မင်္ဂလာပါရှင့်။
ကျွန်မကတော့ Spiceworks Myanmar က အိဖြိုးမွန် ဖြစ်ပါတယ်။ ယခုတစ်ပတ်အတွက် ရေးဖြစ်ခဲ့တဲ့ ဘလော့ဂ်ကတော့ အတွေးလွန်ခြင်းကို ဘယ်လိုရပ်တန့်မလဲ ဆိုတဲ့ခေါင်းစဉ်ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကိုတော့ လွန်ခဲ့သော (၆) လခန့်က ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာကို ပြန်လည်သုံးသပ် ဆင်ခြင်ရင်း ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်။
တစ်ကယ်တော့အတွေးလွန်ခြင်းဆိုတာဟာ မိမိကိုယ်ကို ပိုမို စိုးရိမ်စိတ်များစေတဲ့အပြင် တချို့အရာတွေက အမှန်တကယ်ထက်ပင် ပိုဆိုးရွားစေပါတယ်။ ကျွန်မအတွက်တော့ Over thinking ဆိုတာ တော်တော်ဆိုးရွားတဲ့ စိတ်ကျရောဂါဖြစ်စေနိုင်လောက်တဲ့အထိ စိတ်ခွန်အားကျဆင်းစေခဲ့တဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီအတွေးလွန်ခြင်းတွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ အနှောင့်ယှက်ပေးတတ်ကြပါတယ်။ ထိုအရာတွေကတော့
(၁) မကောင်းတဲ့အရာတွေကိုပဲ ထပ်ခါထပ်ခါ တွေးမိနေခြင်း
(၂) ကိုယ့်ကိုယ်ကို အားမလို အားမရဖြစ်စေခြင်း
(၃) အကောင်းမမြင်နိုင်ခြင်း
(၄) ဖြစ်ပြီးသား ကိစ္စတွေကနေ ရုန်းမထွက်နိုင်ပဲ အမြဲတစေ တွေးပူနေရခြင်းတွေပဲ ဖြစ်ပါတယ်။
အမှန်တကယ်တော့ အတွေးလွန်ခြင်းဟာ အချိန်တွေကိုသာ အကျိုးမရှိ ကုန်ဆုံးစေခဲ့ပေမယ့် ကျွန်မကိုယ်တိုင်ဆီကို တိကျကောင်းမွန်တဲ့ အဖြေတစ်ခုအဖြစ် ရောက်မလာစေခဲ့ပါဘူး။ ထို့အပြင် မှန်ကန်တဲ့ အဖြေတစ်ခုကိုလဲ တိတိကျကျ မပေးနိုင်ပါဘူး။ လုပ်ရမယ့်အလုပ်တွေ သင်ယူလေ့လာနေတာတွေကိုပါ ဆက်မလုပ်နိုင်ပဲ နှစ်ခါပြန်မရတဲ့ မိမိကိုယ်ပိုင် အချိန်တွေကိုပါ အကြောင်းမဲ့သက်သက် ဖြုန်းတီးမှုတွေ ဖြစ်ခဲ့ပါတယ်။ ထိုအရာတွေကို ကျွန်မအနေနဲ့ အောက်မှာဖော်ပြပေးမယ့် အချက်တွေနဲ့ ကြိုးစားပြင်ဆင်ခဲ့ပါတယ်။
(၁) ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်း
(၂) အာရုံစူးစိုက်မှုအားကောင်းအောင် ပြုမူနေထိုင်ခြင်း
(၃) Positive energy ဖြစ်စေတဲ့ Meditation ထိုင်ခြင်း
(၄) လက်ရှိဖြစ်နေတဲ့ အချိန်ကာလကိုသာ အာရုံစိုက်ခြင်း
(၅) အပြုသဘောဆောင်တဲ့ အရာများကိုတွေးခြင်း
(၆) စာအုပ်တွင် ချရေးခြင်း
(၇) မိမိအပေါ်ကျေးဇူးရှိသူနှင့် မိမိအတွက်ရှိနေသောအရာဝတ္ထုများအပေါ် သေးသေးလေးကအစ ကျေးဇူးတင်တတ်စေခြင်း
စသည့် အကြောင်းအရာများက ကျွန်မကို တည်ငြိမ်အေးချမ်းတဲ့ အနေအထားတစ်ခုသို့ရောက်ရှိအောင်တွန်းပို့ပေးခဲ့ပါတယ်။ ဒီအချက်တွေထဲကမှ မိမိအတွက် အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေကို စာအုပ်မှာချရေးတာရယ် အသေးစိတ်လေးကအစ ကျေးဇူးတင်တဲ့အရာတွေကိုချရေးတာတွေက တော်တော်ထိရောက်စေတဲ့အပြင် YouTube တွေမှာ Mediation and Healing နဲ့ပတ်သက်တာတွေကို ညစဉ်ညတိုင်း အလေ့အကျင့်ပြုလုပ်ခြင်းက ကျွန်မအတွက်တော်တော်လေး အဆင်ပြေ ထိရောက်ခဲ့ပါတယ်။ နောက်တစ်ခုအနေနဲ့ကတော့ Mediation နဲ့ပတ်သက်ပြီး အောက်မှာပေးထားတဲ့ လင့်ခ် မှတဆင့် free course များကိုလေ့လာနိုင်ပါသေးတယ်။
https://arabelleyee.teachable.com/courses/1314510/lectures/30173011
ယခုအချိန်မှာ စာဖတ်သူ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်သလို စာရေးခွင့်ရနေတဲ့ ကျွန်မလဲ ကိုယ့်ကိုယ်ကို ကျေးဇူးတင်ပါတယ်။ ယခုလို အဘက်ဘက်မှ ဆိုးရွားနေတဲ့ အခြေအနေတွေမှာ မိမိကိုယ်မိမိ ကိုယ်ရောစိတ်ပါ ကျန်းမာအောင် ဂရုစိုက်ပြီး ကောင်းမွန်သော အရာများကိုသာ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။