Inside the Mind of a Procrastinator
အားလုံးပဲမင်္ဂလာပါခင်ဗျ။ ကျွန်တော်ကတော့ Spiceworks Myanmar မှာ Frontend Designer အဖြစ်ဝင်ရောက်လုပ်ကိုင်နေတဲ့ မောင်ဘုန်းသန့်ကျော်ပဲဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ကျွန်တော်တို့ လူငယ်တွေတော်တော်များများဖြစ်နေကျဖြစ်တဲ့ behaviour တစ်ခုအကြောင်းကို ဆွေးနွေးတင်ပြချင်ပါတယ်ဗျ။ ဒီအကြောင်းအရာတွေကို Inside the mind of a Procrastinator ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြောပြပေးသွားမှာဖြစ်ပါတယ်။
Procrastination ဆိုတာဘာလဲဆိုတာကို အရင်မပြောခင်မှာ ပုံမှန် တက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့ Assignment တစ်ခုကို ပြီးစီးအောင်လုပ်ဆောင်လေ့ရှိတဲ့ work per day graph ကို ကြည့်လိုက်ကြရအောင်။
ဒါက ပုံမှန်ကျောင်းသားတစ်ယောက်ရဲ့ assignment တစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ပုံပါ။
ဒါပေမယ့် procrastinator တစ်ယောက်ကတော့ ပုံမှန်ကျောင်းသားတစ်ယောက်ရဲ့ အလုပ်လုပ်နှုန်းနဲ့ မတူပါဘူးဗျ။
ဒါကတော့ procrastinator တစ်ယောက်ရဲ့ assignment တစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ပုံပါ။
Procrastinator တစ်ယောက်ဟာ လုပ်ရမယ့်အလုပ်တစ်ခုကို ရရှိထားတဲ့ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ အလုပ်ပြီးအောင်မလုပ်သေးပဲ ရသလောက်အချိန်ကို ဆွဲနေတတ်ပါတယ်။
ဒါပေမယ့် ဘာအကြောင်းကြောင့် procrastinator တွေဟာ အခုလို အချိန်ဆွဲနေရတာလဲဆိုတာလဲပေါ့နော် ?
ဆိုတော့ ကျွန်တော်တို့ procrastinator တစ်ယောက်ရဲ့ ဦးနှောက်ထဲကို ခဏလောက် အလည်အပတ်သွားကြည့်ရအောင်။
ဒီပုံလေးဟာ ပုံမှန်လူတစ်ယောက်ရဲ့ ဦးနှောက်အလုပ်လုပ်ပုံပါ။ ပုံမှန်လူတစ်ယောက်ရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တော်တော်များများကို ဒီ Rational Decision Maker ဆိုတဲ့ကောင်လေးက ထိန်းချုပ်ဆောင်ရွက်ပါတယ်။ ဒါပေမယ့် ပုံမှန်လူနဲ့ procrastinator တစ်ယောက် ဘာကွာလဲဆိုရင်…
Procrastinator တစ်ယောက်ကတော့ သူ့ရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ထိန်းချုပ်လုပ်ကိုင်တဲ့အခါမှာ Instant Gratification Monkey ဆိုတဲ့ မျောက်လေးတစ်ကောင် အပိုပါနေပါတယ်။
အဲ့ဒီမျောက်လေးဟာ ဘာလုပ်တတ်သလဲဆိုရင် အလုပ်တစ်ခုစလုပ်တော့မယ်လို့ စဉ်းစားလိုက်တာနဲ့ သူက ဝင်နှောက်ယှက်တတ်ပါတယ်။ ဥပမာပြောရရင် ကျွန်တော်တို့ တစ်ပတ်အတွင်းမှာ due မယ့် Assignment တစ်ခု စလုပ်တော့မယ်ဆိုကြပါစို့။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ဒီမျောက်လေးက “ငါတို့ ဂိမ်းလေးတစ်ပွဲလောက်ဆော့လိုက်ရင်မကောင်းဘူးလား ဒါမှမဟုတ် ဘေးနားမှာ ချထားတဲ့ အချိုရည်ဘူးမှာ ကပ်ထားတဲ့ အချိုရည်ရဲ့ ပါဝင်ပစ္စည်းလေးတွေ လိုက်ဖတ်ကြည့်ရင် တော်တော်စိတ်ဝင်စားဖို့ကောင်းမှာပဲ၊ ဒါမှမဟုတ် Youtube ကနေ မနေ့က မန်ယူပွဲလေးခဏပြန်ကြည့်လိုက်ရင် ကောင်းမှာပဲ” ဆိုပြီးရောက်လာတတ်ပါတယ်။ ဆိုလိုချင်တာက Instant Gratification Monkey ဟာ ကိုယ်လုပ်ရမယ့်အလုပ်နဲ့ ဘာမှမသက်ဆိုင်တဲ့ အလုပ်တွေကိုပဲ လုပ်နေရတာကြိုက်တတ်တဲ့ သူမျိုးပေါ့။ ဆိုတော့ ခုနကလိုမျိုးအတွေးတွေနဲ့ ပြည့်နေတော့ Rational Decision Maker လေးဟာ လုပ်ရမယ့်အလုပ်တွေကို ပြီးစီးအောင် မလုပ်နိုင်တော့ပဲ အချိန်နောက်ဆုတ်လိုက်ရပြန်တယ်။
Instant Gratification Monkey ဟာ ဘာအလုပ်မှမလုပ်ဘူးလားလို့မေးရင် လုပ်တော့လုပ်နေတာပါပဲ။ ဒါပေမယ့် သူလုပ်တဲ့ အလုပ်တွေကို ကြည့်လိုက်မယ်ဆိုရင် “Easy” and “Fun” ဆိုတဲ့ အချက်နှစ်ချက်နဲ့ညီတဲ့ အလုပ်တွေကိုပဲ တွေ့ရပါလိမ့်မယ်။ ဒီ “Easy and Fun” ဖြစ်တဲ့ အချက်တွေဟာ တိရစ္ဆာန်ကမ္ဘာမှာဆိုရင်တော့ အဆင်ပြေစေပါတယ်။ ဒါမှမဟုတ် ကျွန်တော်တို့ဟာ ကျောက်ခေတ်မှာ နေနေရင်လဲ အဆင်ပြေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခုလက်ရှိခေတ်ဟာ တိုးတက်တာတွေမြန်ဆန်နေတဲ့ Information Age ဖြစ်တာကြောင့် ကျွန်တော်တို့ လုပ်ရမယ့်အလုပ်တွေဟာ Easy and Fun ဖြစ်ဖို့ အခွင့်အရေးနည်းပါတယ်။
ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ Brain System ထဲမှာ Rational Decision Maker ဆိုတဲ့ကောင်လေးပါနေတာပေါ့နော်။ Rational Decision Maker ကတော့ ခုနက Easy and Fun ဖြစ်တဲ့အလုပ်တွေရဲ့ ပြောင်းပြန်ဖြစ်တဲ့ အနာဂတ်အတွက် plan ချတာတွေ၊ Long term plan ချတာတွေ၊ လုပ်စရာရှိတာတွေမှန်သမျှကို ဘယ်လိုအခက်အခဲမှာပဲရှိနေရှိနေ plan ချပြီး ဆောင်ရွက်တာမျိုးတွေ လုပ်နိုင်ပါတယ်။
ဒါပေမယ့် ဒီနေရာမှာ မေးစရာတွေရှိလာနိုင်ပါတယ်။ ဥပမာ – ကျွန်တော်တို့ အလုပ်တွေလုပ်ပြီးလို့ နားနေချိန်မှာ လုပ်မယ့် အလုပ်တွေ၊ ညစာစားတာပဲဖြစ်ဖြစ်၊ အပျင်းပြေ ဂိမ်းလေးဆော့တာပဲဖြစ်ဖြစ်ပေါ့။ အဲ့ဒီလို အလုပ်တွေကရှိနေတော့ ဒီနေရာမှာ Overlap တစ်ခုဖြစ်ပေါ်ပါတယ်။
တစ်ချို့အချိန်တွေမှာ Rational Decision Maker ရယ် Instant Gratification Monkey ရယ်က အဆင်ပြေကြပါတယ်။ ဒါပေမယ့် တစ်ချို့အချိန်တွေမှာ ပိုမိုခက်ခဲပြီး လုပ်ရမယ့်အလုပ်တွေများလာတာနဲ့ အမျှ အဲ့ဒီမှာ ပြဿနာသွားတက်တတ်ပါတယ်။ ဒီနေရာမှာ Procrastinator တစ်ယောက်ဟာဆိုရင် အမြဲတမ်းလိုလို ဘယ်ဘက်ကိုပါသွားတတ်သလဲဆိုရင်…
ဒီ လိမ္မော်ရောင် zone ဘက်ကိုပါသွားတတ်ပါတယ်။ ကျွန်တော်ကတော့ ဒီလိမ္မော်ရောင်အပိုင်းကို “The Dark Playground” လို့ နာမည်ပေးထားပါတယ်။
The Dark Playground ဆိုတာဘာလဲပေါ့။ အခုဒီစာကိုဖတ်နေတဲ့ စာဖတ်သူတို့ procrastinate လုပ်ဖူးတဲ့သူတိုင်း The Dark Playground ကို ရင်းရင်းနှီးနှီးရောက်ဖူးကြပါလိမ့်မယ်။ Leisure Activities (အပန်းဖြေ စိတ်ပျော်ရွှင်ပေါ့ပါးစေတဲ့ အလုပ်တွေ) ကို မလုပ်သင့်တဲ့ အချိန်မှာ လုပ်နေမိရင် ကျွန်တော်တို့ဟာ တစ်နည်းနည်းနဲ့ The Dark Playground ထဲမှာရောက်နေကြပါပြီ။ ဒါပေမယ့် အမှန်အတိုင်းပြောရရင် The Dark Playground က ကျွန်တော်တို့ရနေတဲ့ ပျော်ရွှင်မှုကြီးဟာ တကယ့်ပျော်ရွှင်မှုအစစ်အမှန်မဟုတ်တဲ့အတွက် ကျွန်တော်တို့ဟာ ပျော်ရွှင်မှုဆိုတာကို တကယ်တမ်းမရကြတဲ့အပြင် ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို အပြစ်တင်မှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ အချိန်မှီပြီးနိုင်ပါ့မလားဆိုတဲ့ ကြောက်ရွံ့မှုတွေနဲ့ပဲ နောက်ဆုံးမှာ ရင်ဆိုင်ရစမြဲဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့ မေးစရာရှိတာက Procrastinator တစ်ယောက်ဟာ ဘယ်လိုအနေအထားမျိုးမှာမှ အရေးကြီးတဲ့ အလုပ်တွေကို အချိန်မှီပြီးမြောက်အောင်လုပ်ဆောင်နိုင်မယ့် အပြာရောင် zone ထဲကို ရောက်နိုင်မလဲပေါ့။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ Procrastinator တိုင်းမှာ Guardian Angel တစ်ခုစီရှိကြပါတယ်။ အဲ့ဒီ Guardian Angel ဟာ သူ့ရဲ့ procrastinator အခက်အခဲ ဒါမှမဟုတ် အန္တရာယ်တွင်းထဲရောက်မှ ရောက်လာတတ်ပါတယ်။ သူ့ကိုတော့ “The Panic Monster” လို့ခေါ်ပါတယ်။
မျောက်လေးရဲ့ အကြောက်ရဆုံးဖြစ်တဲ့ The Panic Monster ရောက်လာပြီး ကိုယ်ထင်ပြလိုက်မှ မျောက်ကထွက်ပြေးသွားပါတော့တယ်။ မျောက်မရှိတော့ကာမှ Rational Decision Maker ဟာ စပြီး လုပ်ရမယ့်အလုပ်တွေကို အစီအစဉ်တကျ စတင်လုပ်ဆောင်ရပါတော့တယ်။ တကယ့်လက်တွေ့ဘဝနဲ့ ယှဉ်ပြီးပြောရရင် deadlines တွေ လုံးဝနီးကာမှ ကျွန်တော်တို့ assignment instructions တွေကို စဖတ်ရတဲ့ အခြေအနေမျိုးပါ။ အဲ့အချိန်ကျရင် ကျွန်တော်တို့ ၃ပတ်လောက် ကြိုပေးထားတဲ့ အလုပ်တစ်ခုကို ကျန်တော့တဲ့ ၂ရက်၊ ၃ရက်နဲ့ အပြီးအဆုံးသတ်ရပါတော့တယ်။ ဆိုတော့ ကျွန်တော်အခုပြောပြခဲ့တဲ့ character (၃)ကောင် (Rational Decision Maker, Instant Gratificaton Monkey and The Panic Monster) ပါဝင်သရုပ်ဆောင်တဲ့ system ကြီးတစ်ခုလုံးကို Procrastinator’s System လို့ခေါ်ပါတယ်။ Procrastinator တစ်ယောက်ရဲ့ ဦးနှောက်ထဲမှာ ဖြစ်ပျက်နေကျ အဖြစ်အပျက်တွေပဲဖြစ်ပါတယ်ဗျ။
ကျွန်တော်တို့ ဘဝမှာ procrastinate မလုပ်ဖူးတဲ့သူမရှိကြပါဘူး။ ဘာဖြစ်လို့လဲလို့မေးရင် procrastination မှာ (၂)မျိုးရှိနေပါတယ်။ ပထမတစ်မျိုးကတော့ ကျွန်တော်အပေါ်မှာ ပြောခဲ့တဲ့ (deadline တွေပါတဲ့) procrastination ပါ။ (examples: School Assignments, Work Projects, Mom’s Instructions and so on) ဒီပထမတစ်မျိုးမှာ ဖြစ်တဲ့ procrastination တွေအများစုက short term ကာလအတွင်းမှာ ဖြစ်တာများပါတယ်။ အလုပ်မပြီးသေးလဲ နောက်ဆုံးကျရင် The Panic Monster ရောက်လာမှာဖြစ်တဲ့အတွက် ဘာမှကြီးကြီးမားမား စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် ဒုတိယ procrastination ကတော့ deadlines တွေမပါတဲ့ အမျိုးအစားပါ။ ဒီမှာ ဖြစ်တဲ့ procrastination တွေက ပထမဟာနဲ့ပြောင်းပြန်၊ long term ကာလမှာ ဖြစ်တဲ့ အရာတွေပါ။ ဥပမာ – ကိုယ်ပိုင် အလုပ်တစ်ခုခုမျိုးအတွက် ကြိုးစားအားထုတ်တာမျိုး၊ ကိုယ့်ရဲ့ Self-Developments တွေအတွက်ပြင်ဆင်တာမျိုး (gym, language learning, etc)၊ ကိုယ့်ရဲ့ Relationships တွေကို အချိန်ပေးတာမျိုး (family, love, friends) စတာတွေက အချိန်ကန့်သတ်ချက် (deadline) မရှိတဲ့ အရာတွေဖြစ်ပါတယ်။ နောက်တစ်ခုအရေးကြီးတာက ဒီနေရာမှာ procrastinate လုပ်မိရင် အရင်ကလို အရေးကြီးရင်ပေါ်လာတတ်တဲ့ The Panic Monster မရှိပါဘူး။ ဆိုတော့ ဒီအရာတွေမှာ မိမိဟာ procrastinate လုပ်မိပြီဆိုရင် ဆုံးရှုံးမှုဟာ ပထမ procrastination မျိုးထက် တန်ဖိုးများပါလိမ့်မယ်။
ကျွန်တော် နိဂုံးချုပ်ကို အမှာစကားလေးတစ်ခုနဲ့ အဆုံးသတ်ချင်ပါတယ်ဗျ။ အခုအပေါ်မှာ မြင်နေရတဲ့ပုံမှာ သေချာကြည့်မယ်ဆိုရင် rectangle လေးတွေ အများကြီးတွေ့ရပါလိမ့်မယ်။ အဲ့ဒီထဲကမှ rectangle တစ်ခုချင်းစီတိုင်းဟာ သက်တမ်း (၉၀)ထိနေရမယ့် လူတစ်ယောက်ရဲ့ အချိန် (၁)ပတ်စာနဲ့ ညီမျှပါတယ်။ ကျွန်တော်တို့ ပြန်လည်စဉ်းစားကြည့်ကြမယ်ဆိုရင် ကျွန်တော်တို့မှာ rectangle လေးတွေ သိပ်မကျန်တော့ပါဘူးဗျ။ ကျွန်တော်တို့ရဲ့ ကျန်ရှိနေမယ့် limited ဖြစ်နေတဲ့အချိန်တွေမှာ ကျွန်တော်တို့ ဘယ်အရာကို ဘယ်လောက်အတိုင်းအတာထိ procrastinate လုပ်နေဦးမလဲ၊ ဘယ်အရာတွေကိုတော့ ချက်ချင်းအကောင်အထည်ဖော်သင့်နေပြီလဲဆိုတာကို သတိတရနဲ့ ပြန်လည် ဂရုစိုက်နိုင်ကြပါစေလို့ ကျွန်တော် ဆုမွန်ကောင်းတောင်းလိုက်ပါရစေ။
အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးလို့လဲ အထူးကျေးဇူးတင်ပါတယ်ဗျ။
ဘုန်းသန့်ကျော်
၂၂.၀၆.၂၀၂၁
Reference:
Urban, T. [TED]. (2016, April 6). Inside the Mind of a Master Procrastinator [Video]. YouTube. https://www.youtube.com/watch?v=arj7oStGLkU