Life Style Work Style

Multitasking

အားလုံးပဲ မင်္ဂလာပါ။
ညီမကတော့ Spiceworks Myanmar မှာ Web Designer အဖြစ် တာဝန်ယူလုပ်ကိုင်နေတဲ့ နီလာဌေး ဖြစ်ပါတယ်။ ဒီနေ့ ဘလော့ဂ်အတွက် Multitasking ဆိုတဲ့ ခေါင်းစဉ်လေးကို ရွေးချယ်ထားပါတယ်။ ညီမလေ့လာထားသလောက် Multitasking ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကိုလည်း ဆွေးနွေးသွားပါမယ်။ ဒီဘလော့ဂ်လေးကို ရေးရတဲ့ရည်ရွယ်ချက်ကတော့ အခုဆိုရင် နှစ်တစ်နှစ်ကနေ တစ်နှစ် ကူးပြောင်းတဲ့အချိန်မှာ ညီမအနေနဲ့ အရင်ဆုံးပေါ်လာတဲ့အတွေးက အချိန်ကုန်တာအရမ်းမြန်လိုက်တာ ဆိုတဲ့ အတွေးကြောင့် ဖြစ်ပါတယ်။ တခြားသူတွေလည်း အဲ့ဒီအတွေးက အရင်ဝင်လာကြမယ်လို့ ထင်ပါတယ်။ စဉ်းစားကြည့်မယ်ဆိုရင် ငယ်ရွယ်တဲ့အချိန်တုန်းက ကိုယ်လုပ်တတ်တာ၊ လုပ်နိုင်တာ သိပ်မရှိဘူး။ အသက်ကြီးလာတဲ့အခါမှာ ကိုယ်လုပ်တတ်တာ၊ လုပ်နိုင်တာတွေ များလာတယ်။ အဲ့ဒီအတွက် အချိန်က တိုတောင်းတယ်လို့ ထင်ကြတယ်။ ဒါပေမယ့် ရတဲ့အချိန်ကတော့ အတူတူပါပဲ။ Time Management ကို သေချာလုပ်မယ်၊ ကိုယ်လုပ်နိုင်တဲ့ ဘောင်ထဲကနေပဲ လုပ်မယ်။ နောက်ပြီး Multitasking လုပ်လို့ရမယ့် အလုပ်တွေကို ပေါင်းလုပ်မယ်ဆိုရင် တစ်နှစ်တာ စီစဉ်ထားတဲ့ အလုပ်တွေလည်း ပြီးသွားတဲ့အတွက် အချိန်အရမ်းမြန်တာမျိုးတွေ မဖြစ်တော့ပါဘူး။

Multitasking ဆိုတာဘာလဲ။
တစ်ချိန်တည်းမှာ မတူညီတဲ့အလုပ်တွေလုပ်ခြင်း၊ အလုပ်တစ်ခုမှ တခြားအလုပ်တစ်ခုကို အာရုံပြောင်းလုပ်ခြင်း၊ အလုပ်နှစ်ခု ဒါမှမဟုတ် နှစ်ခုထက်ပိုတဲ့ အလုပ်တွေလုပ်ခြင်းပဲ ဖြစ်ပါတယ်။
ဥပမာအနေနဲ့ အလုပ်လုပ်နေစဉ် Podcast နားထောင်ခြင်း၊ စာသင်နေစဉ် Note ရေးမှတ်ခြင်း အစရှိသဖြင့် တစ်ယောက်နဲ့ တစ်ယောက်ကတော့ မတူညီနိုင်ပါဘူး။ အဲ့ဒီလို လုပ်နိုင်တာက ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးပိုင်းဆိုင်ရာ ဖြတ်ထိုးဥာဏ်ကို ကောင်းစေတဲ့အတွက် ဂုဏ်ယူပြီးတော့ ပြောကြတယ်။ ကောင်းတဲ့ဘက်လည်း ရှိသလို၊ တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း တစ်ခုချင်းစီကို တစ်ချိန်ချင်းစီမှာ လုပ်ဖို့ အချိန်မရတဲ့အတွက် တစ်ချိန်တည်းမှာပဲ နှစ်မျိုး၊ သုံးမျိုး ပေါင်းလုပ်လိုက်ရတာတွေရှိပါတယ်။ အဲ့ဒီလိုလုပ်ဖို့ဆိုရင် ကိုယ့်ခန္ဓာကိုယ်ရဲ့ လုပ်နိုင်စွမ်းလည်းလိုပါသေးတယ်။ စိတ်ကလုပ်နိုင်တယ်ဆိုပေမယ့် စိတ်ရဲ့နောက်ကို ကိုယ်က လိုက်လုပ်နိုင်ဖို့ အရေးကြီးပါတယ်။

လူတော်တော်များများက Multitasking ကို အချိန်နဲ့အဆက်မပြတ်လေ့ကျင့်ပေးကြပြီး သင်ယူလို့ရနိုင်တဲ့ ကျွမ်းကျင်မှုတစ်ခုလို့လည်း ပြောကြပါတယ်။ အမျိုးမျိုးသောအချက်တွေအပေါ်မူတည်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေလည်း ရှိပါတယ်။

Advantages of Multitasking
၁။ တစ်ချိန်ချင်းစီ လုပ်ရမယ့် အလုပ်တွေကို တစ်ချိန်တည်းမှာပဲ လုပ်လိုက်တဲ့အတွက် အချိန်ကုန်သက်သာစေပါတယ်။
၂။ တစ်နေ့တာ လုပ်ရမယ့် အလုပ်တွေကို ကောင်းကောင်းစီမံခန့်ခွဲနိုင်ပြီး အလုပ်ချိန်အတွင်း ပြီးအောင်လုပ်နိုင်ဖို့အတွက် တစ်ချိန်တည်းမှာ ပေါင်းလုပ်လို့ရတာတွေကို လုပ်လိုက်တဲ့အတွက် အချိန်ဆွဲခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
၃။ တစ်ပြိုင်နက်တည်း အလုပ်နှစ်ခု၊ သုံးခုလုပ်တဲ့အခါမှာ ဦးနှောက်က ပိုပြီးအလုပ်လုပ်ရတဲ့အတွက် Brain Power ကိုလည်း တိုးလာစေပါတယ်။
၄။ ပြိုင်ပြီးလုပ်ရတာဖြစ်တဲ့အတွက် အာရုံပျံ့လွင့်ခြင်းကို ဖြစ်စေတယ်။ အဲ့ဒီအတွက် အာရုံထွေပြားခြင်းတွေကို ဖြတ်ကျော်နိုင်ခြင်းက လုပ်ငန်းခွင်မှာ တွေ့ရတတ်တဲ့ Problem တွေကိုလည်း ဖြေရှင်းနိုင်စေပါတယ်။
၅။ အလုပ်တွေပြီးမြောက်ဖို့ ဖိအားပေးခံရတဲ့အတွက် အဲ့ဒီခံနိုင်ရည်ရှိမှုကို တိုးတက်စေပြီး စိတ်ဖိစီးမှုတွေကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်စေပါတယ်။
၆။ အလုပ်တွေကို တစ်ပြိုင်နက်တည်း လုပ်ရတဲ့အတွက် Complex ဖြစ်တဲ့ Tasks တွေကိုလည်း ကိုင်တွယ်လာနိုင်ပြီး အလုပ်အကိုင်စွမ်းရည်လည်း တိုးတက်လာစေပါတယ်။
၇။ တစ်နေ့တာ လုပ်ရမယ့် အလုပ်တွေကို တစ်ပြိုင်နက်တည်း လုပ်လိုက်တဲ့အတွက် အချိန်ပိုလုပ်စရာမလိုဘဲ အိမ်မှာ မိသားစုနဲ့ အချိန်ပိုပေးပြီး အနားယူလို့ရပါတယ်။

Disadvantages of Multitasking
၁။ လူ့ဦးနှောက်က တစ်ကြိမ်လျှင် အလုပ်တစ်ခုအပေါ်ပဲ အထိရောက်ဆုံး အာရုံစိုက်နိုင်တာဖြစ်တဲ့အတွက် ကျန်တဲ့တွဲလုပ်တဲ့အလုပ်တွေကို ထိခိုက်စေနိုင်ပါတယ်။ အဲ့ဒီအတွက် Quality ပိုင်းကိုတော့ ထိခိုက်နိုင်စေပါတယ်။
၂။ ဦးနှောက်ရဲ့ အချက်အလက် ထိန်းသိမ်းနိုင်စွမ်း (Memory) ကိုလည်း ထိခိုက်နိုင်စေပါတယ်။
၃။ Multitasking လုပ်ခြင်းကို ကြိုးပမ်းခြင်းဖြင့် ဦးနှောက်က အလုပ်တွေကို ဘယ်ဟာက အရေးကြီးတယ်၊ ဘယ်ဟာက အရေးမကြီးဘူး ဆိုတာ ခွဲခြားနိုင်မည်မဟုတ်ပေ။
၄။ ရေရှည်မှာ စိတ်ပူပန်မှုနှင့် ဖိစီးမှုတွေကို ဖြစ်စေတဲ့အတွက် စိတ်ကျန်းမာရေးကို ထိခိုက်နိုင်စေပါတယ်။
၅။ Multitaskers တွေက တခြားသူတွေထက် Creation ပိုင်းမှာ ပိုပြီး အားနည်းနိုင်ပါတယ်။
၆။ Multitasking လုပ်နေရတဲ့အတွက် အလုပ်မှာ တခြားသူတွေကို ကူညီနိုင်ခြေနည်းပါးပါတယ်။
၇။ တာဝန်တွေများလာတဲ့အတွက် အလုပ်မှာရှိတဲ့ Activity တွေမှာ ပါဝင်နိုင်ခြေနည်းပါးတဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေး ကျဆင်းနိုင်စေပါတယ်။

Multitasking က အရည်အချင်းပိုင်းဆိုင်ရာအရ ပြောမယ်ဆိုရင် တကယ်ကောင်းပါတယ်။ Knowledge လည်းတိုးတက်လာတယ်။ ပြဿနာတွေ ဖြေရှင်းတဲ့အခါမှာလည်း အကုန်လုပ်ဖူးတဲ့အတွက် ဖြေရှင်းတတ်တယ်။ တစ်ချိန်တည်းမှာ အလုပ်နှစ်ခု၊ သုံးခုကို စီမံလုပ်နိုင်တဲ့အခါမှာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ပိုရှိလာတယ်။

Multitasking လုပ်တာက ရုံးအလုပ်တွေမှ မဟုတ်ဘူး။ အိမ်အလုပ်တွေ လုပ်တဲ့အခါမှာလည်း အသုံးပြုပြီး လေ့ကျင့်လို့ရပါတယ်။ အဲ့ဒီလိုလေ့ကျင့်တဲ့အခါမှာ ကိုယ်ပုံမှန်လုပ်နေကျ၊ ဒါမှမဟုတ် ကိုယ်ကျွမ်းကျင်တဲ့အလုပ် အသေးလေးတွေကစပြီး လေ့ကျင့်ဖို့ အကြံပေးချင်ပါတယ်။ ဥပမာအနေနဲ့ ခေါက်ဆွဲပြုတ်နေရင်း ဟင်းအနှစ်ချက်တာမျိုး၊ ဒါမှမဟုတ် သန့်ရှင်းရေးလုပ်နေတာမျိုးတွေ လုပ်လို့ရတာတွေကို လုပ်ကြည့်နိုင်ပါတယ်။ ဘာသာစကားလေ့လာနေတဲ့သူတွေအနေနဲ့ အိမ်အလုပ်လုပ်နေရင်း Podcast နားထောင်တာတို့ လုပ်ကြည့်နိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူတဲ့အတွက် Multitasking လုပ်လို့ရတာတွေကို လုပ်ကြည့်နိုင်ပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ သူဟာနဲ့သူ ဆိုးကျိုးတွေလည်းရှိတဲ့အတွက် သေချာချင့်ချိန်ပြီး လုပ်ကြည့်ဖို့တော့ လိုအပ်ပါတယ်။

အခုလိုပြောလို့ အလုပ်တွေချည်း လုပ်နေရမယ်လို့ မဆိုလိုပါဘူး။ တစ်ဖက်မှာလည်း အနားပေးဖို့၊ ကိုယ့်ကိုယ်ကို သက်တောင့်သက်သာဖြစ်ဖို့လည်း လိုအပ်ပါတယ်။ တစ်ယောက်တည်းကနေ အလုပ်တွေအများကြီးလုပ်ရတဲ့အတွက် ကိုယ့်အတွက် ကောင်းတဲ့အချိန်လေးတွေပေးပါ။ စိတ်ရော၊ ကိုယ်ရောကျန်းမာအောင် အားကစားလုပ်ပါ။ အားကစားဆိုတာထက် ကျန်းမာရေးအတွက် အချိန်တစ်ခုပေးပါ။ ကိုယ်ကိုယ်တိုင် ကျန်းမာပျော်ရွှင်နေမှ အလုပ်လုပ်နိုင်မယ်၊ နောက်ပြီး ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်ကို ပျော်အောင်ထားနိုင်မှာဖြစ်တဲ့အတွက် အရင်ဆုံး ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ ပြောချင်ပါတယ်။

အားလုံးပဲ နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ညီမရဲ့ ဘလော့ဂ်လေးကို အဆုံးထိ ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ဘလော့ဂ်တွေမှာ ပြန်လည်ဆုံတွေ့ကြပါမယ်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *