Work Style

How to Get Started in IT (Information Technology)

အားလုံးပဲ မင်္ဂလာပါ။ ညီမကတော့ Spiceworks Myanmar မှာ Web Designer အဖြစ် တာဝန်ယူလုပ်ကိုင်နေတဲ့ နီလာဌေး ဖြစ်ပါတယ်။ ဒီနေ့ ညီမပြောပြသွားမယ့် ခေါင်းစဉ်လေးကတော့ How to Get Started in IT ပဲ ဖြစ်ပါတယ်။ IT ပိုင်းမှာ လုပ်ကိုင်နေကြတဲ့ လူတော်တော်များများ သိပြီးသား၊ ရင်းနှီးပြီးသားလို့ ထင်ပါတယ်။ ဒါပေမယ့် အခုမှ IT ပိုင်းကို စိတ်ဝင်စားပြီး IT နယ်ပယ်ထဲကို စဝင်မယ့် လူငယ်လေးတွေအတွက် ရည်ရွယ်ပြီး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ညီမပြောသွားတဲ့အထဲမှာ နားလည်မှုလွဲတာလေးတွေ၊ မှားနေတာလေးတွေ ပါခဲ့မယ်ဆိုရင် ဖြည့်စွက်ပြီး ဖတ်ပေးဖို့ အရင်ဦးဆုံး တောင်းဆိုချင်ပါတယ်။

IT ဆိုတာ Information Technology ပဲ ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ IT အလုပ်ကို ရွေးချယ်လိုက်ပြီဆိုရင် IT နဲ့ ပတ်သက်တဲ့ အရာအားလုံးကို နှစ်သက်မြတ်နိုးနေရပါမယ်။ အဲ့ဒါဆိုရင် IT အလုပ်က ကိုယ့်အတွက် ပြီးပြည့်စုံတဲ့ အလုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ အရင်က IT အလုပ်တွေ သိပ်မရှိပေမယ့် အခုနောက်ပိုင်းဆိုရင် IT skills တွေက မြို့ကြီးတွေမှာမှမဟုတ် နယ်မြို့လေးတွေမှာပါ လိုအပ်လာပါပြီ။ ဥပမာ Hospitals, Banks, Universities တွေမှာလည်း သူ့နေရာနဲ့သူ လိုအပ်လာပါတယ်။ IT နယ်ပယ်မှာ မတူညီတဲ့ career paths တွေ အများကြီး ရှိတဲ့အတွက် ရွေးချယ်စရာတွေလည်း အများကြီးရှိပါတယ်။ တဖြည်းဖြည်းနဲ့ IT ပိုင်းက မြင့်လာတဲ့အတွက်ကြောင့် အချိန်ကြာလာတာနဲ့အမျှ ကိုယ့်အတွက် တိုးတက်ဖို့ အခွင့်အလမ်းတွေ အများကြီးရစေပါတယ်။ ဒါကြောင့် IT က လူတိုင်းအတွက် စိတ်ဝင်စားစရာတစ်ခု ဖြစ်လာပါတယ်။ အဲ့ဒီအတွက် လူငယ်တော်တော်များများက IT အလုပ် လုပ်ချင်တယ်၊ ဘယ်အပိုင်းက ကောင်းလဲ၊ ဘယ်ကစရမလဲ၊ ဘာတွေကိုလေ့လာဖို့လိုအပ်လဲ စသည်ဖြင့် တော်တော်များများ မေးလာကြတယ်။

Things You Should Know

1. Can you get an IT job without a degree?
လုပ်ငန်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ တစ်ခါတစ်ရံတော့ အနည်းဆုံး Bachelor’s Degree ကိုတော့ လိုအပ်ပါတယ်။ Customer support နဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ အလုပ်တွေ တော်တော်များများကတော့ ကွန်ပျူတာသင်တန်း တက်ထားရုံလောက်နဲ့ အဆင်ပြေပါတယ်။ ကိုယ်လုပ်မယ့်အလုပ်နဲ့ ကိုက်ညီတဲ့ အသိမှတ်ပြုထားတဲ့ certificate လက်မှတ်ရှိမယ်ဆိုရင်လည်း entry-level ကို ဝင်ရောက်ပြီး အလုပ်လုပ်လို့ရပါတယ်။ ရွေးချယ်စရာတွေ အများကြီးရှိတဲ့အတွက် ကိုယ့်မှာရှိတဲ့ skills နဲ့ ကိုက်ညီတဲ့ career ကို ရှာနိုင်ပါတယ်။ နောက်တစ်ခုအနေနဲ့ resume ကို ကိုယ့်မှာရှိတဲ့ skills တွေနဲ့ ကိုက်ညီအောင် သေချာပြင်ဆင်ဖို့တော့ လိုအပ်ပါတယ်။ အလုပ်ခေါ်စာတွေကို သေချာဖတ်ပြီး ကိုယ်နဲ့ကိုက်ညီမှ လျှောက်စေချင်ပါတယ်။

2. What qualifications do you need to work in IT?
အခုနောက်ပိုင်း IT ပိုင်းကို ဝင်တဲ့လူတွေကလည်း များလာပြီဖြစ်တဲ့အတွက် company ဘက်ကနေမှလည်း ရွေးချယ်စရာ လူငယ်တွေအများကြီးထဲကမှ ရွေးရတာ ဖြစ်တဲ့အတွက် ကိုယ့်ဘက်က ပိုပြီးပြည့်စုံနေရင် ပိုကောင်းပါတယ်။ များသောအားဖြင့် ဘွဲ့ရထားရင် ပိုပြီး အခွင့်လမ်း များလာပါတယ်။ အဲ့ဒီအတွက် ကိုယ်က အခုမှ အထက်တန်း အောင်မြင်ထားတယ်ဆိုရင် major ရွေးပြီး IT တက္ကသိုလ်တွေမှာ တက်လို့ရပါတယ်။ ဥပမာ Computer Science၊ Information Technology၊ တခြား IT နဲ့ သက်ဆိုင်တဲ့ ကောလိပ်တွေမှာ တက်လို့ရပါတယ်။ တခြားဘွဲ့နဲ့ ကျောင်းပြီးထားသူတွေကလည်း အသိမှတ်ပြုထားတဲ့ IT သင်တန်းတွေ၊ ကောလိပ်တွေမှာ တက်လို့ရပါတယ်။ Online အတန်းတွေရော အများကြီး ရှိတဲ့အတွက် ကိုယ်ကြိုက်နှစ်သက်ရာကိုရွေးပြီး တက်လို့ရပါတယ်။ တော်တော်များများ စာတွေ့သင်ခဲ့ရပေမယ့်လည်း အလုပ်ခွင်ထဲ ရောက်တဲ့အခါမှာ လက်တွေ့လုပ်ရတာ ဖြစ်တဲ့အတွက် အထောက်အကူ ရစေပါတယ်။ IT career လမ်းကြောင်းတွေ အများကြီးရှိတဲ့အတွက် ကိုယ်တကယ်စိတ်ဝင်စားတဲ့ career ကို ရွေးစေချင်ပါတယ်။

3. What personality traits are good for a career in IT?
ကိုယ့်ရဲ့ personal စရိုက်တွေကလည်း တစ်မျိုးတစ်ဖုံ လိုအပ်ပါတယ်။ IT အလုပ်ကို လုပ်နေတာ ဖြစ်တဲ့အတွက် နည်းပညာတွေကို နှစ်သက်မြတ်နိုးနေရပါမယ်။ နောက်ပြီး ပြောင်းလဲမှုတွေကို လက်ခံနိုင်ပြီး လိုက်လျောညီထွေစွာ နေတက်ဖို့လည်း လိုအပ်ပါတယ်။ ဥပမာ အရင်က php version 7.2 သုံးတယ်ဆိုပါစို့၊ အခု php version 8.0 ပြောင်းပြီး သုံးမှ အဆင်ပြေမယ်ဆိုရင် အဲ့ဒီ ပြောင်းလဲမှုကို လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။ Computer, programming, networks, websites, code စတဲ့ IT အလုပ်နဲ့ ပတ်သက်တဲ့ အရာအားလုံးကို နှစ်သက်နေမှ ကိုယ့် career အတွက် ရေရှည်တည်တံ့မှာ ဖြစ်ပါတယ်။ နည်းပညာက အမြဲတမ်း တိုးတက်နေတာ ဖြစ်တဲ့အတွက် လေ့လာသင်ယူမှုကလည်း ပြီးဆုံးသွားတယ်ဆိုတာ မရှိပါဘူး။ ကိုယ်လုပ်နေတဲ့ career နဲ့ သက်ဆိုင်တဲ့ နည်းပညာပိုင်းမှာ အသစ်တွေ ပေါ်လာပြီဆိုရင်လည်း လေ့လာဖို့ အဆင်သင့်ဖြစ်နေရပါမယ်။

4. What are the careers in information technology?
ကိုယ်လုပ်တဲ့အလုပ်က ကိုယ့်ကျွမ်းကျင်မှု အပေါ်မှာပဲ မူတည်ပါတယ်။ Career လမ်းကြောင်းတွေ အများကြီး ရှိတဲ့အတွက် ကိုယ်က ဘာလုပ်ရတာကြိုက်တယ်၊ ဘာလုပ်ရတာမကြိုက်ဘူး အစရှိသဖြင့် ကိုယ့်ကိုယ်ကို သိဖို့တော့ လိုအပ်ပါတယ်။ ဥပမာ ကိုယ်က code ရေးရတာကို ကြိုက်တယ်ဆိုရင် Programmer, Software Developer, Web Developer စသည်တို့ကို လုပ်လို့ရပါတယ်။ နောက်ပြီး ကိုယ်က ခေတ်မှီနည်းပညာတွေကို research လုပ်ရတာ ကြိုက်တယ်ဆိုရင် Computer & Information Research Scientist အဖြစ် အလုပ်လုပ်လို့ရပါတယ်။

Job and Career
Job နဲ့ Career ရဲ့ ကွဲပြားပုံလေးကို နည်းနည်း ပြောပြပေးချင်ပါတယ်။ Job ဆိုတာ salary ရဖို့အတွက် လုပ်ဆောင်နေရတဲ့ အလုပ်၊ တာဝန်၊ task assigned တစ်ခုလိုပဲ ဖြစ်ပါတယ်။ Career လို့ တွေးလိုက်ပြီဆိုရင်တော့ တစ်လုံးတည်း ဘာသာပြန်ဖို့ ခက်ပါတယ်။ ကိုယ်လုပ်ခဲ့တဲ့တစ်လျှောက် ဘဝတစ်ခုလုံးအတွက် ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ညီမဖတ်ဖူးတဲ့ စာအုပ်ထဲမှာ “ဘဝဆိုတာ game တစ်ခုဆိုရင် Job က ကိုယ်ဖြတ်ကျော်ရတဲ့ level တစ်ခုချင်းစီကို ပြောတာဖြစ်ပြီး Career ဆိုတာမျိုး ဖြစ်လာပြီ၊ တွေးလိုက်ပြီဆိုရင် ပထမ level ကနေ နောက် level တစ်ခုကို တက်နိုင်အောင် အမြဲကြိုးစားနေတာဖြစ်ပြီး အမှားတွေကနေ သင်ခန်းစာယူပြီး ရေရှည်ကို ကြည့်တဲ့ သဘောဖြစ်ပါတယ်။” ဒါကြောင့် အလုပ်တစ်ခုကို ဒီတိုင်းလေး လစာရရုံလေးနဲ့ မဟုတ်ပဲ ရေရှည်အတွက် ကိုယ်ဘာတွေလုပ်ရအုံးမယ်၊ ဘာတွေလေ့လာဖို့ လိုအပ်တယ် စသည်ဖြင့် စဉ်းစားတွေးတောပြီး လုပ်နေဖို့ လိုအပ်ပါတယ်။ လစာကို လုံးဝမကြည့်နဲ့လို့ ဆိုလိုတာမျိုးတော့ မဟုတ်ပါဘူး။ မိသားစု စားဝတ်နေရေးက ရှိနေတဲ့အတွက် ကိုယ်လုပ်တဲ့အလုပ်နဲ့ ထိုက်တန်တဲ့ လစာကိုတော့ ရဖို့လိုအပ်ပါတယ်။

IT Career Paths
IT career လမ်းကြောင်းတွေရဲ့ တော်တော်များများ လုပ်ဆောင်ရတဲ့ တာဝန်တွေကို သိနားလည်ထားမယ်ဆိုရင် ကိုယ်အမှန်တကယ် စိတ်ဝင်စားတဲ့ career ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် စဝင်မယ့် ပထမခြေလှမ်းအတွက် အများကြီး အထောက်အကူပြုပါတယ်။ ကိုယ်လည်း စိတ်ဝင်စားပြီး ကိုယ်နဲ့ကိုက်ညီတဲ့ career မှာ အလုပ်လုပ်မယ်ဆိုရင် ပျော်ဖို့ကောင်းပြီး နောက်ပိုင်းတွေမှာ လေ့လာစရာတွေ၊ အခွင့်လမ်းတွေ ပိုပြီးရစေပါတယ်။ အဲ့ဒီအတွက် ညီမ သိထားသလောက် career လမ်းကြောင်းတွေကို အကြမ်းဖျင်းအားဖြင့် ပြောပြပေးချင်ပါတယ်။

1. Computer Support
Computer ရဲ့ လုပ်ဆောင်ချက်တွေကို ပံ့ပိုးပေးရတဲ့အလုပ် ဖြစ်ပါတယ်။
Job Position: IT support technician

2. Cybersecurity
Systems, devices တွေမှာ virus တွေကနေ အရေးကြီးတဲ့ အချက်အလက်တွေကို ခွင့်ပြုချက်မရှိပဲ ဝင်ရောက်တာတွေ၊ ပျက်စီးမှုတွေ၊ Data ချိုးဖောက်မှုတွေကနေ ကာကွယ်ပေးရတဲ့အလုပ် ဖြစ်ပါတယ်။
Job Position: Information security analyst, cybersecurity analyst, Cybersecurity engineer

3. Networks and Systems
Network နဲ့ သက်ဆိုင်တဲ့ အလုပ်တွေ၊ hardware တွေ၊ computer systems နဲ့ server တွေမှာ အလုပ်လုပ်ရတဲ့အလုပ် ဖြစ်ပါတယ်။
Job Position: Network administrator, Systems administrator, Network engineer, Systems engineer

4. Software Development
Computer programs တွေကို ဖန်တီးရတဲ့အလုပ် ဖြစ်ပါတယ်။
Job Position: Software engineer, Software developer

5. Web Development
Websites, web applications, phone applications တွေကို ဖန်တီးပြီး ထိန်းသိမ်းပေးရတဲ့အလုပ် ဖြစ်ပါတယ်။
Job Position: Web developer, Web designer, Front-end developer, Back-end developer, Full stack developer, Front-end engineer, Back-end engineer, Full-stack engineer

6. Data
အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ စက်ပစ္စည်းတွေမှာ သုံးစွဲတဲ့ customer တွေရဲ့ အချက်အလက်တွေကို သိမ်းဆည်းပေးရပြီး security ကို ထိန်းသိမ်းပေးရတဲ့အလုပ်ဖြစ်ပါတယ်။
Job Position: Database administrator, Data analyst

7. Cloud Computing
Computer hard drive တွေအစား internet ကို အသုံးပြုပြီး data တွေကို သိမ်းဆည်းပေးရတဲ့အလုပ် ဖြစ်ပါတယ်။
Job Position: Cloud engineer, Cloud computing programmer

အခု ညီမပြောသွားတဲ့ Career လမ်းကြောင်းတွေကို ဒီ link https://www.coursera.org/articles/it-career-paths-how-to-get-started ကနေတဆင့် တစ်ခုချင်းစီ အသေးစိတ် ဝင်‌ပြီး ဖတ်ကြည့်လို့ရပါတယ်။ အဲ့ဒီကနေတစ်ဆင့် ကိုယ်စိတ်ဝင်စားတဲ့ career ကို ရွေးချယ်ပြီး လိုအပ်တာတွေ ထပ်ပြီး လေ့လာလို့ရပါတယ်။ အားလုံးပဲ ကိုယ်လုပ်နေတဲ့ career နဲ့ ကိုယ်စိတ်ဝင်စားတဲ့ career တစ်ထပ်တည်းကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ညီမရဲ့ blog လေးကို အဆုံးထိ ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *