Life Style

Life Lessons We Can Learn From Ants

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်တို့ Spiceworks Myanmar မှ ဗဟုသုတရဖွယ် ဘ‌လော့ဂ်များကို Sharing လုပ်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ အရင်နေ့တွေနဲ့ မတူပဲ တစ်မူထူးခြားတာလေးကို Sharing လုပ်ပေးချင်ပါတယ်။ အဲ့ဒါ ဘာလဲဆိုတော့ ကျွန်တော်တို့ အနီးအနား ပတ်ဝန်းကျင်မှာ တွေ့မြင်နေရတဲ့ ပုရွက်ဆိတ်လေးတွေထံမှ သင်ယူရရှိလာတဲ့ သင်ခန်းစာလေးတွေကို Sharing လုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။

1. ပုရွက်ဆိတ်လေးတွေမှာ အုပ်ချုပ်ပေးမယ့်သူ၊ အမိန့်ပေးမယ့်သူ ခေါင်းဆောင်ဆိုတာ မရှိပါဘူး။
ဒါပေမယ့် သူတို့လေးတွေက သူတို့မိသားစု အသိုင်းအဝိုင်းရဲ့ စားသောက်ဖို့အတွက် နေ့ရောညရော အချိန်ပြည့် အလုပ်လုပ်လေ့ ရှိကြပါတယ်။ အဲ့ဒီလိုပဲ ကျွန်တော်တို့ လူတွေမှာလည်း ကျွန်တော်တို့ရဲ့ ခေါင်းဆောင်က အလုပ်တစ်ခု ခိုင်းခဲ့သည်ရှိသော် ခေါင်းဆောင်ရဲ့ နှုတ်မှ အဲ့ဒီပေးထားတဲ့ အလုပ်ကို လုပ်ပါလို့ပြောနေတာထက် မိမိကိုယ်တိုင် အသိရှိစွာ မိမိနဲ့ မိသားစုပတ်ဝန်းကျင်အတွက် ကြိုးစားပြီးလုပ်တာက ပိုကောင်းပါတယ်။

2. ပုရွက်ဆိတ်လေးတွေက ကြိုတင်ပြီး plan ချတတ်လေ့ ရှိကြပါတယ်။
အင်းဆက်ပိုးမွှားတွေက ကမ္ဘာမြေကြီးရဲ့ ရာသီဥတုကို ကြိုတင်သိလေ့ ရှိကြပါတယ်။ ဥပမာအနေနဲ့ ကျွန်တော်တို့ ကမ္ဘာမြေကြီး မြေငလျင်လှုပ်မယ်ဆိုရင် တွင်းအောင်းသတ္တဝါတွေက ငလျင်မလှုပ်ခင် ကြိုသိကြတဲ့အတွက် မြေကြီးကနေ ထွက်ပြီး လုံခြုံတဲ့နေရာကို ပြောင်းရွေ့ကြပါတယ်။ အဲ့ဒီလိုပဲ ပုရွက်ဆိတ်လေးတွေကလည်း မိုးရာသီ မရောက်ခင်ကပင် သူတို့မိသားစု အသိုင်းအဝိုင်းအကုန်လုံး မိုးတွင်းမှာ စားဖို့အတွက် လုံလောက်တဲ့ အစားအစာကို ကြိုတင် plan ချပြီး လုံခြုံတဲ့နေရာမှာ စုဆောင်းကြပါတယ်။ ကျွန်တော်တို့လည်းပဲ ဘယ်အရာပဲ လုပ်လုပ် ကြိုတင် plan ချပြီး အစီအစဉ်တိုင်း လုပ်မယ်ဆိုရင် ရလဒ်ကောင်းတွေရမှာ သေချာပါတယ်။

3. ပုရွက်ဆိတ်လေးတွေက team အနေနဲ့ အလုပ်လုပ်ကြပါတယ်။
သူတို့လေးတွေက သေးငယ်တဲ့သတ္တဝါလေးတွေဖြစ်ပေမယ့် ကြီးမားတဲ့ အရာတစ်ခုရရှိဖို့အတွက် အဖွဲ့လိုက်အတူတကွ လုပ်ဆောင်ကြပါတယ်။ ကျွန်တော်တို့အမြင်နဲ့ဆိုရင် သကြားပွင့်လေးတွေက သူတို့ထက် လေးပါတယ်။ ဒါပေမယ့် အဖွဲ့လိုက်စုပြီး သယ်ဆောင်နိုင်တာကို တွေ့ရပါတယ်။ ကျွန်တော်တို့ မြန်မာစကားပုံမှာလည်း “ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်” ဆိုတဲ့စကားပုံရှိတဲ့အတွက် အဲ့ဒီစကားပုံအတိုင်း အဖွဲ့လိုက်လုပ်ဆောင်ခြင်းက တစ်ယောက်တည်း လုပ်ဆောင်ခြင်းထက် ပိုမြန်ဆန်ပြီး အကျိုးရှိပါတယ်။

4. ပုရွက်ဆိတ်လေးတွေက နောက်ပြန်လှည့်တတ်တဲ့သူတွေ လုံးဝမဟုတ်ဘူး။
ကျွန်တော်တို့အမြင်နဲ့ ကြည့်မယ်ဆိုရင် သူတို့သွားနေတဲ့ လမ်းကြောင်း ရှေ့မှာ အတားအဆီးတစ်ခု ထားကြည့်လိုက်မယ်ဆိုရင် သူတို့လေးတွေက နောက်မဆုတ်သလို နောက်ပြန်လှည့်မသွားကြပါဘူး။ အဲ့ဒီအတားအဆီးကို ကျော်သွားရင် သွားမယ်။ ဒါမှမဟုတ် ကွေ့သွားရင် ကွေ့သွားမယ်။ ဖြတ်သွားရမဲ့ နည်းလမ်းတွေကို ရှာတတ်ကြပါတယ်။ ကျွန်တော်တို့ လူတွေလည်းပဲ ကျွန်တော်တို့ ရှေ့ဆက်သွားရမဲ့အနာဂတ်မှာ ပြဿနာ ဆိုတဲ့ အတားအဆီး ကြုံလာရင် လုံးဝ နောက်မဆုတ်ပဲ ပန်းတိုင်ကို ရောက်အောင် ဘယ်လိုပဲ သွားရပါစေ ရောက်အောင် သွားကို သွားရပါမယ်။

5. ပုရွက်ဆိတ်လေးတွေက အာရုံစူးစိုက်မှုရှိပြီး ရဲရင့်ကြပါတယ်။
ဥပမာ သူတို့လေးတွေရဲ့အစာဖြစ်တဲ့ ပေါင်မုန့် ရှိတဲ့နေရာကို အာရုံစူးစိုက်ပြီး အရောက်သွားသယ်ကြပါတယ်။ ကျွန်တော်အနေနဲ့ သူတို့သယ်လာတဲ့ ပေါင်မုန့်ကို လိုက်ဖျက်ချကြည့်လိုက်မယ်ဆိုပါစို့။ သယ်နေတဲ့အကောင်တွေဆီကနေ ပြုတ်ကျသွားတယ်ဆိုရင်တောင် နောက်အကောင်တွေက ထပ်ပြီးသယ်ကြပါတယ်။ အဲ့ဒါဘာလဲဆိုတော့ သူတို့ဆီမှာ အာရုံစူးစိုက်မှုရှိပြီး ဘယ်အချိန် ဘယ်လိုအခြေနေမှာပဲရောက်ရောက် သူတို့ လုပ်နေတဲ့အလုပ်တစ်ခုတည်းပေါ်ပဲ အာရုံစိုက်ကြလေ့ရှိပါတယ်။ နောက်ပြီး သူတို့က ရဲရင့်ကြပါတယ်။ ခွန်အားကြီးမားတဲ့ဆင်တွေတောင်မှ သူတို့ကို ကြောက်ကြပါတယ်။ အဲ့ဒါကို ကြည့်ခြင်းအားဖြင့် သူတို့က ရဲရင့်တဲ့ လုပ်သားများဆိုတာ ကျွန်တော်တို့ သတ်မှတ်လို့ရပါတယ်။ ကျွန်တော်တို့လည်းပဲ ဘာအလုပ်ပဲလုပ်လုပ် အာရုံစူးစိုက်ပြီး ဘာပြဿနာပဲ ကြုံလာကြုံလာ ရဲရင့်တဲ့ လူတွေဖြစ်အောင်ကြိုးစားကြပါလို့ ပြောချင်ပါတယ်။

6. နောက်ဆုံးတစ်ခုအနေနဲ့ ပုရွက်ဆိတ်လေးတွေက လက်မလျော့တတ်ကြပါဘူး။
ဥပမာအနေနဲ့ အခုလို မိုးရာသီကာလမှာ သူတို့ရှာထားခဲ့တဲ့ အစားအစာတွေ စားပြီး ခိုအောင်းနေပေမယ့် မိုးကုန်သွားတဲ့အခါကျရင် သူတို့ ဘယ်လို အစာရှာမလဲ။ ဘယ်လို အသိုင်းအဝိုင်းတည်ဆောက်မလဲဆိုတာကို အမြဲတမ်းကြိုးစားနေကြပါတယ်။ ကျွန်တော်တို့တွေလည်း ယခုလက်ရှိဖြစ်နေတဲ့ မြန်မာနိုင်ငံအခြေအနေမှာ အကောင်းဆုံးနဲ့ အလုံခြုံဆုံးဖြစ်အောင် နေထိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဆီကို အခွင့်အလမ်းကောင်းတွေ ရောက်လာတဲ့အခါမှာ ဘယ်လိုဖမ်းဆုပ်နိုင်မလဲ ဆိုတာကို ကြိုးစားပြီး၊ ကျန်းမာစွာနေထိုင်ကြရင်း ပုရွက်ဆိတ်တွေလို ကျင့်ကြံသွားကြဖို့ တိုက်တွန်းချင်ပါတယ်။

ဒီနေ့တော့ ဒီလောက်ပါပဲခင်ဗျ။ အဆုံးထိ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Reference

https://www.linkedin.com/pulse/12-life-lessons-from-tiny-ants-ulsbold-gombo-1/

https://dianaquartey.wordpress.com/2013/10/26/7-life-lessons-you-can-learn-from-an-ant/

https://learn.eartheasy.com/articles/life-lessons-we-can-learn-from-ants/

https://www.beingguru.com/2017/10/6-important-life-lessons-you-can-learn-from-an-ant/

https://learning-center.homesciencetools.com/article/learn-about-ants/

https://thestrive.co/success-lessons-to-learn-from-ants/

 

 

Hello

Leave a Reply

Your email address will not be published. Required fields are marked *