Life Style

Live With Positive Mindset Attitude

စာဖတ်သူများအားလုံး သာယာအေးချမ်းသော နေ့ရက်လေး ဖြစ်ကြပါစေ။ ကျွန်မ ဒီစာကို ရေးနေတဲ့ မနက်ခင်းလေးမှာတော့ မိုးလေးတဖွဲဖွဲကျနေပြီး လေပြေနုနုလေးတွေက ပြတင်းပေါက်တံခါးဆီကနေ တိုက်ခတ်လာတဲ့အခါ အေးချမ်းသာယာတဲ့ မနက်ခင်းလေးတစ်ခုအဖြစ် ပြီးပြည့်စုံလွန်းလှပါတယ်။ ကျွန်မရွေးချယ်ထားတဲ့ ခေါင်းစဥ်လေးနဲ့လည်း ထပ်တူကျလို့ပေါ့လေ။ ဒီတစ်ပတ် ကျွန်မ မျှ‌‌ဝေပေးချင်တဲ့ အကြောင်းအရာလေးကတော့ အကောင်းမြင်စိတ်ဖြင့် နေထိုင်ပါ ဆိုတဲ့ ခေါင်းစဥ်လေးပဲ ဖြစ်ပါတယ်။
အခုလို အဖက်ဖက်ကနေ ကြိုးစားရုန်းကန်ဖို့ ခက်ခဲနေကြတဲ့အချိန်မှာ အကောင်းမြင်စိတ်နဲ့ နေတတ်ပြီး တွေးနိုင်ဖို့ဆိုတာက အနည်းငယ်တော့ ခက်ခဲကောင်း ခက်ခဲနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အတတ်နိုင်ဆုံး အကောင်းမြင်တတ်အောင် ကြိုးစားကြရပါမယ်နော်။ ‌ဒါဆိုရင် Positive Mindset Attitude မှာ ဘာတွေပါလဲဆိုတာ နည်းနည်းပြောပြပေးပါမယ်။

Optimism (အကောင်းမြင်ခြင်း)
အကောင်းမြင်ခြင်းကတော့ ရိုးရှင်းပါတယ်။ မိမိလက်ရှိဖြစ်နေတဲ့အပေါ်မှာ ရိုးရှင်းစွာနဲ့ အကောင်းတွေးမယ် တစ်ဖက်လူအပေါ်မှာကောင်းတဲ့အမြင်နဲ့ ကြည့်နိုင်ရပါမယ်။ ဥပမာဆိုကြပါစို့။ ကျွန်မက တခြားသူကို အကူအညီတစ်ခုတောင်းကြည့်ပါမယ်။ သူ့အနေနဲ့ အကူအညီတောင်းတဲ့အပေါ်မှာ အဆင်မပြေဖြစ်သွားလို့ ကူညီလို့ အဆင်မပြေသေးဘူးလို့ ပြန်ဖြေခဲ့ရင် ကျွန်မတို့အနေနဲ့ ထိုသူကို စိတ်မကွက်ပဲ အကောင်းဖက်ကနေ ဖြည့်တွေးတတ်ရပါမယ်။ ဘာလို့ဆို သူသည် ကျွန်မကို ကူညီပေးဖို့ အရင်တုန်းကအချိန်တွေမှာ အမြဲအဆင်သင့် ရှိနေပေးခဲ့တာမျိုးလည်း ဖြစ်ပါတယ်။ ထိုတစ်ချက်ကြောင့်ပဲ ကျွန်မတို့က အကောင်းမြင်စိတ်နဲ့ နားလည်‌ပေးနိုင်ရပါမယ်။

အကောင်းမြင်စိတ်နဲ့ ပတ်သက်လို့ ဆရာရေးပေးထားတဲ့ ဒီစာလေးကိုလည်း ပြန်လည် ‌ဝေမျှပေးလိုက်ပါတယ်။ Facebook မှာတွေ့တဲ့ ဒီစာသားလေးပါတဲ့ ပုံရဲ့ မူရင်းပိုင်ရှင်လေးကိုလည်း Credit ပေးပါတယ်ရှင်။

Acceptance (လက်သင့်ခံခြင်း)
လက်သင့်ခံခြင်းအနေနဲ့ကတော့ အမျိုးမျိုးပြောကြပါလိမ့်မယ်။ ကျွန်မကတော့ မိမိဖြစ်တည်နေတဲ့ အကျိုးအကြောင်း အခြေအနေအပေါ်မှာ လက်သင့်ခံနိုင်ရပါမယ်လို့ပဲ နားလည်ထားပါတယ်။

Resilience ( သည်းခံနိုင်ခြင်း)
သည်းခံခြင်းနဲ့ ပတ်သက်ရင် ကျွန်မလေ လွန်ခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် မျက်နှာချင်းဆိုင်လမ်းမှာ တွေ့လို့ ကိုယ်နဲ့ မသိတဲ့သူတစ်ယောက်က လိုတာထက်ပိုပြီး စိုက်ကြည့်တာမျိုးဆိုရင်လေ ကျွန်မက စိတ်မထားတတ်၊ သည်းခံခြင်းမရှိဘဲ ကိုယ်မကျေနပ်ဘူးဆိုတာကို တစ်ဖက်သူသိအောင် အကြည့်နဲ့ပဲ ပြန်တုံ့ပြန်တတ်တာပါ။ တော်တော်ဆိုးတာနော်။ အခုတော့ ခုနကလို သေးငယ်တဲ့အရာလေးတွေမပြောနဲ့ တခြား ကြီးကြီးမားမား ကိစ္စတွေနဲ့ ထိုထက်အရေးပါတဲ့ အရာတွေမှာပါ သည်းခံခြင်းပါရမီနဲ့ ပြည့်စုံလို့နေပါပြီ။

Gratitude (ကျေးဇူးတင်ခြင်း)
ကျေးဇူးတင်ခြင်းနဲ့ ကတော့ ကျွန်မတို့နဲ့ ရင်းနှီးကျွမ်းဝင်ရှိနေတဲ့ အရာပါ။ ကျွန်မတို့ ပိုင်ဆိုင်တဲ့ အရာလေးတွေအပေါ်မှာ ကျေးဇူးတင်စိတ်နဲ့နေတယ်။ ရရှိထားတဲ့အလုပ်တစ်ခုလေးရှိနေလို့ အစစအရာရာ အဆင်ပြေလာတယ်။ မိဘနှစ်ပါးရှိနေလို့ လုံခြုံနေတယ်။ တစ်စုံတစ်ယောက်ဆီက အကူအညီရဖူးရင် သူကူညီပေးလို့ ငါအဆင်ပြေခဲ့တယ်။ စသဖြင့် အဲ့ဒီလို စိတ်လေးနဲ့ နေထိုင်ရတာ တကယ်အေးချမ်းပါတယ်။

Consciousness ( သတိရှိခြင်း)
လူတိုင်းမှာတော့ ပြဿနာရယ်လို့ ပေါင်းစုံ ကြုံကြရတာက မထူးဆန်းဘူးပေါ့နော်။ ဒါပေမယ့်လည်းလေ ‌‌ထိုပြဿနာကိုပဲ အရမ်းကြီး တွေးတောမနေပဲ နည်းမှန်လမ်းမှန်နဲ့ ‌ဖြေရှင်းနိုင်ဖို့က အဓိကပါ။ ကျွန်မတို့တစ်တွေဟာ ပထမဆုံး စဆုံဖူးတဲ့ သူကို မိမိအမြင်နဲ့ဆုံးဖြတ်တာတွေ၊ တစ်ဖက်လူကို မဆင်မခြင်ပြောဆိုတာတွေကို သတိပြုကြရပါမယ်။ အသိ၊ သတိနဲ့ နေထိုင်ခြင်းက မိမိိဘဝမှာ အမှားနည်းစေပါတယ်နော်။

Integrity (ဂုဏ်သိက္ခာရှိရှိနေခြင်း)
ဂုဏ်သိက္ခာလို့ဆိုရင်လေ ပိုက်ဆံချမ်းသာတာ၊ ရာထူးဂုဏ်ဒြပ်တွေ မြင့်မားတာ ခဏဘေးဖယ်ထား လူကိုလူလိုမြင်တတ်ပြီး စာနာတတ်တာ တစ်ဖက်လူမနစ်နာစေတဲ့ အပြုအမူတွေ၊ အများပိုင်တဲ့နေရာတွေမှာ ကိုယ့်ကြောင့် အနှောင့်အယှက်မဖြစ်စေတာတွေကို သတိထားပြီး နေနိုင်ခြင်းကလည်း ဂုဏ်သိက္ခာရှိစေပါတယ်နော်။ အရေးပါဆုံးက လိုအပ်လာရင် အရှိအတိုင်း၊ အမှန်အတိုင်း ထုတ်ဖော်ပြောနိုင်တဲ့ ရိုးသားတဲ့ဂုဏ် ရိုးဂုဏ်လေးရှိခြင်းက ဘာနဲ့မှ လဲလို့မရနိုင်တဲ့ အရာလေးမို့ ထိန်းသိမ်းသင့်တယ်လို့ မြင်မိပါတယ်။

ကျွန်မကလေ အကောင်းမြင်စိတ်နဲ့ ပတ်သက်ပြီး ပြောပြနေလို့ ကျွန်မကပဲ အရာရာကို အကောင်းမြင်တဲ့စိတ်နဲ့ တွေးပေးနိုင်တယ်ဆိုတာ မဟုတ်ပါဘူးနော်။ ကျွန်မမှာလည်း ဘယ်လိုမှ အကောင်းမြင် အကောင်းတွေး‌ပေးလို့မရတဲ့ သူတစ်ယောက်ရှိခဲ့ပါတယ်။ ဒါကတော့ ချွင်းချက်မို့ ထည့်မပြောလိုပါဘူး။ ကဲ ဒါဆိုရင် စာဖတ်သူများအားလုံး အေးချမ်းသာယာကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ စိတ်အေးချမ်းသာယာပြီး အဆင်ပြေနေကြတယ် ဆိုရင်ပဲ တော်တော်များများကို အကောင်းမြင်နိုင်ဖို့အတွက် တစ်စိတ်တစ်ပိုင်း အထောက်အကူပြုတယ်ဆိုတာ ကျွန်မကိုယ်တွေ့မို့ပါ။ ဒီတစ်ပတ်အတွက် ကျွန်မရဲ့ ဘလော့ဂ်ကိုတော့ ဒီမှာပဲ ရပ်ခွင့်ပြုပါနော်။ နောက်ထပ်လာမယ့် အပတ်တွေမှာလည်း တခြားခေါင်းစဥ်နဲ့အတူ ဘ‌လော့ဂ် လေးတွေကို အလှည့်ကျ ဆက်လက်ရေးသားပေးနေဦးမှာမို့ အားပေးကြပါဦးနော်။ ကျေးဇူးတင်ပါတယ်ရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *