Life Style Others

Peripheral Neuropathy (အာရုံကြောအားနည်းခြင်း)

အားလုံးပဲ မင်္ဂလာပါ။ ဒီအပတ်မှာတော့ ကျန်းမာရေးဆိုင်ရာဗဟုသုတအဖြစ် peripheral neuropath (အာရုံကြောအားနည်းခြင်း) အကြောင်းအရာကို sharing လုပ်ပေးချင်ပါတယ်။

ပထမဆုံးအနေနဲ့ စာဖတ်သူတို့ အာရုံကြောအားနည်းခြင်းဆိုတာကိုသိကြပါသလားရှင့်။ 

အာရုံကြောအားနည်းခြင်းဆိုတာကတော့ အာရုံကြောအဖွဲ့အစည်း ပျက်စီးခြင်းကြောင့်ဖြစ်ပြီး အထူးသဖြင့် ဦးနှောက်နဲ့ အာရုံကြောမကြီးဆီကနေ သတင်းအချက်အလက်တွေကို တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို ပို့ပေးတဲ့ အာရုံကြောတွေပျက်စီးခြင်းကိုခေါ်ပါတယ်။

အာရုံံံကြောအားနည်းခြင်း အမျိုးအစားပေါင်းများစွာရှိပါတယ်။ ထိုအထဲကမှ အဓိကအားဖြင့် လေးမျိုးမှာအောက်ပါအတိုင်းဖြစ်ပါသည်။

  1. Motor Neuropathy : ကြွက်သားနဲ့ ကိုယ်ခန္ဓာလှုပ်ရှားခြင်းကို ထိန်းချုပ်ပေးသော အာရုံကြောစနစ်များ ထိခိုက်ပျက်စီးခြင်း။
  2. Sensory Neuropathy : အာရုံခံစားမှုများဖြစ်သော အထိအတွေ့ ၊ အပူအ‌အေး နှင့် နာကျင်မှု စသော အာရုံခံစနစ်ကို ထိန်းချုပ်ပေးနိုင်သော အာရုံကြောတွေ ပျက်စီးခြင်း။
  3. Autonomic Neuropathy : အသက်ရှူခြင်း၊ နှလုံးခုန်ခြင်းစသည့်တို့ကို အလိုအလျောက်လုပ်ဆောင်ပေးသော အာရုံကြောစနစ်ထိခိုက်ပျက်စီးခြင်း။ 
  4. Combination Neuropathies : အာရုံကြောအားနည်းခြင်းအမျိုးအစား တစ်မျိုးထက်ပိုပြီး တွေ့ရရင် Combination Neuropathies လို့ ခေါ်ပါတယ်။

ခန္ဓာကိုယ်၏ အာရုံကြောတိုင်းမှာ သီးသန့်သက်ဆိုင်ရာအလုပ်များရှိသည့်အတွက် ရောဂါလက္ခဏာများသည် ထိခိုက်သောအာရုံကြောအပေါ် မူတည်ပြီး ကွဲပြားနိုင်ပါသည်။ ယေဘုယျအားဖြင့် အာရုံကြောအားနည်းသည့်အခါတွင် အဖြစ်များသောလက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

၁။ ခြေဖဝါး၊ လက်ဖဝါးများ ထုံကျဉ်ခြင်းမှစပြီး တဖြည်းဖြည်းခြေလက်များထုံကျဉ်လာခြင်း။

၂။ စူးစူးရှရှ နာကျင်ခြင်း၊ ပူခြင်း အေးခြင်းတို့ကို ခံစားရခြင်း။

၃။ အထိမခံနိုင်ခြင်း။

၄။ ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်ဘဲ ချော်လဲခြင်း။

၅။ သွေးပေါင်ချိန်အပြောင်းအလဲကြောင့် မူးမော်ခြင်း။

၆။ ညအိပ်မ‌ပျော််််ခြင်း။

၇။ အပူဒဏ်မခံနိုင်ခြင်း၊ ချွေးထွက်တဲ့ ပုံစံပြောင်းလဲခြင်း။

၈။ ဆီးဝမ်း၊ အစာလမ်းကြောင်းနဲ့ ပတ်သက်တဲ့ပြဿနာများဖြစ်ခြင်း။

၉။ အစာမျိုချရခက်ခဲခြင်း။

ဆက်လက်ပြီး အာရုံကြော အားနည်းခြင်းကိုဖြစ်စေနိုင်သော အကြောင်းအရင်းများမှာ အောက်ပါအချက်များကြောင့်ဖြစ်ပါသည်။

၁။ ဆီးချိုသွေးချိုရှိခြင်း။ (အဖြစ်အများဆုံး)

၂။ ကျောက်ကပ်မကောင်းခြင်း။

၃။ ဟော်မုန်းဓာတ်မညီမျှခြင်း။

၄။ မျိုးရိုးလိုက်ခြင်း။

၅။ ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့်ဖြစ်ခြင်း။

၆။ အာရုံကြောများ အလိုအလျောက်ချို့ယွင်းလာခြင်းတို့ဖြစ်ပါသည်။

ထိုကဲ့သို့ အာရုံကြောအားနည်းခြင်းရောဂါလက္ခဏာများ စာဖတ်သူတို့ခံစားနေရပြီဆိုလျှင်တော့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပြီး သွေးစစ်ခြင်း၊ ကြွက်သားများစစ်ဆေးတာ၊ အာရုံကြောများစစ်ဆေးခြင်းနှင့် ဦးနှောက်အရည်ကြည်စစ်ဆေးခြင်း (Spinal fluid tests) များ၊ ပိုတိကျသေချာဖို့အတွက်ဆိုလျှင် ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan) ၊ ဦးခေါင်းသံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI scan) နှင့်အာရုံကြောတစ်သျှူးစ စစ်ဆေးခြင်း (biopsy) စသည့်ရောဂါအဖြေရှာခြင်းနှင့် ကုသမှုများကိုလုပ်ဆောင်သင့်ပါတယ်။  အာရုံကြောအားနည်းခြင်းရောဂါသည် အရှင်းပျောက်ကင်းအောင် ကုသလို့မရပေမယ့် ရောဂါလက္ခဏာတွေ ပိုမဆိုးလာအောင်၊ သက်သာအောင် ကုသနိုင်ပါတယ်။

နိဂုံးချုပ်အနေဖြင့် အာရုံကြောအားနည်းခြင်းမဖြစ်အောင် ဘယ်လိုနေထိုင်ကြရမလဲဆိုတော့

၁။ အရက်၊ ဆေးလိပ်သောက်ခြင်းကိုရှောင်ပါ။

၂။ ဗီတာမင်ဓာတ်ပြည့်ဝအောင် စားသောက်နေထိုင်ပါ။

၃။ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်များစားပါ။

၄။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

၅။ နှလုံး၊ ကျောက်ကပ်၊ ဆီးချိုသွေးချိုစတဲ့ နာတာရှည်ရောဂါများရှိလျှင် ဆရာဝန်နဲ့ သေချာပြသပြီး စနစ်တကျကုသမှုခံယူပါ။

၆။ အထူးသဖြင့် ဆီးချို​ရောဂါရှိတဲ့သူတွေမှာ အနာဖြစ်ရင် နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်ရလေအောင် သေချာဂရုစိုက်ဆေးထည့်ပေးရပါမယ်။

၇။ ကြွက်သားအားနည်းခြင်းကို သက်သာစေဖို့အတွက် အထိန်းကိရိယာများကိုလည်း အသုံးပြုနိုင်ပါတယ်။

ယခုဆောင်းပါးကိုဖတ်ရှုရင်း အာရုံကြောအားနည်းခြင်းရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးဗဟုသုတတချို့ရရှိသွားပါစေလို့ မျှော်လင့်ပါတယ်ရှင့်။

အဆုံးထိ ဖတ်ရှုပေးခဲ့သော စာဖတ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်။ စာဖတ်သူများအားလုံးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *