System Work Style

Flow Chart

အားလုံးပဲ မင်္ဂလာပါရှင့်။

ညီမကတော့ Spiceworks Myanmar ကုမ္ပဏီတွင် Web Developer အဖြစ်အလုပ်လုပ်ကိုင်လျက်ရှိသော မခင်ပွင့်ဖြူခိုင်ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ အားလုံးကို မျှဝေပေးချင်တဲ့ Blog လေးတစ်ခုရှိလို့ နေပါတယ်။ ခေါင်းစဉ်လေးကတော့ မိမိဟာ အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် အသေးစိတ်ကျအောင် ဘယ်လိုလုပ်မလဲ။ မိမိ၏ အဖွဲ့ဝင် လုပ်ဖော်ကိုင်ဖက်တွေကိုလည်း နားလည်အောင် အလွယ်ဆုံး ဘယ်လိုရှင်းပြမလဲ စသောအကြောင်းအရာတွေကို စနစ်ကျအောင် ကူညီပေးတဲ့ Flow Chart လေးအကြောင်းပဲ ဖြစ်ပါတယ်။

Flow Chart ဆိုတာ ဘာလဲ?
Flow Chart ဆိုတာကတော့ workflow (သို့မဟုတ်) process တွေကို ကိုယ်စားပြုပြီး ရေးဆွဲထားသော Diagram အမျိုးအစားတစ်ခုဖြစ်ပါတယ်။ လုပ်ငန်းဆောင်တာတစ်ခုချင်းဆီကို တစ်ဆင့်ပြီးတစ်ဆင့် ဘယ်လိုတွေဖြေရှင်းလုပ်ကိုင်မလဲဆိုတာကို သတ်မှတ်နိုင်ပါတယ်။ Flow Chart တွေကို နည်းပညာပိုင်း (သို့မဟုတ်) နည်းပညာပိုင်းမဟုတ်သော နယ်ပယ်များတွင်လည်း ပုံစံအမျိုးမျိုးဖြင့် အသုံးပြုနိုင်ပါတယ်။ တစ်ချို့တွေကတော့ Flow Chart တွေကို Process Flowchart, Process Map, Functional Flowchart, Business Process Mapping (သို့မဟုတ်) Process Flow Diagram (PFD) လို့ ခေါ်ကြပါတယ်။

Flow Chart Symbols

(၁) Terminal

program တစ်ခု၏ start, begin (သို့မဟုတ်) end, exit, return တွေကိုတော့ Terminator Shape လေးနဲ့ ဖော်ပြပါတယ်။

(၂) Process

action, process, task (သို့မဟုတ်) operation တွေကို လုပ်ဆောင်ဖို့၊ ပြီးမြောက်ဖို့အတွက် Rectangle (စတုဂံ)ပုံလေးနှင့် ဖော်ပြပါတယ်။

(၃) Input/ Output

အသုံးပြုသူဆီကနေ အချက်အလက်တွေကို လက်ခံတော့မယ်ဆိုရင် parallelogram (အနားပြိုင်စတုဂံ) ဆိုတဲ့ ပုံလေးနှင့် အသုံးပြုလို့ရပါတယ်။

(၄) Arrow

တစ်နေရာကနေ နောက်တစ်နေရာသွားဖို့ တစ်ခုကနေ နောက်တစ်ခုသွားဖို့ ပြီးသွားရင် ဘယ်ကိုသွားမလဲဆိုတာတွေကို ရည်ညွှန်းဖို့ Arrow ကို အသုံးပြုရပါတယ်။

တစ်ခုကနေနောက်တစ်ခုကို သွားတဲ့အခါ အခြားသော မျဉ်းများလည်း ရှိနေပေလိမ့်မည်။ ထိုအခါ မျဉ်းများကို မဖြတ်ပဲ ဂငယ်ပုံစံလေးကွေးပြီး အသုံးပြုပေးရပါမည်။

(၅) Decision

မေးခွန်းလေးတွေနဲ့ မေးပြီး အသုံးပြုသူဖြေလိုက်တဲ့အပေါ်မူတည်ပြီး အသုံးပြုရတဲ့ပုံစံဖြစ်ပါတယ်။ သူကိုတော့ diamond ပုံစံလေးနဲ့ ရည်ညွှန်းပါတယ်။ မေးလိုက်တဲ့အကြောင်းအရာလေးကတော့တစ်ခုတည်းပါပဲ။ ဒါပေမယ့် အသုံးပြုသူတွေရဲ့အဖြေတွေကတော့ Yes, No ဆိုတဲ့ အဖြေလေးတွေဖြစ်ပါတယ်။ Yes ဖြစ်သွားတဲ့အခါ ဘယ်လိုအလုပ်မျိုးကို လုပ်မယ်။ No ဖြစ်တဲ့အခါ ဘာတွေလုပ်မလဲဆိုတာမျိုးတွေမှာ အသုံးပြုပါတယ်။ တစ်ခါတစ်လေ တစ်ခုထက်ပိုသော အဖြေအများကြီး ထွက်တဲ့ အခါမျိုးတွေမှာလည်း အသုံးပြုပါတယ်။

(၆) Circle

မိမိဆက်စပ်ရမည့် flow chart တွေအများကြီးရှိတယ် (သို့မဟုတ်) ဆွဲနေရင်း flow chart ကရှည်သွားသောအခါ Circle (စက်ဝိုင်း) ပုံဖြင့် ရည်ညွှန်းနိုင်ပါတယ်။ Circle ၏အလယ်တွင် flow chart နာမည်ကို ထည့်ရေးထားရပါမည်။ ထိုအခါမှသာ flow chart နှစ်ခု ချိတ်ဆက်နေတယ်လို့ သဘောသက်ရောက်နေမည် ဖြစ်ပါတယ်။

(၇) Database

မိမိ၏အချက်အလက်များကို သိမ်းမည်၊ ဖတ်မည်၊ ပြန်ထုတ်မည်၊ ဖျက်မည်၊ စသည့်တို့ကို လုပ်ဆောင်ပေးချင်သောအခါ cylinder ပုံလေးနှင့် ဖော်ပြပါသည်။

(၈) Document

Document (သို့မဟုတ်)  Report တွေကို ဖော်ပြချင်ရင် စတုဂံလေးကို အောက်ခြေနားကွေးနေတဲ့ ပုံလေးနဲ့ အသုံးပြုရပါတယ်။

flow chart ဆွဲရာမှာသုံးတဲ့ symbols (သင်္ကေတ)တွေကိုတော့ ယခု blog မှာ (၈)မျိုးလောက်ကို ဖော်ပြပေးခဲ့ပါတယ်။ ထို (၈) မျိုးပဲလား ဆိုတော့ မဟုတ်သေးပါဘူးနော်။ နောက်ထပ် flow chart ရဲ့ symbols တွေ အများကြီး ရှိနေပါသေးတယ်။ တစ်ချို့ symbols တွေကိုတော့ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာကြည့်လို့ရပါတယ်။
https://www.rff.com/flowchart_shapes.php

Flow Chart တွေကို ဘယ်အချိန်တွေမှာ ဆွဲလဲ?
(၁) ရှုပ်ထွေးတဲ့ လုပ်ငန်းဆောင်တာတွေကို အသေးစိတ် ရှင်းလင်းအောင် လုပ်တဲ့အချိန်
(၂) မိမိနှင့်အတူ လုပ်ကိုင်နေသော အဖွဲ့ဝင်များကို နားလည်လွယ်အောင် ရှင်းပြနေတဲ့အချိန်
တွေမှာဆို အရမ်းပဲ အသုံးဝင်ပါတယ်။

flow chart အသုံးပြုမယ်ဆိုရင် နည်းပညာနယ်ပယ်မှာသာမက တစ်ခြားသောနယ်ပယ်တွေမှာလည်း အသုံးပြုနိုင်ပါတယ်။ မိမိက လုပ်ငန်းတစ်ခုမှာ အခက်အခဲကြုံတွေ့လာပြီဆိုရင် flow chart လေးတွေနဲ့ အကြမ်းဆွဲပြီး ဖြေရှင်းလို့ရပါတယ်။ ထိုအခါ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ နည်းလမ်းကောင်းလေးတွေကို တွေ့လာရပြီး အောင်မြင်မှုရရှိသွားပါလိမ့်မည်။

အခုလိုမျိုး အချိန်ပေးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
သာယာသောနေ့လေး ဖြစ်ပါစေ။

Hello

Leave a Reply

Your email address will not be published. Required fields are marked *