eye_exercisefordeveloper
Life Style

Eye Healthy & Exercise For Developer

အားလုံးဘဲ မင်္ဂလာပါ ခင်ဗျ။ ကျွန်တော်ကတော့ Spiceworks Myanmar မှ ညီညီဇော် ဖြစ်ပါတယ်။ ဒီတစ်ခေါက် ကျွန်တော် sharing လုပ်ပေးချင်တဲ့ အကြောင်းအရာကတော့ Screentime အရမ်းများတဲ့သူတွေအတွက် မျက်စိကျန်းမာရေးနဲ့ မျက်စိလေ့ကျင့်ခန်း လုပ်လို့ရတဲ့ အကြောင်းအရာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
လူသားတိုင်း ကိုယ့်ကျန်းမာရေးကို အမြဲဂရုစိုက်သလို မျက်စိကျန်းမာရေးကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ နေ့စဉ် ပြုမူလုပ်ဆောင်နေတဲ့ အရာတွေက မျက်စိအပေါ်မှာ သွားပြီး သက်ရောက်မှုရှိနေပါတယ်။ Developer တွေနဲ့ Designer တွေအပါအဝင် Computer အသုံးပြုပြီး အလုပ်လုပ်တဲ့သူတွေက screentime အရမ်းများတဲ့သူတွေဖြစ်ပါတယ်။ Screentime အရမ်းများလာတဲ့အခါ ကြာလာရင် မိမိမျက်စိကျန်းမာရေးကို ထိခိုက်လာတော့မယ် ဆိုတာကိုလည်း ကြိုတင် တွေးထားသင့်ပါတယ်။ တကယ်လို့ အမြင်အာရုံသာ တစ်ခုခု ဖြစ်သွားမယ်ဆိုရင် မိမိလုပ်ချင်တဲ့၊ မိမိလုပ်နေတဲ့ အရာတွေ လုပ်ဆောင်နိုင်တော့မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် အမြင်အာရုံနဲ့ဆိုင်တဲ့ မျက်စိကျန်းမာရေး ပြဿနာတွေ မဖြစ်လာစေဖို့ နေ့စဉ် ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

၁။ နေ့စဉ် အစာအာဟာရကို ဂရုစိုက်စားပါ။
နေ့စဉ် အစားအစာ စားသုံးခြင်းက ကိုယ်ခန္ဓာကျန်းမာရေး အတွက်မှ မဟုတ်ပါဘူး၊ မျက်စိကျန်းမာရေးအတွက်လည်း အာဟာရဖြစ်စေတဲ့ အစားအစာတွေကို ဂရုစိုက်ပြီး စားသင့်ပါတယ်။ မျက်စိအားကောင်းစေတဲ့ ငါးကြီးဆီ၊ ဗီတာမင် A ၊ ဗီတာမင် C နဲ့ ဗီတာမင် E ပါဝင်တဲ့ အစားအစာတွေကို များများ စားပေးသင့်ပါတယ်။ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ပြီး အစိမ်းရောင်ပါဝင်တဲ့ ကန်စွန်းရွက်၊ ကိုက်လန်ရွက် အစရှိသည့်အရွက်များ၊ ပန်းဂေါ်ဖီ၊ မုန်လာဥနီအစရှိတဲ့ ဟင်းသီးဟင်းရွက်‌တွေ၊ ငါးတွေ၊ ပရိုတင်းဓါတ်ကြွယ်ဝတဲ့ ဥ၊ ပဲအမျိုးမျိုး၊ အစေ့အဆန်တွေ၊ ဗီတာမင် C ပါဝင်မှုများတဲ့ လိမ္မော်သီး၊ ချဉ်တဲ့အရသာရှိတဲ့ အသီးအနှံနဲ့ သစ်သီးဖျော်ရည်တွေ၊ ကို နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ ပါဝင်အောင် စားပေးသင့်ပါတယ်။

၂။ နေကာမျက်မှန် တပ်ပါ။
နေအရမ်းပူနေတဲ့အချိန် အပြင်ထွက်ရင် အသားအရေအတွက် နေလောင်ကာခရင်မ် လိမ်းပေးရသလို မျက်လုံးကို ကာကွယ်ဖို့အတွက်လည်း နေကာမျက်မှန် တပ်ပေးဖို့ လိုအပ်ပါတယ်။ နေရောင်ခြည်မှာ ပါဝင်တဲ့ UV လို့ ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို ပျက်စီးစေတဲ့အပြင် မျက်လုံးကိုပါ ထိခိုက်စေနိုင်ပြီး အမြင်အာရုံချို့ယွင်းတာ၊ မျက်စိမှုန်တာ အစရှိတဲ့ ပြဿနာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အပြင်သွားတဲ့အချိန် နေအရမ်းပူနေပြီဆိုရင် နေကာမျက်မှန် တပ်ခြင်းဖြင့် မျက်စိမထိခိုက်အောင် ကာကွယ်သင့်ပါတယ်။

၃။ မျက်စိဆေးခန်းမှာ မျက်စိပုံမှန်စစ်ဆေးပါ။
မျက်စိ တစ်ခုခုထိခိုက်မှ နေမကောင်းမှ မျက်စိဆေးခန်း ပြတာထက်၊ Screentime များတဲ့သူတွေဆိုရင် ၆လတစ်ကြိမ် ပုံမှန် မျက်စိဆေးခန်း ပြသင့်ပါတယ်။ ခုချိန် ဘာမှမဖြစ်ဘူးဆိုပေမယ့် နောင်တစ်ချိန်မှာ ဆိုးကျိုးပေးလာနိုင်တဲ့အတွက် မဖြစ်ခင် ကြိုတင် ကာကွယ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။

၄။ မျက်စိလေ့ကျင့်ခန်း လုပ်တာ ဖြစ်ပါတယ်။
ကွန်ပျူတာရှေ့မှာ အကြာကြီးထိုင်ပြီး အလုပ်လုပ်နေရတဲ့သူတွေဆိုရင် ခုလေ့ကျင့်ခန်းကို နေ့တိုင်း မလုပ်နိုင်ရင်တောင်မှ နှစ်ရက်တစ်ခါလောက် လေ့ကျင့်ပေးစေချင်ပါတယ်။ အောက်မှာ လေ့ကျင့်ပုံ၊ လေ့ကျင့်နည်း youtube link ကိုပေးထားပါတယ်။

အားလုံးဘဲ အမြင်အာရုံကောင်းပြီး ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ပါစေ။ အဆုံးထိဝင်ရောက် ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *