ်။ ဒါ့ကြောင့် လူတစ်ယောက်ရဲ့ Ego ဟာ သူ ကောင်းဖို့၊ ဆိုးဖို့ဆိုတဲ့ အချက်တွေအတွက် အရမ်းအရေးပါတဲ့ နေရာမှာရှိနေတာဖြစ်တယ်။

အခုဆို ကျွန်တော်တို့ရဲ့ မသိစိတ်ကို စပြောပါပြီ။ Personal Unconsciousness ဆိုတဲ့ နေရာကတော့ ခုနကကျွန်တော်အပေါ်မှာ ဖော်ပြပေးခဲ့တဲ့အတိုင်း လူတစ်ယောက်ရဲ့ မလိုချင်တဲ့၊ လောလောဆယ်မတွေးတောချင်တဲ့ personal experience တွေ၊ self-hood တွေကို ကိုယ့်ရဲ့ သိစိတ်က မမြင်တွေ့နိုင်အောင် လာသိမ်းထားတဲ့ နေရာတစ်ခုလိုပါပဲ။ ဒါပေမယ့် ဒီနေရာမှာရောက်ရှိနေတဲ့ အရာတွေက လူတစ်ယောက်ရဲ့ အခြေအနေနဲ့ အချိန်အခါပေါ်လိုက်ပြီး ကိုယ့်ရဲ့ အသိစိတ် (Consciousness) ထဲပြန်ရောက်လာလိုက်၊ ပြန်ပျောက်သွားလိုက်ဖြစ်နေတတ်ပါတယ်။

Collective Unconsciousness ကတော့ ဒီသုံးမျိုးထဲမှာ ကျွန်တော့်အတွက်တော့ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ပါတယ်။ ဒီနေရာက ဒီလောက်ထိ deep ဖြစ်တာ လူတစ်ယောက်ရဲ့ ဘယ်လို information တွေ ရှိနေနိုင်တာလဲပေါ့။ ကျွန်တော်တို့ လူသားမျိုးနွယ်ကြီး စပြီးဆင်းသက်လာကတည်းက လူသားတွေရဲ့ ခေတ်အဆက်ဆက် လေ့လာတတ်မြောက်လာတဲ့ Biological Evolution Process ကြီးတစ်ခုလုံးရဲ့ data တွေ ရှိနေတာပါ။ ဆိုတော့ ရှင်းရှင်းပြောရရင် လူတစ်ယောက်ဟာ သူ့မိခင်ဆီကနေ မွေးဖွားလာကတည်းက သူ့ဦးနှောက်ရဲ့  မမြင်ရနိုင်တဲ့ နေရာတစ်ခုမှာ လူသားမျိုးနွယ်ရဲ့ ခေတ်အဆက်ဆက်သိရှိခဲ့တဲ့ information တွေကို အကုန် auto အမွေရတဲ့ သဘောပေါ့ဗျာ။ ဒီအချက်က ဘယ်လောက်တောင်စိတ်ဝင်စားဖို့ကောင်းလိုက်သလဲ။ ဥပမာပေးရရင် လူနှစ်ယောက် ဂစ်တာတီးတူတူသင်ရင်တောင်မှ ဒီ ဂီတအကြောင်းအရာတွေကို ကိုယ့်ရဲ့မသိစိတ်ထဲမှာ မျိုးရိုးဗီဇအရ အစကတည်းကပါလာပြီးသား။ သူက တတ်ဖို့ပိုလွယ်ကူနေတာမျိုးပေါ့။ လူသားမျိုးနွယ် ဆင့်ကဲတိုးတက်ပြောင်းလဲလာတာနဲ့အမျှ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်တည်လာတဲ့ religion တွေ၊ cultures တွေရှိတယ်ဗျာ။ ဆိုတော့ ဒီ religion တို့၊ cultures တို့ဆိုတာကလည်း တွေးခေါ်ကျင့်ကြံမှု တူညီတဲ့ လူတစ်စုကနေပြီးတော့ မျိုးရိုးစဉ်ဆက်အလိုက် ထိန်းသိမ်းလာတဲ့အရာတွေဖြစ်တယ်။ ဒီလိုထိန်းသိမ်းလာတာဟာ သူတို့ ဘာသာ၊ ယဉ်ကျေးမှုအလိုက် physical form နဲ့ ကျမ်းစာ၊ ဝတ်နည်း စတာတွေ ထိန်းသိမ်းမှုတွေအပြင် Jung ပြောပုံအရဆိုရင် ကျွန်တော်တို့ဟာ Psychological Imitation ရသွားကြတာတွေလည်းပါတယ်ဗျ။ အဲ့ဒါကြောင့် ဗုဒ္ဓဘာသာ မိသားစုကမွေးလာရင် ဗုဒ္ဓဘာသာကို ဗုဒ္ဓဘာသာဝင်တစ်ယောက်က တခြားဘာသာဝင်တွေလေ့လာတာထက် ပိုမိုလွယ်ကူနေတာမျိုးပေါ့။ ဒီလိုမျိုးဖြစ်စဉ်တစ်ခုလုံးကို Jung က “Archetypes” လို့ သုံးထားတယ်။

ဆိုတော့ ပြောရမယ်ဆိုရင် လူတစ်ယောက်ရဲ့ personality  ပေါ်ဖို့အတွက် ဒီ Archetypes တွေရဲ့ လမ်းပြမှုတွေလည်း ပါနေတယ်ဆိုတာပဲ။ အဲ့တော့ Archetypes တွေက တစ်နည်းတစ်ဖုံလမ်းပြလိုက်လို့ အသစ်ဖြစ်လာတဲ့ personality traits တွေကို ခုနက process အတိုင်း Conscious Realm ကို တင်ပေးလိုက်တယ်။ Conscious Realm ရောက်တာနဲ့ အဲ့မှာရှိတဲ့ Ego က ပြန်ပြီး မလိုချင်တဲ့အရာတွေကို အောက်ကို ပြန်ချပေးတယ်။

ဒီလိုနဲ့ပဲ ကျွန်တော်တို့ရဲ့ Unconscious Realm မှာ ကိုယ်က မလိုချင်တော့တာ လုံးဝသေချာပြီဆိုတဲ့ data တွေကိုတော့ Shadow ဆိုတဲ့ နေရာမှာ သိမ်းလိုက်တယ်။

ဒီ Shadow ဆိုတာကို နားလည်လွယ်အောင် ရှင်းပြရမယ်ဆိုရင်တော့ ကိုယ့်ရဲ့ “Dark Sides” တွေ ပြည့်နေတဲ့နေရာပေါ့။ ဒီ shadow realm ထဲမှာ နောက်ထပ် ချဲ့ကြည့်လိုက်မယ်ဆိုရင် Animus နဲ့ Anima ဆိုပြီး နှစ်မျိုးထပ်တွေ့ရလိမ့်မယ်။ Animus ဆိုတာကတော့ မိန်းကလေးတွေမှာ ရှိတဲ့ “Masculine Quality” ဖြစ်ပြီး Anima ကတော့ ယောင်္ကျားလေးတွေမှာရှိတဲ့ “ Feminine Quality” ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကြောင့် အခုနောက်ပိုင်း ပွင့်လင်းလူ့အသိုင်းအဝိုင်းမှာ ခေတ်စားနေတဲ့ LGBTQIA+ ဆိုပြီးဖြစ်လာကြတာပေါ့ဗျာ။

ဒီလို ကိုယ့်ရဲ့ မသိစိတ်အောက်မှာ ဖြစ်တည်နေတဲ့ ဖြစ်တည်မှုတွေကို သိစိတ်ကနေ မသိစိတ်ကို တင်ပြလိုက်၊ ကိုယ့်မှာရှိတဲ့ Ego က လိုချင်တဲ့အချက်တွေယူပြီး မလိုချင်တဲ့အချက်တွေကို ပြန်ပယ်ချလိုက်၊ လုံးဝမလိုချင်တော့တဲ့အပိုင်းတွေကို Shadow မှာ ပြန်စုပုံထားထားလိုက်၊ ဒီလိုလုပ်နေတဲ့ process ကြီးတစ်ခုလုံးပြီးသွားရင် ကျွန်တော်တို့ရဲ့ ကိုယ်နဲ့စိတ်ပေါင်းထားတဲ့ “SELF” ဆိုတာဖြစ်လာပါတယ်။ ဒီနေရာရောက်မှသာ ကျွန်တော်တို့ ဘယ်သူလဲဆိုတာတွေ၊ ကျွန်တော်တို့ရဲ့ အကြိုက်တွေ၊ ကျွန်တော်တို့ ဘယ်လောက်ထိစွမ်းဆောင်နိုင်လဲ ဆိုတာတွေ၊ ကျွန်တော်တို့ အခုလုပ်နေတဲ့အရာတွေကို ဘာလို့လုပ်နေသလဲဆိုတဲ့ အဖြေတွေဟာ အစစ်အမှန် ပေါ်လာမှာဖြစ်ပါတယ်။

ဆိုတော့ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ “True Self” ကို အခုခေတ်စားနေတဲ့ theraphy တွေနဲ့ပဲရှာရှာ၊ ဘယ်လောက်ပဲ ကိုယ့်ကိုယ်ကို introspect လုပ်ပြီး personal developments တွေပဲလုပ်လုပ် Jung ပြောတာတစ်ခုရှိပါတယ်။ ဒီလို ကိုယ့်ကိုယ်ကို ပြန်လည်စမ်းစစ်ကြည့်ခြင်း process တွေမှာ အဓိကလိုအပ်တဲ့အရာတစ်ခုက “Self-Determination/Self-Realization” ပါပဲ။ Self-Realize ဖြစ်ဖို့ဆိုရင် ကျွန်တော်တို့မှာ လုံလောက်တဲ့ “Self-Acceptance” ရှိရပါမယ်။ Self-Acceptance ထိ လက်ခံနိုင်ဖို့ဆိုရင် “Self-Honestly” လိုအပ်ပါတယ်။ ဒါကြောင့် အဓိကကတော့ ကိုယ့်စိတ် (သိစိတ်ရော၊ မသိစိတ်ရောမှာပါ) ဘာတွေဖြစ်နေသလဲ၊ ဘာတွေဖြစ်နိုင်သလဲ ဆိုတာတွေကို လက်ခံနိုင်စွမ်းရှိဖို့လိုပါတယ်။ နောက်ဆုံး ကိုယ့်စိတ်ကို အသေးစိတ်ရှာဖွေကြည့်ရင်းနဲ့ ကိုယ့်ရဲ့ Dark Sides တွေကို မဖိတ်ခေါ်မိပဲ တွေ့မြင်လာမယ်ဆိုရင်တောင်မှ ကိုယ်ဘယ်လိုပြုမူမလဲဆိုတာ ကြိုတင်ပြင်ဆင်ဖို့လိုပါလိမ့်မယ်။ ကိုယ်ဖျားနေတာကို သိရှိတာကလည်း နေကောင်းတဲ့အခြေအနေရောက်ဖို့ ကုသနည်းတစ်ခုပဲ မဟုတ်ဘူးလား။

အားလုံးပဲ ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ content တွေ ထပ်ပြီးဖတ်ရှုချင်တယ်ဆိုရင်တော့ အောက်ပါ link လေးကို ဝင်ပြီးဖတ်ရှုခံစားလို့ရပါတယ်လို့ပြောရင်းနဲ့ပဲ နိဂုံးချုပ်ပါတယ်။ နောက်တစ်ပတ်တွေမှာလည်း ပြန်လည်ဆုံတွေ့ချင်ပါသေးတယ်ဗျ။

https://spiceworksmyanmar.com/blog/author/hpone-thant-kyaw/

ဘုန်းသန့်ကျော်
၁၁.၀၁.၂၀၂၃

Hello

Leave a Reply

Your email address will not be published. Required fields are marked *