Life Style

Healthy Lifestyle

အားလုံးပဲ မင်္ဂလာပါ။
ညီမကတော့ နီလာဌေး ပါ။ ဒီနေ့ ဘလော့ဂ်အတွက် Healthy Lifestyle ဆိုတဲ့ ခေါင်းစဉ်လေးကို ရွေးချယ်ထားပါတယ်။ ညီမတို့ နေ့စဉ်ဘဝမှာ ကျန်းမာရေးက အရေးကြီးပါတယ်။ နောက်ပြီး စိတ်ရော၊ ကိုယ်ရော ကျန်းမာနေဖို့ လိုအပ်ပါတယ်။ “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို ကျန်းမာနေတုန်းမှာတော့ သတိမထားမိပေမယ့် မကျန်းမာတဲ့အခါမှာ သတိထားမိကြမယ် ထင်ပါတယ်။ နေမကောင်းဖြစ်ရင် ဆေးခန်းပြရတယ်။ ဆေးရုံတက်ရတယ်ဆိုရင်လည်း ရောဂါရဲ့ ဝေဒနာကို ခံစားနေရတာအပြင် ပိုက်ဆံလည်း ပိုကုန်ပါတယ်။ နောက်ပြီး အခုအခြေအနေအရ လူတော်တော်များများမှာ စိတ်ဖိစီးမှုတွေ အရင်ကထက် ပိုပြီးများလာကြတယ်။ အဲ့ဒီလို စိတ်ဖိစီးမှုတွေကြောင့်ပဲ ကိုယ့်ရဲ့နေထိုင်မှုပုံစံတွေကပါ ကျန်းမာရေးနဲ့ မညီညွတ်နိုင်တော့ဘူး။ အလုပ်သဘောအရလည်း အထိုင်များလာကြတယ်။ နောက်ပြီး အလုပ်ရှုပ်တဲ့အတွက် အသင့်စား (Fast Food) တွေ အစားများလာကြတယ်။ အဲ့ဒါကြောင့် ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် ကိုယ်လုပ်နိုင်တဲ့အရာ (Lifestyle) ကိုတော့ ပြောင်းလဲဖို့ လိုအပ်ပါတယ်။

ကျန်းမာတဲ့ နေထိုင်မှုပုံစံဖြစ်အောင် ဘယ်လိုအချက်တွေလုပ်ဆောင်ရမယ်ဆိုတာကို ပြောပြပေးသွားပါမယ်။

1. Physical Health
နေ့စဉ် ပုံမှန် အားကစား ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှု လုပ်မယ်ဆိုရင် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးပြီး ကြွက်သားများကို သန်မာစေပါတယ်။ နောက်ပြီး နှလုံးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။ အခုနောက်ပိုင်း ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေအနေနဲ့ အများကြီး ရှိပါတယ်။ လမ်းလျှောက်ခြင်းကတော့ လူတိုင်း လုပ်နိုင်တဲ့အရာလို့ ထင်ပါတယ်။ နောက်ပြီး ပိုက်ဆံမပေးရဘဲ အချိန်တစ်ခုပေးရုံဖြင့် နေ့စဉ် ပုံမှန်လုပ်မယ်ဆိုရင် ကိုယ်ကျန်းမာရေးအတွက် ကောင်းစေပါတယ်။ တခြားဥပမာတွေအနေနဲ့ Gym, Yoga, Zumba, Pole Dance, Swimming အစရှိသဖြင့် လေ့ကျင့်ခန်းတွေ အများကြီး ရှိပါတယ်။
နေ့စဉ်စားသုံးနေတဲ့ အစားသောက်တွေကို Balance ဖြစ်အောင် စားဖို့ လိုအပ်ပါတယ်။ အဆိပ်အတောက်နဲ့ အဆီပါတဲ့ အစားအစာများကိုလည်း ရှောင်ဖို့လိုအပ်ပါတယ်။ ဥပမာအနေနဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်၊ အသား၊ ငါး အစရှိသဖြင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသုံးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များကို ပေးစွမ်းနိုင်ပြီး အခုနောက်ပိုင်း အဖြစ်များတဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ ရေဓာတ်အတွက်လည်း ရေအလုံလောက် သောက်ဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်အတွက် တစ်နေ့မှာ အနည်းဆုံး ရေ ၂ လီတာ  သောက်ဖို့ လိုအပ်ပါတယ်။

2. Mental Health
စိတ်ကျန်းမာရေးက များသေားအားဖြင့် စိတ်ဖိစီးမှုကြောင့် ဖြစ်တာ ပိုများပါတယ်။ အဲ့ဒီအတွက် စိတ်ဖိစီးမှုတွေများလာပြီဆိုရင် Mindfulness (သို့) အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးမယ်ဆိုရင် စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ နောက်ပြီး ပြုံးပျော်ရယ်မောခြင်းကလည်း စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ အကောင်းမြင်စိတ်ရှိခြင်းကလည်း ကိုယ့်ရဲ့စိတ်ကို ကြည်လင်လန်းဆန်းစေပြီး စိတ်ကျန်းမာရေးအတွက် ကောင်းစေပါတယ်။

3. Emotional Health
အဖြစ်အပျက်၊ အပြောင်းအလဲတွေပေါ်လိုက်ပြီး ခံစားရတဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ကြောက်ရွံ့မှု၊ ဒေါသထွက်မှု အစရှိတဲ့ စိတ်ခံစားမှုတွေကို ကိုင်တွယ်ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဖြစ်လာခဲ့ရင်လည်း အဲ့ဒီစိတ်ခံစားမှုတွေကို ခံနိုင်ရည်ရှိဖို့ လိုအပ်ပါတယ်။ “စိတ်ထောင်းလို့ ကိုယ်ကြေ” ဆိုတဲ့ စကားပုံအတိုင်း စိတ်ကျန်းမာရေးမကောင်းရင် ကိုယ်ကျန်းမာရေးပါ မကောင်းတော့ဘူး။ စိတ်က အဓိကဖြစ်လို့ စိတ်ပျော်ရွှင်စေမယ့် အရာတွေကို များများလုပ်ပေးရင် ပိုကောင်းပါတယ်။

4. Social Health
မိဘ၊ သားသမီး၊ အိမ်ထောင်ဖက်၊ ချစ်သူရည်းစား၊ သူငယ်ချင်း၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက် စသဖြင့် လူမှုပတ်ဝန်းကျင်မှာ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့ လိုအပ်ပါတယ်။ အဲ့ဒီလို လူမှုပေါင်းသင်းဆက်ဆံရေး‌ကောင်းတယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေပြီး တစ်ယောက်တည်း ခံစားရတဲ့ ခံစားမှုတွေကို မျှဝေခံစားလို့ရပါတယ်။ Activities တွေမှာ ပါဝင်ကူညီတာတွေကလည်း လူမှုဆက်ဆံရေးကို ကောင်းစေပါတယ်။ နောက်ပြီး စာနာစိတ်ရှိဖို့လည်း လိုအပ်ပါတယ်။

5. Sleep and Rest
ညပိုင်းမှာ လုံလုံလောက်လောက် အိပ်စက်၊ အနားယူမယ်ဆိုရင် စိတ်လန်းဆန်းစေပြီး ခန္ဓာကိုယ်အတွက် ကိုယ်ခံအား ကောင်းစေပါတယ်။ များသောအားဖြင့် တစ်နေ့မှာ အနည်းဆုံး 7 နာရီ အိပ်ဖို့ လိုအပ်ပါတယ်။ ပိုကောင်းမွန်တဲ့ အိပ်စက်ခြင်းအတွက် ကိုယ့်ရဲ့ ပုံမှန် အိပ်ချိန်ဇယားကို သတ်မှတ်ထားပြီး အိပ်ရာမဝင်ခင် ကဖိန်းဓာတ်ပါတဲ့ အစားအသောက်တွေနဲ့ Screen Time ကို ရှောင်ဖို့ လိုအပ်ပါတယ်။ ညဘက်မှာ အိပ်မပျော်တာတွေ ဖြစ်တယ်ဆိုရင် တရားခွေ ဒါမှမဟုတ် သံစဉ်လေးတွေ ဖွင့်ထားပြီး အိပ်ပျော်စေမယ့် အရာတွေကို လုပ်ဆောင်လို့ရပါတယ်။ အဲ့ဒီလိုလုပ်ခြင်းဖြင့် နောက်တစ်နေ့မနက်မှာ အိပ်ရေးဝဝလင်လင်နဲ့ လန်းလန်းဆန်းဆန်းရှိပြီး ကိုယ့်ရဲ့ တစ်နေ့တာကို ပိုကောင်းအောင် လုပ်ဆောင်နိုင်စေပါတယ်။

6. Preventive Health
တစ်ခါတစ်လေမှာ ရောဂါဝေဒနာတွေက မဖိတ်ခေါ်ဘဲနဲ့ ရောက်လာတတ်ပါတယ်။ အဲ့ဒီအတွက် တစ်ကိုယ်ရေ သန့်ရှင်းရေး ကောင်းဖို့ အရေးကြီးပါတယ်။ နောက်ပြီး လစဉ် ကျန်းမာရေး စစ်ဆေးတာတွေ၊ ကာကွယ်ဆေးထိုးတာတွေ အစရှိသဖြင့် ကြိုတင်ကာကွယ်လို့ရတာတွေကို လုပ်ဆောင်လို့ရပါတယ်။

7. Avoiding Harmful Habits
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းနဲ့ မူးယစ်ဆေးဝါး သုံးစွဲခြင်းကို ရှောင်ဖို့ လိုအပ်ပါတယ်။ ဥပမာအနေနဲ့ စိတ်မပျော်တဲ့အခါမှာ စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ အရက်သောက်ရင်း အရက်စွဲသွားတာတွေ ရှိပါတယ်။ အဲ့ဒီလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အပျော်အပါးတွေကို ရှောင်ဖို့ လိုအပ်ပါတယ်။ နောက်ပြီး နည်းပညာပိုင်းမှာလည်း တိုးတက်လာတဲ့အတွက် Screen Time နဲ့ Social Media အသုံးပြုမှုကို စီမံခန့်ခွဲပြီး သုံးဖို့လိုအပ်ပါတယ်။

8. Environmental Health
ကိုယ်နေတဲ့ နေရာ၊ အိမ်၊ ပတ်ဝန်းကျင် အစရှိသဖြင့် သန့်ရှင်းသပ်ရပ်ဖို့ လိုအပ်တယ်။ ရှုပ်ပွနေမယ်ဆိုရင် စိတ်ရှုပ်တာတွေ ဖြစ်လာတတ်ပါတယ်။ အဲ့ဒါကြောင့် သန့်သန့်ရှင်းရှင်းနေမယ်ဆိုရင် စိတ်ကို ရှင်းလင်းလန်းဆန်းစေပါတယ်။ နောက်ပြီး သန့်ရှင်းတဲ့လေကို ရှူရှိုက်ရလို့ ကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။

9. Occupational Health
လုပ်ဖော်ကိုင်ဖက်နဲ့ အဆင်မပြေတာတွေ ရှိတယ်ဆိုရင် အလုပ်လုပ်ရတာလည်း အဆင်မပြေ ဖြစ်တတ်ပါတယ်။ အဲ့ဒီလိုအချိန်မှာ စိတ်ဖိစီးမှုတွေဖြစ်လာပြီး မပျော်ရွှင်နိုင်တော့ပါဘူး။ အဲ့ဒါကြောင့် ကိုယ်လုပ်နေတဲ့အလုပ်မှာ အဆင်ပြေပြီး ပျော်ရွှင်ဖို့ အရေးကြီးပါတယ်။ နောက်ပြီး Work-Life Balance ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ အသေးစိတ်ကိုတော့ အောက်ပါလင့်ခ်မှတဆင့် ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။
https://www.spiceworksmyanmar.com/blog/work-vs-life-balance/

10. Financial Health
နေမကောင်းဖြစ်လာရင် ရှောင်လွှဲလို့ မရပါဘူး။ အဲ့ဒီအတွက်လည်း ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ငွေကြေးပိုင်းနဲ့ ပတ်သက်ပြီး စုဆောင်းတာတွေ၊ ရင်းနှီးမြှုပ်နှံတာတွေ လုပ်ဖို့ လိုအပ်ပါတယ်။

Body Mass Index (BMI)
ကိုယ့်ရဲ့ အရပ်အမောင်းမှာ ရှိသင့်တဲ့ ခန္ဓာကိုယ်အလေးချိန်က Underweight ဖြစ်နေလား၊ ကျန်းမာတဲ့ Normal Weight လား၊ အဝလွန်နေတဲ့ Obesity လားဆိုတာ အောက်ကပေးထားတဲ့လင့်ခ်မှာ တွက်ချက်ကြည့်လို့ရပါတယ်။
https://hellosayarwon.com/health-tools/bmi-calculator/

ကိုယ့်ရဲ့နေထိုင်မှုပုံစံက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Healthy Lifestyle ဖြစ်နေလားဆိုတာ ကိုယ့်ကိုယ်ကို သိဖို့ လိုအပ်ပါတယ်။ တကယ်တော့ Healthy Lifestyle ကိုထိန်းသိမ်းဖို့က ပြောတာသာ လွယ်ပေမယ့် လုပ်ဖို့က တော်တော်လေး ခက်ပါတယ်။ ဒါပေမယ့် စိတ်က အဓိကဖြစ်လို့ စိတ်က လုပ်ချင်နေရင် ဘာမဆိုဖြစ်ပါတယ်။ ကိုယ့်ရဲ့ Lifestyle ကို တတ်နိုင်သမျှ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Healthy Lifestyle ဖြစ်အောင် ပြုပြင်ပြောင်းလဲပြီး နေထိုင်ကြည့်သင့်ပါတယ်။

အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ညီမရဲ့ ဘလော့ဂ်လေးကို အဆုံးထိ ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ဘလော့ဂ်တွေမှာ ပြန်လည်ဆုံတွေ့ကြပါမယ်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *