အားလုံးပဲမင်္ဂလာပါ။ ကျွန်မကတော့ Spiceworks Myanmar မှ အိဖြိုးမွန် ဖြစ်ပါတယ်။
အပတ်စဉ်မျှဝေနေကျဖြစ်တဲ့ Spiceworks Myanmar မှ ဘလော့ခ်များကို ဖတ်ရှုပေးနေသည့်အတွက် ပထမဦးစွာ ကျေးဇူးတင်ချင်ပါတယ်။
ယခုတစ်ပတ်ရဲ့ အကြောင်းအရာကတော့ နေ့စဉ် လူနေမှုဘဝမှာကြုံတွေ့ရတတ်သော စိတ်ဖိစီးမှုများကို အကောင်းဆုံးကျော်ဖြတ်နိုင်ဖို့အတွက် စီမံခန့်ခွဲပုံကို အနည်းငယ် ပြန်လည်မျှဝေချင်ပါတယ်။
ပထမဦးစွာ အောင်မြင်ကျော်ကြားသော စာရေးဆရာ Hans Selye ရေးသားထားတဲ့-
“The only person without stress is a dead person”
“သေဆုံးသွားတဲ့သူသာလျှင် စိတ်ဖိစီးမှု မရှိသောသူဖြစ်တယ်” ဟုဆိုသော ဆောင်ပုဒ်တစ်ခုကို သဘောကျနှစ်သက်မိပါတယ်။
နောက်တစ်ခုအနေနဲ့ အခြားစိတ်ဖိစီးမှုုဖြစ်စေသော အကြောင်းအရင်းတချို့ကတော့ တစ်ယောက်ယောက်က သင့်ကိုအထင်လွဲနေတာမျိုး၊ လူ့အဖွဲ့အစည်းမှာ မိမိဂုဏ်သိက္ခာ ထိခိုက်စေသော အကြောင်းအရာတချို့ကြောင့်လည်း စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေပါတယ်။
စိတ်ဖိစီးမှုကို ပိုမိုတိုးပွားစေတဲ့ စိတ်ထောင်ချောက်များထဲမှာ လက်တွေ့မကျသော မျှော်လင့်ချက်များ၊ ဘာမှမတွေးပဲ နေထိုင်ခြင်းများ၊ ပုံကြီးချဲ့ခြင်းများ စသည်တို့ပါဝင်ပါတယ်။
စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းအရာတွေဟာ တစ်ခုနှင့်တစ်ခု တူညီမှု မရှိပါဘူး။
ထိုအချက်များထဲမှ တချို့ကတော့ စိုးရိမ်ပူပန်မှုများခြင်း၊ နာမကျန်းဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ညဉ့်နက်သည်ထိ အိပ်မပျော်ခြင်း၊ အိပ်ချိန်နည်းပါးခြင်း၊ မျှော်လင့်ချက်များခြင်း၊ အချိန်စီမံခန့်ခွဲမှုအားနည်းခြင်း၊ ကြွေးမြီတင်ခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း များဖြစ်တတ်ကြပါတယ်။
ကွဲပြားခြားနားသော စိတ်ဖိစီးမှု လက္ခဏာရပ်များကတော့ ရုပ်ပိုင်းဆိုင်ရာလက္ခဏာရပ်များ၊ စိတ်ခံစားမှုဆိုင်ရာ လက္ခဏာရပ်များ၊ အပြုအမူဆိုင်ရာလက္ခဏာရပ်များ ဖြစ်ကြပါတယ်။
ထို့အပြင် အာရုံစူးစိုက်မှု အားကောင်းခြင်း၊ ကိုယ်ရည်ကိုယ်သွေး တိုးတက်လာခြင်း၊ လုပ်ဆောင်ချက်များအတွက် အားအင်အသစ်ဖြစ်စေခြင်း များဟာ စိတ်ဖိစီးမှုကြောင့် ဖြစ်လာတဲ့ကောင်းသောအချက်တွေဖြစ်ပြီး၊
တစ်ခါတစ်ရံ စိတ်အားတက်ကြွမှုမရှိခြင်း၊ အကျိုးသက်ရောက်မှု လျော့နည်းလာခြင်း၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် အပြုအမူပိုင်းဆိုင်ရာ အခက်အခဲများ တွေ့ကြုံလာရခြင်းက အဆိုးဘက်သို့ရောက်သော စိတ်ဖိစီးမှုများ ဖြစ်ပေါ်လာစေပါတယ်။
နောက်ဆုံးအနေနဲ့ စိတ်ဖိစီးမှု အခြေအနေမဆိုးလာခင် စီမံခန့်ခွဲရမှာကတော့
(၁) မိမိလုပ်ရမည့်အရာများကို စာရင်းပြုစုပါ။
(၂) အဓိကလုပ်ရမည့် အရာကို ဦးစားပေးပါ။
(၃) လုပ်သင့်တာကို စဉ်းစားဆုံးဖြတ်ပါ။
(၄) လုပ်ချင်တာကို ချင့်ချိန်ပါ။
(၅) အချိန်ဖြုန်းခြင်းကို ရှောင်ရှားပါ။
(၆) အရေးမပါသော လုပ်ဆောင်ချက်များကို လျှော့ချဖို့ သင်ယူပါ။
(၇) အဆင်မပြေမှုများကို ပွင့်ပွင့်လင်းလင်း ငြင်းဆိုပါ။
(၈) အချိန်ကာလသတ်မှတ်ပြီး ပန်းတိုင်များထားရှိပါ စသည်ဖြင့် လုပ်ဆောင်ပြီး စိတ်ဖိစီးမှုများကို လျှော့ချနိုင်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။ စိတ်ဖိစီးမှုများ လျှော့ချနိုင်ကြပါစေ။