မင်္ဂလာပါ။
ကျွန်တော့်နာမည် ဌေးမင်းခေါင် ဖြစ်ပါတယ်။
SpiceworksMyanmar Co.,Ltd တွင် Web Developer ဖြင့် System ပိုင်းတွင် အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။ ဒီနေ့ ကျွန်တော် ပြန်လည်မျှဝေပေးချင်တာကတော့ ကျွန်တော့်၏ Japan ခရီးစဉ်လေးရဲ့ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံလေးဘဲ ဖြစ်ပါတယ်။ ၂၀၁၈.၁၂.၁၁ ရက်နေ့ကနေ ၂၀၁၈.၁၂.၂၄ ရက်နေ့ အထိ ကျွန်တော့်ကုမ္ပဏီမှ အကုန်အကျခံကာ ကျွန်တော်တို့အား ဂျပန်နိုင်ငံသို့ အတွေ့အကြုံရစေရန် ခရီးစဉ်တစ်ခုလေး စီစဉ်ပေးခဲ့ပါတယ်။ ခရီးစဉ်ကိုတော့ ကျွန်တော်တို့ ကုမ္ပဏီ၏ မန်နေဂျာမှ ဦးဆောင်၍ ပို့ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ခရီးစဉ်လေးကိုတော့ ANA(All Nippon Airways) Air Line ဖြင့် သွားခဲ့ပါတယ်။ ကျွန်တော့်၏ ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်ဖြစ်သလို သွားမည့် နိုင်ငံကလည်း ဂျပန်နိုင်ငံဖြစ်သည့်အတွက် ပိုမိုစိတ်လှုပ်ရှားမိခဲ့တယ်။ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ၈ နာရီကြာ လေယာဉ်စီးခဲ့ရပါတယ်။ ဂျပန်နိုင်ငံကို ရောက်သည့်အချိန်တွင် ပတ်ဝန်းကျင်ဟာ တော်တော်ပြောင်းလဲသွားပါတယ်။ လမ်းညွှန် တော်တော်များများဟာ Japan-English နှစ်ဘာသာဖြင့် ပြထားပါတယ်။ ထို့အတွက်ကြောင့် လမ်းညွှန်ဖတ်ရာတွင် အခက်အခဲ မရှိခဲ့ပါဘူး။ ပထမဦးဆုံး လေယာဉ်ဆိပ်ကနေ ကျွန်တော်တို့ တည်းခိုမည့် Shinjuku Gyoenmae APA Hotel ကို သွားဖို့ ရထားစီးရပါတယ်။ ဂျပန်နိုင်ငံသို့ သွားသည့် ခရီးစဉ်တွင် အတွေ့အကြုံများစွာရခဲ့သလို၊ လေးစားအတုယူရမည့် အလေ့အကျင့်၊ အမူအရာ၊ အပြောအဆို အနေအထိုင်များကိုလည်း သိခဲ့ရပါသည်။
နေရာတိုင်းတွင် သန့်ပြန့်နေခြင်း
ရထားစီးရာတွင်လည်း မြေအောက်ကနေ သွားတာကို အတွေ့အကြုံတစ်ခုအနေနဲ့ ရခဲ့ပါတယ်။ မြေအောက်ခန်းက သန့်ပြန့်နေသလို လူသွားလမ်းစင်္ကြန်တွေဟာလည်း အမှိုက်မရှိတာကို တွေ့ရပါသည်။ ရထားပေါ်ရောက်သည့်အခါတွင်လည်း ထိုင်ခုံ၊ လူသွားလမ်းဟာလည်း သန့်ပြန့်နေတာကို အတွေ့အကြုံတစ်ခုအနေဖြင့် တွေ့ခဲ့ရပါတယ်။
လူသွားလမ်းများဟာ မျက်မမြင်များအတွက် အဆင်ပြေစေရန် လုပ်ပေးထားခြင်း
အဲ့ဒီမှာ သတိထားမိသည်မှာ လူသွားလမ်းတွေမှာ မျက်မမြင်များအတွက် အထူးသီးသန့် လုပ်ပေးထားတာကို တွေ့နိုင်ပါတယ်။ အဝါရောင်ဖြင့် မျက်မမြင်များ လမ်းသွားရာတွင် အဆင်ပြေစေရန် လမ်းကြောင်းများ လုပ်ပေးထားတာကို တွေ့ရပါတယ်။ ထို Sign များဟာ တစ်နေရာတည်းတွင် မဟုတ်ဘဲ လမ်းတိုင်းလမ်းတိုင်း နေရာတိုင်းနေရာတိုင်းတွင် လုပ်ပေးထားခြင်း ဖြစ်ပါတယ်။
ဦးစားပေးတတ်ခြင်း၊ အချင်းချင်းလေးစားမှုရှိခြင်း
ဂျပန်လူမျိုးများဟာ သူတစ်ပါးအား ဦးစားပေးတတ်သည့်အလေ့အထကို တွေ့ခဲ့ရပါသေးတယ်။ အတက်အဆင်း လှေကားများတွင် လူတွေဟာ ဘယ်ဘက်မှ ကပ်လျက်တက်ကြပြီး အမြန်သွားလိုသူများအတွက် လှေကား၏ ညာဘက်မှ သွားနိုင်အောင် လုပ်ပေးကြပါသည်။ ဂျပန်နိုင်ငံဟာ အချိန် တိကျသဖြင့် အလုပ်ချိန် နောက်ကျနေသူများ၊ အရေးကြီး ကိစ္စရှိသူများအတွက် အလျင်အမြန်သွားနိုင်အောင် အချင်းချင်း နားလည်မှုဖြင့် သွားကြသည်ကို မြင်ရသည့်အတွက် ဂျပန်လူမျိုးများကို လေးစားမိခဲ့ပါသည်။ ဂျပန်နိုင်ငံတွင် နောက်ထပ် လေးစားစရာတစ်ခုသည် တန်းစီခြင်း အလေ့အထ တစ်ခုပင် ဖြစ်ပါသည်။ မုန့်ဆိုင်စောင့်ရာတွင် ဖြစ်စေ၊ ရထားစောင့်ရာတွင် ဖြစ်စေ၊ ဓာတ်လှေကားစောင့်ရာတွင်ဖြစ်စေ၊ ပွဲလမ်းသဘင် ပြပွဲများတွင်ဖြစ်စေ၊ တန်းကျော်ခြင်း၊ နေရာလုခြင်း မရှိဘဲ ကိုယ်အလှည့်ဖြင့် ကိုယ်တန်းစီစောင့်ခြင်းသည် အချင်းချင်း လေးစားမှု ပြသသည်ကို တွေ့ခဲ့ရပါသည်။ ရထားပေါ်၊ ကားပေါ်တွင်လည်း ကိုယ့်ကြောင့် သူတစ်ပါးစိတ်အနှောင့်အယှက်ဖြစ်စေမည့် အမူအရာများကို ရှောင်ကြပါသည်။ ဥပမာ ဖုန်းဖြင့်အသံအကျယ်ကြီးဖွင့်ထားခြင်း၊ ဆူညံစွာ စကားပြောဆိုခြင်း တွေ မရှိတာကို တွေ့ရပါသည်။
အချိန်ကို တန်ဖိုးထားခြင်း၊ လေးစားခြင်း၊ တိကျခြင်း
ရထားစီးရာတွင် သတိထားမိခြင်း ဖြစ်ပါတယ်။ ဘူတာတွင် ရထားဆိုက်မည့်အချိန်၊ ရထားသွားမည့်ကြာချိန်များဟာ LED Board ကြီးဖြင့် ပြသထားပြီး ၎င်း အချိန်များသည်လည်း စက္ကန့်ပိုင်းလောက်သာ ကွာဟတာကို သတိထားတွေ့မိပါသည်။ ရထားပေါ်ရောက်သည့်အခါတွင်လည်း စိုက်မည့်ဘူတာတစ်ခုချင်းကိုလည်း ပြထားပြီး ဘယ်ရောက်နေသည်၊ နောက်ဘူတာကို ဘယ်အချိန်ရောက်မည်၊ ထို့အပြင် ဆိုက်ရောက်မည့် အချိန်များစသည်တို့ကို LED Signal ဖြင့် ပြသထားသည်ကို တွေ့ရခဲ့ပါတယ်။ ဘူတာမဆိုက်ရောက်ခင်မှာလည်း ဆိုက်ရောက်မည့်ဘူတာကို အချက်ပေးပြောပြပေးသည့် စနစ်လည်းတွေ့ခဲ့ရပါသည်။ အကယ်၍ သတ်မှတ်ထားသည့်အချိန်ထက်ပိုမိုကြန့်ကြာခဲ့ပါက ၎င်းကြန့်ကြာရသည့်အကြောင်းအရင်းအား ရထားစီးသည့် ခရီးသည်များအား အသိပေးသည်ကိုလည်း တွေ့ခဲ့ရပါသည်။ သို့သော်ထိုသို့ ဖြစ်ရပ်မျိုးဟာ ကြုံတောင့်ကြုံခဲဖြစ်ပါသည်။ ထိုအပြင် ရထားဘူးတာဆိုက်ရောက်လို့ တံခါးပွင့်တော့မည်ဆိုရင်လည်း ခရီးသည်များ မထိခိုက်မိအောင် သတိထားပေးဖို့ကိုလည်း အချက်ပေးသည့် စနစ်လည်း တွေ့ခဲ့ရပါသည်။
အချိန်ကို အကျိုးရှိအောင် အသုံးချခြင်း
ဂျပန်တွင် ရထားစောင့်နေချိန် ဖြစ်စေ၊ ရထားစီးနေချိန် ဖြစ်စေ၊ မှတ်တိုင်တွင် စောင့်နေချိန်ဖြစ်စေ၊ ဂျပန်လူမျိုးများသည် ဖုန်းကို အမြဲစစ်ဆေးနေခြင်း ဖြစ်ပါသည်။ ၎င်းတို့သည် Social Media က Post တွေကို ဖတ်နေခြင်း မဟုတ်ဘဲ ၎င်းတို့၏ အီးမေးလ်များကို စစ်နေခြင်း၊ အလုပ်နှင့်ပတ်သက်သော စာများ၊ ဗဟုသုတရနိုင်မည့် စာများအား ဖတ်နေသည်ကို သတိထားတွေ့မိပါသည်။ ဂျပန်နိုင်ငံသည် ကျွန်တော်တို့ မြန်မာနိုင်ငံလို ဖုန်းဖြင့် ဆက်သွယ်ခြင်း၊ Messenger မှ စာပို့ခြင်း မဟုတ်ဘဲ E-Mail ကို အသုံးပြု၍ အချင်းချင်း ဆက်သွယ်ခြင်းဖြစ်သည့်အတွက်ကြောင့် E-mail အား အမြဲတစေ စစ်ရပါသည်။
လမ်းသွားစင်္ကြန်တွင် လျှောက်ရသည်မှာစိတ်ချမ်းသာခြင်း
ဂျပန်နိုင်ငံတွင် လမ်းလျှောက်သွားလာရသည်မှာ အတော်ကလေး စိတ်ချမ်းသာရပါသည်။ အလျင်လိုသူများဟာ ခြေလှမ်းသွက်သွက်ဖြင့် လျှောက်ကြသော်လည်း သူတစ်ပါးအား မထိခိုက်မိစေရန် ကိုယ့်လမ်းအတိုင်းသာလျှောက်ခြင်း၊ လူသွား လမ်းပေါ်တွင် စက်ဘီးစီးခွင့်ပြုထားသော်လည်း သူတစ်ပါးအား မထိခိုက်မိစေရန် ပုံမှန် သွားနှုန်းဖြင့်သာ စီးခြင်းကို တွေ့ခဲ့ရပါတယ်။ အထူး လေးစားမိသည့်အချက်ကတော့ ကားသမားများဟာ လမ်းလျှောက်သူများအား ဦးစားပေးခြင်းပင် ဖြစ်ပါသည်။ မီးပွိုင့်များ၊ လူကူးမျဉ်းကြားများဟာ တကယ် အသက်ဝင်လှပါသည်။ လမ်းကူးသူများဟာလည်း မီးပွိုင့် အရောင်များ၊ Signal များအတိုင်း သွားလာရသလို ကားသမားများဟာလည်း လမ်းကူးသူများကို ဦးစားပေးသည်ကို တွေ့ခဲ့ရပါသေးသည်။ အမှတ်တရဖြစ်ခဲ့ရတာတွေကတော့ ကျွန်တော် လမ်းကူးချိန်တွင် မီးပွိုင့်မရှိသော်လည်း လမ်းကူးမည့်ကျွန်တော့်အား ဦးစားပေး၍ စောင့်ပေးခြင်း၊ မီးပွိုင့်အရောင်ပြောင်းသွားသော်လည်း လမ်းကူးနေသူရှိနေပါက စောင့်ပေးသည်ကို တွေ့ရခဲ့သည်မှာ ဂျပန်နိုင်ငံတွင် လမ်းကူးရသည်မှာ အတော်ပင် Safe ဖြစ်သည်ကို တွေးမိခဲ့ပါသည်။ ထို့အတူ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ၎င်းကဲသို့ လမ်းကူးကြမည်။ ထို့အတူ ကားသမားများကလည်း လမ်းကူးသူများကို အန္တရယ်မဖြစ်အောင် ဦးစားပေးကြမည်ဆိုရင် မလိုလားအပ်သော အသက်ဆုံးရှုံးခြင်းများ နည်းပါးသွားမည်ဟု တွေးမိပါသည်။
Auto စနစ်များ အသုံးပြုတွင်ကျယ်ခြင်း
ဂျပန်နိုင်ငံသည် ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်သည်အလျောက် အသုံးပြုသည့် စနစ်များသည် အလျိအလျောက် စနစ်များကို အသုံးပြုကြပြီး Safety အတွက်လည်း အထူးစဉ်းစားပေးထားသည်ကိုလည်း တွေ့ခဲ့ရပါသည်။ ရထားစီးရာတွင် ကတ်စနစ်ဖြင့် အသုံးပြုခြင်း ဖြစ်ပြီး ၎င်းကတ်များ အသုံးပြုခြင်း ငွေထည့်ခြင်းများသည်လည်း Computer စနစ်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ပါသည်။
ထို့အတူ တစ်ခါသုံးကတ်များကိုလည်း ဘူတာဂိတ်တွင် ဝယ်ပြီးစီးမယ်ဆိုရင်လည်း အဆင်ပြေအောင် စီစဉ်ထားသည်ကိုတွေ့ခဲ့ရပါသည်။
အစားအသောက်များ
ဂျပန်နိုင်ငံသည် အစားအသောက်များကို အထူး သန့်ရှင်းသလို နူးညံ့၍ အရသာရှိအောင် ဖန်တီးထားသည်ကို တွေ့ရပါသည်။ အပြင်အဆင်များကိုလည်း ဆွဲဆောင်မှုရှိအောင် လုပ်ထားသေးပါသေးတယ်။ ထို့အတူ Menu များတွင်လည်း ပါဝင်မည့် Kilo Calorie ကိုလည်း ပြထားပြီး ဈေးနှုန်း ပုံစံတွေကိုလည်း ပြထားပြီး စာအုပ်လို ပုံစံမျိုးဖြင့် အမျိုးအစားများကို ခွဲ၍ ပြထားပါသည်။ အသုံးပြုသည့် ပန်းကန်၊ သောက်မည့် ရေခွက်၊ သုတ်မည့် အဝတ်၊ အခင်းအကျင်းများဟာ သန့်ရှင်းသပ်ရပ်နေသည့်အတွက် လာရောက်စားသုံးသူများဟာ သန့်ရှင်းလက်ဆက်၍ စိတ်ချမ်းသာမှု အပြည့်ဖြင့် စားသုံးနိုင်အောင် စီစဉ်ပေးထားတာကို တွေ့ခဲ့ရပါသည်။ ထို့အပြင် ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများဟာလည်း စားသုံးသူများကို ကြည်လင်သော အပြုံးဖြင့် ဝန်ဆောင်မှုပေးနေသည်ကို တွေ့ခဲ့ရ၍အလွန်စိတ်ချမ်းသာမှုကို ရရှိခဲ့ပါသည်။
ကျွန်တော့်အား လိုလေသေးမရှိ အဆင်ပြေစွာဖြင့် လိုက်ပို့ပေးကြသော Spiceworks Myanmar ၏ သူဌေး Seiji Sekine さん နှင့် မန်နေဂျာဖြစ်သော ကိုမြတ်မင်းဆွေတို့အား အထူးကျေးဇူးတင်ရှိပါတယ်။ ယခု မျှဝေခဲ့တာကတော့ ကျွန်တော့်၏ ဂျပန်သို့ နှစ်ပတ်ခရီးစဉ်အတွင်း တွေ့ကြုံခဲ့သမျှတွေ ဖြစ်ပါတယ်။ လာရောက် ဖတ်ရှုသူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
Spiceworks Myanmar နဲ့အတူ မိမိရဲ့အနာဂတ် အိပ်မက်တွေကို အကောင်အထည်ဖော်ဆောင်သွားဖို့ စိတ်ပါဝင်စားတယ်ဆိုရင်တော့ အောက်က Link ကနေတဆင့် Spiceworks Myanmar ၏ အလုပ်အကိုင် အခွင့်အလမ်းများကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျား။