အားလုံးဘဲ မင်္ဂလာပါရှင့်။ ကျွန်မကတော့ Spiceworks Myanmar မှာ Administrative Assistant အနေနဲ့ ဝင်ရောက်လုပ်ကိုင်နေတဲ့ မလဲ့ရည်ဖြိုး ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျွန်မ မျှဝေပေးချင်တဲ့ အကြောင်းအရာကတော့ လုပ်ငန်းခွင်ဝင်နေကြသော ကျွန်မတို့ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လစာဝင်ငွေကနေ Income Tax (ဝင်ငွေခွန်) တွေသာ တစ်လတစ်လဆောင်နေကြတယ်၊ အခွန်ဆောင်ရမယ်ဆိုလို့သာ ဆောင်လိုက်ကြရတယ်၊ Income Tax (ဝင်ငွေခွန်) ဆိုတာ ဘာလဲ၊ ဘာလို့ဆောင်နေရတာလဲ၊ HR Department မှ ဘယ်လိုတွက်ချက်သလဲ၊ လစာဝင်ငွေခွန်ဆောင်တဲ့အတွက် ဘယ်လိုအခွင့်အရေးတွေ၊ ဘယ်လိုသက်သာခွင့်တွေ ရရှိမလဲဆိုတာ အားလုံးအတွက် အထောက်အကူဖြစ်စေရန် Income Taxation Process ဆိုတဲ့ Blog လေးကို မျှဝေသွားပါမယ်။
မြန်မာနိုင်ငံပြည်တွင်းအခွန်များဦးစီးဌာနက တရားဝင်သတ်မှတ်ထုတ်ပြန်ထားတဲ့ လစာခေါင်းစဉ်မှ ဝင်ငွေခွန်ပုဒ်မ (၉) အရ နှစ်တစ်နှစ်အတွင်း အလုပ်ရှင်ထံမှရရှိတဲ့ လစာဝင်ငွေကျပ် (၄၈) သိန်းနှင့်အထက် လစာဝင်ငွေ ရရှိသူတိုင်း ဝင်ငွေခွန် ဆောင်ကြရပါတယ်။ ဥပမာ – ကျွန်မတို့ မြေငှားရမ်းခြင်း၊ အဆောက်အအုံ ငှားရမ်းခြင်း၊ အခန်းငှားရမ်းခြင်းမှ ဝင်ငွေရရှိလျှင် (ကုန်သွယ်လုပ်ငန်းခွန်နှင့်ဝင်ငွေခွန်)၊ ကုန်ပစ္စည်းတစ်ခုခုရောင်းချ၍ အမြတ်စွန်းဝင်ငွေရရှိလျှင် (ဝင်ငွေခွန်) စသဖြင့် သက်ဆိုင်ရာအခွန်များကို အသီးသီး ဆောင်ကြရပါတယ်။ ဝင်ငွေခွန် (Income Tax) ဆိုတာကတော့ မိမိနည်းနည်းရလျှင် နည်းနည်းပဲပေးဆောင်ရမှာဖြစ်ပြီး၊ များများရလျှင် များများပေးဆောင်ရမှာ ဖြစ်ပါတယ်။ ၀င်ငွေခွန် (Income Tax) က Quarterly ဆောင်ရတာဖြစ်ပြီး တစ်လမှာ ဘယ်လောက်ဆောင်ရမယ်ဆိုတာထက် ကုမ္ပဏီတစ်ခုနဲ့တစ်ခု လစဉ်တွက်တဲ့၊ ဖြတ်တဲ့ပမာဏက အနည်းငယ်ကွာဟမှု ရှိနိုင်ပါတယ်။ နှစ်တစ်နှစ်အတွင်း လစာဝင်ငွေ ကျပ် (၄၈) သိန်း အထက်ရရှိပါက စုစုပေါင်းဝင်ငွေမှ ဝင်ငွေခွန်ဥပဒေ ပုဒ်မ (၆) အရ သက်သာခွင့်များကို နုတ်ပယ်ပြီးနောက် ကျန်ရှိသော ဝင်ငွေအပေါ်မူတည်၍ တွက်ချက်ကာ ဝင်ငွေနှုန်းထားအလိုက် ဝင်ငွေခွန် ကျသင့်ပေးဆောင်ကြရမှာ ဖြစ်ပါတယ်။
ဆက်လက်၍ ဝင်ငွေခွန်ဥပဒေ ပုဒ်မ (၆) အရ ဝင်ငွေခွန်တွက်ချက်ရာမှာ နှုတ်ယူရမည့်သက်သာခွင့်များအကြောင်း မျှဝေချင်ပါတယ်။ နှုတ်ယူရမည့် သက်သာခွင့်ဆိုတာ ဝင်ငွေခွန်ဆောင်ခြင်းကြောင့် ရရှိမည့် အခွင့်အရေးများပင်ဖြစ်ပြီး ဝင်ငွေခွန်တွက်ချက်ရာမှာ အခြေခံသက်သာခွင့် အမျိုးအစား (၄) မျိုး ပါဝင်ပါတယ်။
(၁) သက်သာခွင့် (Relief)
ဝင်ငွေခွန်ဥပဒေပုဒ်မ (၆) အရ သက်သာခွင့်တွင် အခြေခံသက်သာခွင့်အဖြစ် နှစ်တစ်နှစ်တွင်း စုစုပေါင်းဝင်ငွေ၏ ၂၀ ရာခိုင်နှုန်း (ကျပ်သိန်း ၁၀၀ ထက်မပိုစေရ) ရရှိပါတယ်။
အတူနေမိဘအတွက် သက်သာခွင့် (တစ်ဦးလျှင် ကျပ် ၁၀ သိန်းစီ)၊ အိမ်ထောင်ဖက်အတွက် သက်သာခွင့် (တစ်ဦးလျှင် ကျပ် ၁၀ သိန်း)၊ သားသမီးအတွက် သက်သာခွင့် (တစ်ဦးလျှင် ကျပ် ၅ သိန်းစီ)၊ အသက်အာမခံအတွက် ပေးရသည့် ပရီမီယံ (အခွန်ထမ်းနှင့်အိမ်ထောင်ဖက်အတွက်သာ)၊ လူမှုဖူလုံရေးရန်ပုံငွေသို့ထည့်ဝင်ငွေ (အခွန်ထမ်းအတွက်သာ) တို့ ပါဝင်ပါတယ်။
(၂) ကင်းလွတ်ခွင့် (Exemption)
ကင်းလွတ်ခွင့်တွင် နှစ်တစ်နှစ်အတွက် လစာဝင်ငွေ (၄၈) သိန်းအထိ ဝင်ငွေခွန် ကင်းလွတ်ခွင့်ရှိပြီး မိမိ၏ စုစုပေါင်းဝင်ငွေက သိန်း (၂၀) အောက်မှာပဲရှိတယ်ဆိုရင် အခွန်ဆောင်စရာ မလိုအပ်သေးပါ။ သတ်မှတ်ထားသော ကုန်ပစ္စည်းများမှ အမြတ်ငွေရရှိသူများအနေဖြင့် နှစ်တစ်နှစ်အတွင်း ရောင်းချသည့် ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ်သိန်း ၁၀၀ မကျော်လျှင် မြတ်စွန်းငွေအပေါ် မူတည်၍ ဝင်ငွေခွန်ကင်းလွတ်မှာ ဖြစ်ပါတယ်။ ထို့ပြင် နှစ်တစ်နှစ်အတွင်း မြေငှားရမ်းခြင်း၊ အဆောက်အအုံငှားရမ်းခြင်း၊ အခန်းငှားရမ်းခြင်းတို့တွင် ရငွေ ကျပ်သိန်း ၅၀၀ ထိ ကုန်သွယ်လုပ်ငန်းခွန် စသဖြင့် ကင်းလွတ်ခွင့်များ ရရှိမှာဖြစ်ပါတယ်။
(၃) ပြန်အမ်းငွေ တောင်းပိုင်ခွင့် (Refund)
ပြန်အမ်းငွေ တောင်းပိုင်ခွင့်တွင် နှစ်တစ်နှစ်အတွင်း ပေးဆောင်ခဲ့သော အခွန်များသည် အကယ်၍ ဥပဒေအရ အမှန်ပေးဆောင်ရမည့် အခွန်ထက်ပိုနေခဲ့လျှင် အထောက်အထားပြသ၍ ပြန်အမ်းငွေ လျှောက်ထားထုတ်ယူနိုင်ပြီး ဆက်လက်ပေးဆောင်ရမည့်အခွန်တွင် ခုနှိမ်ပေးရန် (သို့မဟုတ်) ဝင်ငွေနှစ်အတွင်း ပေးသွင်းသည့် ကြိုတင်ခွန်အဖြစ် သတ်မှတ်ပေးရန် တင်ပြနိုင်ပါတယ်။
အယူခံနိုင်ခွင့် (Appeal)
အယူခံနိုင်ခွင့်မှာ ဥပဒေအရ မိမိနှင့်သက်ဆိုင်ခဲ့သည့် မည်သည့်အမိန့်ကိုမဆို နောက်ဆုံးအဆင့် ကျေနပ်မှုမရှိလျှင် သက်ဆိုင်ရာအခွန်ဥပဒေများနှင့်အညီ အယူခံဝင်ပိုင်ခွင့်များ ရှိပါတယ်။
ဆက်လက်၍ သက်သာခွင့်များအကြောင်း သိရှိသွားပြီဆိုတော့ ဝင်ငွေခွန်ဥပဒေ ပုဒ်မ (၆) အရ သက်သာခွင့်များကို နုတ်ပယ်ပြီးနောက် ဝင်ငွေခွန် ကျသင့်ပေးဆောင်ရမည့် ဝင်ငွေနှုန်းထားများအကြောင်း မျှဝေချင်ပါတယ်။ အထက်ဖော်ပြပါ သက်သာခွင့်များကို နုတ်ယူပြီး ပေးဆောင်ရမည့် ဝင်ငွေခွန်နှုန်းထားများမှာ
ဝင်ငွေ ၁ ကျပ်မှ ကျပ်သိန်း ၂၀ အတွင်းဆိုလျှင် ဝင်ငွေခွန် ဝ%
ဝင်ငွေကျပ်သိန်း ၂၀ မှ သိန်း ၅၀ အတွင်းဆိုလျှင် ဝင်ငွေခွန် ၅ %
ဝင်ငွေကျပ်သိန်း ၅၀ မှ ၁၀၀ ကြားဆိုလျှင် ဝင်ငွေခွန် ၁၀ %
ဝင်ငွေကျပ်သိန်း ၁၀၀ မှ ၂၀၀ ကြားဆိုလျှင် ဝင်ငွေခွန် ၁၅ %
ဝင်ငွေကျပ်သိန်း ၂၀၀ မှ ၃၀၀ ကြားဆိုလျှင် ဝင်ငွေခွန် ၂၀%
ဝင်ငွေကျပ်သိန်း ၃၀၀ နှင့်အထက်ဆိုလျှင် ဝင်ငွေခွန် ၂၅% စသဖြင့် အဆင့်ဆင့် နှုန်းထားအလိုက် ပေးဆောင်ရမှာ ဖြစ်ပါတယ်။ တွက်ချက်ရာမှာ အခြေခံအားဖြင့် တွက်ချက်ပုံံစံချင်းတူညီပေမယ့် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ကုမ္ပဏီတစ်ခုနှင့်တစ်ခု လစဉ်တွက်တဲ့၊ ဖြတ်တဲ့ပမာဏက အနည်းငယ်ကွာဟမှု ရှိနိုင်ပါတယ်။ ထို့ကြောင့် လစဉ်လစာငွေထဲက ဝင်ငွေခွန်ဘယ်လိုတွက်ချက်နေသလဲဆိုတာ တွက်ချက်ပုံကိုလည်း မျှဝေချင်ပါတယ်။
ဥပမာ – ဦးမောင်မောင်သည် တစ်လလျှင် လစာ ကျပ် ၇၅၀,၀၀၀ ရရှိပြီး နှစ်တစ်နှစ်အတွင်း ကျပ်သိန်း (၉၀) ရရှိမယ်ဆိုပါစို့။ ထို့ပြင် အတူနေမိဘလည်း ရှိမယ်၊ အိမ်ထောင်ဖက်လည်း ရှိမယ်၊ သားသမီးနှစ်ဦး ရှိမယ်၊ အသက်အာမခံတို့၊ လူမှုဖူလုံရေးရန်ပုံငွေတို့လည်း ပေးဆောင်မယ်ဆိုပါစို့။
တစ်နှစ်စာစုစုပေါင်းလစာငွေ = ၉,၀၀၀,၀၀၀ (ကျပ်သိန်း ၉၀)၊ နုတ်ယူရမည့် သက်သာခွင့်မှာ
အခြေခံသက်သာခွင့်အဖြစ် ကျပ်သိန်း ၉၀ ၏ ၂၀% = ၁,၈၀၀,၀၀၀ (၁၈ သိန်း)
အတူနေမိဘအတွက် သက်သာခွင့် (တစ်ဦး ၁,၀၀၀,၀၀၀ × ၂ ဦး) = ၂,၀၀၀,၀၀၀ (၂၀ သိန်း)
အိမ်ထောင်ဖက်အတွက် သက်သာခွင့် = ၁,၀၀၀,၀၀၀ (၁၀ သိန်း)
သားသမီးနှစ်ဦးအတွက် သက်သာခွင့် (တစ်ဦး ၅၀၀,၀၀၀ × ၂ ဦး) = ၁,၀၀၀,၀၀၀ (၁၀ သိန်း)
အသက်အာမခံ (ဦးမောင်မောင် – ၃၀,၀၀၀၊ ဇနီး – ၂၀,၀၀၀) = ၅၀,၀၀၀ (၅ သောင်း)
လူမှုဖူလုံရေးရန်ပုံငွေ = ၇၂,၀၀၀ (၇ သောင်း ၂ ထောင်) ဖြစ်တာကြောင့် သက်သာခွင့်စုစုပေါင်းမှာ = ၅,၉၂၂,၀၀၀ (၅၉ သိန်း ၂ သောင်း ၂ ထောင်)ဖြစ်ပါတယ်။
ထို့ကြောင့် စုစုပေါင်းလစာငွေ ၉,၀၀၀,၀၀၀ (ကျပ်သိန်း ၉၀) မှ သက်သာခွင့်စုစုပေါင်း ၅,၉၂၂,၀၀၀ (၅၉ သိန်း ၂ သောင်း ၂ ထောင်) နုတ်ယူလျှင် ကျန်ငွေ ၃,၀၇၈,၀၀၀ (၃၀ သိန်း ၇သောင်း ၈ထောင်) ကျန်ပါမယ်။ ကျန်ငွေမှာ ၃,၀၇၈,၀၀၀ (၃၀ သိန်း ၇သောင်း ၈ထောင်) ဖြစ်တာကြောင့် ဝင်ငွေ ၁ ကျပ်မှ ကျပ်သိန်း ၂၀ အတွင်း ဝင်ငွေခွန်ကင်းလွတ်ခွင့် ဝ% = ၀ ကျပ် နှင့် ဝင်ငွေ ကျပ်သိန်း ၂၀ မှ ၅၀ ကြားမှာ ဝင်ငွေခွန် ၅% ဆောင်ရမှာဖြစ်ပါတယ်။ ထို့ကြောင့် ကျန်ငွေ ၃,၀၇၈,၀၀၀ (၃၀ သိန်း ၇သောင်း ၈ထောင်မှ ကင်းလွတ်ခွင့် ကျပ်သိန်း ၂၀ နုတ်ကာ ကျန်ရှိသော ၁၀ သိန်း ၇သောင်း ၈ထောင်၏ ၅% = ၅၃,၉၀၀ ကျပ်သည် တစ်နှစ်စာ ဝင်ငွေခွန်ဖြစ်ပြီး တစ်လစာ ဝင်ငွေခွန်မှာ ၄၄၉၁ ကျပ်သာ ဆောင်ရမှာ ဖြစ်ပါတယ်။
ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းအားလုံးကို တွက်ချက်တဲ့ပုံစံမှာ အထက်ပါအတိုင်း တွက်ချက်ပုံစံတူညီပေမယ့် သက်သာခွင့်များမှာ အိမ်ထောင်မရှိသောသူများမှာ အိမ်ထောင်ဖက်တို့၊ သားသမီးတို့အတွက် သက်သာခွင့် နုတ်ယူစရာမလိုအပ်သဖြင့် ဝန်ထမ်တစ်ဦးနှင့်တစ်ဦး တွက်ချက်တဲ့ ပမာဏများတော့ မတူညီနိုင်ပါ။ ဝင်ငွေနှင့် သက်သာခွင့်အပေါ်မူတည်၍ တွက်ချက်မှု ပမာဏများ ကွဲပြားနိုင်ပါတယ်။
အထက်ပါအကြောင်းအရာများကြောင့် ကျွန်မတို့ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လစာဝင်ငွေကနေ ဝင်ငွေခွန် ဘာလို့ဆောင်နေရတာလဲ၊ ဘယ်လိုတွက်ချက်ရသလဲဆိုတာ အားလုံးပဲ တွက်ချက်ကြည့်ဖို့ နားလည်သွားမယ်လို့ ယုံကြည်ပါတယ်။