Life Style

Personal Finance

အားလုံးပဲ မင်္ဂလာပါရှင့်။

ကျွန်မကတော့ Spiceworks Myanmar ကုမ္ပဏီတွင် Administration Assistant အဖြစ် အလုပ်လုပ်ကိုင်နေတဲ့ လဲ့ရည်ဖြိုး ဖြစ်ပါတယ်။ ဒီနေ့မှာ ကျွန်မကတော့ ကျွန်မရဲ့ ကိုယ်ပိုင်ဘဝ အတွေ့အကြုံမှ ရရှိလိုက်တဲ့ လက်တွေ့အသုံးချဖြစ်ခဲ့သော ငွေကြေးဆိုင်ရာ အသိပညာအချို့ကို “Personal Finance” ဆိုတဲ့ ခေါင်းစဥ်ဖြင့် sharing လုပ်ပေးချင်ပါတယ်။

“ပိုက်ဆံ” ဆိုတာ လူသားတိုင်းအတွက် လိုအပ်ပါတယ်။ Personal Finance (ကိုယ်ပိုင် ငွေကြေးဆိုင်ရာ အသိပညာ) ဆိုတာလည်း လူသားအားလုံး သိထားရန် လိုအပ်ပြီး နားလည်ထားသင့်သော အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ တစ်ဦးနှင့်တစ်ဦးကတော့ အလုပ်တွေ၊ ငွေကြေးအရ ဝင်ငွေတွေ၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေ ဆိုတာ မတူညီကြပါဘူး။ ထို့ကြောင့် ကျွန်မက အခြေခံဝင်ငွေတစ်ခုရနေသော လူတစ်ဦးအနေဖြင့်သာ မျှဝေသွားပါမယ်။

ပထမဆုံးအနေနဲ့ ဘာကြောင့် ယခုဘလော့ဂ်လေးကို မျှဝေပေးဖြစ်လဲဆိုရင်
လွန်ခဲ့တဲ့ နှစ်ကာလတစ်ခုမှာ မထင်မှတ်ထားဘဲ ကျွန်မကိုယ်တိုင် ငွေကြေးဆိုင်ရာ အခက်အခဲတစ်ခုကို ရင်ဆိုင်ခဲ့ရပါတယ်။ ထိုသို့ ရင်ဆိုင်တွေ့ကြုံရတဲ့အခါ ရှောင်လွှဲတာထက် ရင်ဆိုင်ပြီး ‌ ဖြေရှင်းခဲ့လိုက်တာက ပိုကောင်းဖို့ဖြစ်လာခဲ့ပြီး မိမိကိုယ်တိုင် ထိုအခြေအနေမှ ကျော်လွှားနိုင်ခဲ့တဲ့အခါမှ ယုံကြည်မှုတွေ ပိုရရှိလာခဲ့တဲ့အပြင် ပို၍ သန်မာရင့်ကျက်လာခဲ့ပါတယ်။ ထို့နောက် အချိန်တစ်ခုအကြာမှာ ကျွန်မ အရာအားလုံးကို သုညကနေ ပြန်လည်ရုန်းကန်ပြီး ရှင်သန်လာနိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် ခုလို တိုးတက်ပြောင်းလဲနေတဲ့ ခေတ်နဲ့အညီ ငွေကြေးဆိုင်ရာ အသိပညာတွေကိုလည်း စာအုပ်တွေဖတ်တာမျိုး၊ social media တွေမှာ မျှဝေထားတာကနေ လေ့လာမှတ်သားပြီး လက်တွေ့အသုံးချတာမျိုးတို့ လုပ်ဖြစ်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

ကျွန်မသည် မိမိကိုယ်ပိုင်ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ မိမိကိုယ်ကို အားကိုးရပ်တည်ပြီး ‌ငွေကြေးဆိုင်ရာမှာပါ မှီခိုကင်းတဲ့သူတစ်ယောက်အနေနဲ့ နေထိုင်ချင်ခဲ့တယ်။ (ငွေကြေးဆိုင်ရာမှာ အမှီခိုကင်းတဲ့သူတစ်ယောက်ဆိုတာ အရမ်းချမ်းသာကြွယ်ဝတာမျိုးကို ဆိုလိုခြင်းမဟုတ်ပါ။)

ကိုယ်ပိုင်ဘဝမှာ ငွေကြေးပိုင်းဆိုင်ရာ မှီခိုကင်းတဲ့သူတစ်ယောက်အနေနဲ့ နေထိုင်နိုင်ဖို့ဆိုရင် မိမိတို့ ကိုယ်ပိုင်ဝင်ငွေကို ကောင်းစွာ စီမံခန့်ခွဲ၍ သုံးစွဲတတ်ဖို့ လွန်စွာ အရေးကြီးပါတယ်။ အားလုံးက အသက်ရှင်နေသရွေ့ အလုပ်တစ်ခုမဟုတ်တစ်ခု‌‌တော့ လုပ်ကိုင်ကြရပါတယ်။ ဝင်ငွေလို့ပြောလိုက်ရင် ကျွန်မတို့ လစာတွေ၊ အချိန်ပိုင်းအလုပ်တွေ၊ စီးပွားရေးတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ စသဖြင့် ကနေ ဝင်ငွေတွေ အသီးသီး ရကြပါတယ်။ ထိုသို့ ဝင်ငွေတွေရလာပြီဆိုရင် Personal Finance ပိုင်းကို စတင်ပြီး စီမံခန့်ခွဲမှုတွေ လုပ်ရပါတော့မယ်။ ထို့ကြောင့် Personal Finance ကို အခြေခံအားဖြင့် အပိုင်း (၃) ပိုင်း ခွဲ၍ မျှဝေပေးချင်ပါတယ်။

(၁) Spending (သုံးစွဲမှုအပိုင်း)
သုံးစွဲမှုအပိုင်းမှာဆိုရင် ကျွန်မတို့အားလုံးတွင် စားဝတ်နေရေးဆိုတာ ရှိကြပါတယ်။ ထို့ကြောင့် မဖြစ်မနေ ကျွန်မတို့မှာ စားဝတ်နေရေးအတွက် သုံးစွဲမှုစရိတ်တွေရှိကြပါတယ်။ (ဥပမာ- အိမ်ငှားစရိတ်၊ စားစရိတ်၊ အထွေထွေသုံးစွဲမှု၊ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေးအတွက် သုံးစွဲမှု) စသဖြင့် အသုံးစရိတ်ကုန်ကျမှုများ ရှိကြပါတယ်။ သို့ပေမယ့် ငွေကြေးဆိုင်ရာမှ အမှီခိုကင်းတဲ့သူတစ်ယောက်အဖြစ် နေထိုင်နိုင်ဖို့ အသုံးစာရင်းတွေကို ဘယ်လို စီမံလို့ရနိုင်မလဲဆိုလျှင်
(၁) အသုံးစာရင်းတွေကို နေ့စဥ်လစဉ်ပုံမှန်ကုန်ကျမည့် အသုံးစာရင်း ပြုလုပ်ခြင်း
(၂) စျေးဝယ်မည့်စာရင်းများ ပြုလုပ်ခြင်း၊ ချရေးခြင်း
(၃) မလိုအပ်ဘဲ အရေးမကြီးလျှင် အပိုသုံးစွဲမှု မရှိအောင် အမှန်တကယ်လိုအပ်နေလား၊ အရေးကြီးလိုအပ်လား သေချာအချိန်ပေးစဥ်းစားပြီးမှ ဝယ်ခြင်း၊ သုံးစွဲခြင်း
(၄) ဝင်ငွေ နှင့် ထွက်ငွေကိုယှဉ်၍ ချိန်ဆတွက်ချက်ပြီး သုံးစွဲခြင်းတို့ကို ပြုလုပ်လို့ ရပါတယ်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် မိမိတို့အတွက် ငွေကြေးပိုင်းမှာ အကျိုးရလဒ်တစ်ခုတော့ ရလာမှာပဲ ဖြစ်ပါတယ်။

(၂) S‌aving (စုဆောင်းမှုအပိုင်း)
ငွေကြေးပိုင်းဆိုင်ရာမှာ အမှီခိုကင်းတဲ့သူတစ်ယောက်အနေနဲ့ နေထိုင်နိုင်ဖို့ လစဉ် ဝင်ငွေ ရလာပြီဆိုလျှင် ရသမျှကို အကုန် သုံးစွဲလို့လည်း မရပါ။
ကျွန်မတို့ ဝင်ငွေပေါ် မူတည်ပြီး ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေးအတွက် သုံးစွဲမှုဖြစ်စေ၊ အနာဂတ်အိမ်မက်အတွက်ဖြစ်စေ စသဖြင့် စုဆောင်းမှု လုပ်သင့်ပါတယ်။ ငွေစုခြင်းကလည်း ကောင်းတဲ့ အလေ့အကျင့်လေး တစ်ခုဖြစ်ပါတယ်။ ငွေစုမယ်ဆိုလျှင် ကျွန်မတို့ ‌သုံးစွဲပြီးလို့ ကုန်မှ စုတာမျိုးမလုပ်ဘဲ အရင်ဆုံး လစဥ် ဝင်ငွေရလာပြီဆိုတာနဲ့ ပုံမှန် ဘယ်လောက်စုမယ်ဆိုပြီး ရေတိုပစ်မှတ်ထား၍ ငွေစုခြင်း၊ ထို့ပြင် ဘာအတွက်စုမယ်ဆိုပြီး ရည်ရွယ်ချက်ထား၍ စုဆောင်းခြင်း၊ ရင်းနှီးမြှုပ်နှံဖို့အတွက်ဖြစ်ဖြစ် ငွေစုခြင်း၊ ရေတိုရည်ရွယ်ချက်အတိုင်း စုဆောင်းမှု လုပ်နိုင်ခဲ့လျှင် ‌ထပ်တိုး၍ အဆင့်ဆင့် တိုး၍ စုဆောင်းနိုင်ပါတယ်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် မိမိတို့အတွက် အကျိုးရလဒ်တစ်ခုတော့ ရလာမှာပဲ ဖြစ်ပါတယ်။

(၃) Investing (ရင်းနှီးမြှုပ်နှံမှုအပိုင်း)
အထက်ပါအတိုင်း ကျွန်မတို့ လုပ်ဆောင်ခဲ့ပါက အချိန်တစ်ခုပြည့်တဲ့အခါ ထိုစုဆောင်းငွေများကို ရင်းနှီးမြှုပ်နှံမှု လုပ်နိုင်ပါတယ်။ ဥပမာ – မိမိနှင့်ကိုက်ညီမယ့် လုပ်ငန်း၊ ရှယ်ယာ၊ အိမ်ခြံမြေဝယ်ခင်း၊ အကျိုးမြတ်ရတဲ့ ရွှေ‌ဝယ်ခြင်း စသဖြင့် တစ်ခုခုမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ထားခြင်းဖြင့် မိမိတို့ ဝင်ငွေများ တိုးလာပါမယ်။

ထို့သို့ ပြုလုပ်ခြင်းဖြင့် အခြေခံ လူတန်းစားဘဝမှာလည်း ငွေကြေးပိုင်းဆိုင်ရာမှာ အမှီခိုကင်းတဲ့ ဘဝနေထိုင်မှုတစ်ခုကို ပိုင်ဆိုင်‌ကြမှာပဲ ဖြစ်ပါတယ်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *