Life Style Others

Positive Thinking

ညီမကတော့ Spiceworks Myanmar ကုမ္ပဏီတွင် Web Developerအဖြစ်အလုပ်လုပ်ကိုင်လျက်ရှိသော မခင်ပွင့်ဖြူခိုင်ဖြစ်ပါတယ်။ ဒီတစ်ပါတ်မှာတော့ အားလုံးကို ပြန်လည်မျှ‌ဝေပေးချင်သော Positive Thinking (အကောင်းအမြင်ဖြင့် တွေးတောခြင်း) အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။

Positive Thinking ဆိုတာဘာလဲ။
မိမိတို့၏ဘဝမှာ စိတ်ခံစားမှုနှင့် စိတ်ပိုင်းဆိုင်ရာ စိတ်နေသဘောထားကို အလင်းဘက်ခြမ်းသို့ ဦးတည်ထားပြီး တွေးတောစဉ်းစားခြင်းဖြစ်တယ်။ အကောင်းမြင်စိတ်က ဘယ်အခြေအနေပဲဖြစ်ဖြစ် အောင်မြင်မှု၊ ပျော်ရွှင်မှု နှင့် ကျန်းမာရေး ကောင်းမွန်မှု အစရှိသဖြင့်တို့ကို ဖြစ်ပေါ်စေနိုင်တယ်။

Negative Thinking ဆိုတာဘာလဲ။
negative ဆိုမှတော့ အနုတ်သဘောဆောင်တဲ့ လက္ခဏာပဲဖြစ်ပါတယ်ရှင့်။ စိတ်ပိုင်းဆိုင်ရာအခြေအနေမှာ မိမိ၏အတွေးတွေက အဆိုးဖက်ကို ပိုပြီးအားသာနေတာမျိုးကို ဆိုလိုတာပါ။ အဆိုးတွေကို တွေးနေပြီဆိုရင် မပျော်ရွှင်ခြင်းဖြစ်စေသော အဆိပ်ဆိုတဲ့အရာတွေကို သွေးထဲသို့ ထုတ်လွှတ်စေခဲ့ပါတယ်။ ထိုအခါ စိတ်၌ မပျော်ရွှင်ခြင်းတွေ ဖြစ်ပေါ်လာခဲ့တယ်။

Worry is natural!!
လူတိုင်းမှာတော့ စိုးရိမ်ပူပန်မှုတွေ ရှိကြတယ်ဆိုတာ သဘာဝပါပဲ။

စိတ်နေသဘောထား
တစ်ဦးချင်းတစ်ယောက်ချင်းဆီက ပစ္စည်းတစ်ခုကို နှစ်သက်တယ် (သို့) မနှစ်သက်ဘူး စသည့်တို့ကို ကိုယ်စားပြုတည်ဆောက်ထားတဲ့ စိတ်အခြေအနေတစ်ခုဖြစ်တယ်။ ဥပမာတစ်ခုအနေဖြင့် ရှင်းပြပေးချင်တာကတော့ ခါးသီးလှသောဆေးလုံးလေး တစ်လုံးနဲ့ပဲ ပြောပြပေးပါရစေ။ မိမိ၏ကျန်းမာရေးအတွက် မဖြစ်မနေဆေးသောက်ရန် လိုအပ်တယ်ဆိုပါစို့။ မိမိ၏စိတ်နေသဘောထားအရ ဆေးလုံးက ခါးနေတဲ့အတွက် မကြိုက်ဘူးပေါ့နော်။ အဲ့လိုအချိန်မျိုးမှာ Positive Thinkingဆိုတဲ့ အကောင်းမြင်ဖြင့်တွေးတတ်တဲ့အတွေးကို ပေါင်းထည့်လိုက်မည်ဆိုပါစို့။ မိမိအသက်ရှင်ဖို့ရာ ခါးသီးလှတဲ့ ဆေးလုံးကို သောက်မှ အသက်ရှင်မှာဖြစ်တဲ့အတွက် ထိုဆေးကို မဖြစ်မနေသောက်ရမယ်လို့ အကောင်းဘက်ကတွေးလိုက်တော့မိမိမှာ ကောင်းမွန်သောအခြေအနေကို ရောက်လာတယ်ပေါ့။ မိမိဖြစ်ချင်ရာဖြစ်ဆိုပြီး အဆိုးဘက်ကတွေးလိုက်မယ်ဆို ဆိုးသောအခြေအနေတွေကို မလွဲဧကန်ရင်ဆိုင်ရာမှာ ဖြစ်ပေတယ်။ မိမိတို့၏မူလရှိနေသော စိတ်နေသဘောထားကို အရင်းခံပြီး ကောင်းမွန်သောအတွေးတွေနှင့် ဆိုးသောအတွေးတွေကို ထည့်ပေါင်းခြင်းဖြင့် လူတွေရဲ့ဘဝဟာ ပြောင်းလဲလာခဲ့ကြတယ်။

သင်ဟာ ကောင်းမွန်မှန်ကန်သောနည်းလမ်းတွေနဲ့ ကြည့်မယ်ဆိုရင် ကမ္ဘာတစ်ခုလုံးကို စိတ်ကြည်နူးဖွယ်ကောင်းသော ဥယျာဉ်တစ်ခုအဖြစ် မြင်နေပေလိမ့်မည်။
“If you look the right way, you can see that the whole world is a garden.(Frances Hodgson Burnett)”

စိတ်နေသဘောထား ဆိုးသွမ်းမှုတွေက ပြားချပ်နေသော တာယာတစ်ခုလိုပါပဲ။ သင် ထိုအရာကို မပြောင်းလဲနိုင်သေးသ၍ ဘယ်နေရာမှ သင်မသွားနိုင်ပါ။
“A bad attitude is like a flat tire. You can’t go anywhere till you change it.”

သင့်ဆီမှာ အဓိက အကောင်းမြင်စိတ်တွေ များလာလေလေ သင့်ဆီကို ကောင်းသောအတွေးတွေ၊ ကောင်းသောအရာတွေ၊ အကြံကောင်းတွေနှင့် အောင်မြင်မှုရလဒ်တွေကို ဦးတည်စေနိုင်တယ်။ အဆိုးမြင်စိတ်တွေ များလာတာနှင့်အမျှ မကောင်းသောအတွေးများ၊ အကြံအစည်ဆိုးများ နှင့် ရလဒ်ဆိုးတွေအထိ ဖြစ်ပေါ်စေနိုင်ပါတယ်။ ထို့အတွက်ကြောင့် သင့်အနေနဲ့ဆိုရင်ရော ဘယ်လိုစိတ်ထားမျိုးကို ပိုင်ဆိုင်ချင်ပါသလဲရှင့်။

Positive Thinking တိုးတက်အောင် ဘယ်လိုလုပ်မလဲ။
(၁) သင်ဟာမကြာခဏပြုံးနိုင်အောင် လုပ်ပါ။ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ပြုံးနိုင်ဖို့ ကြိုးစားပါ။
(၂) နေ့တိုင်း တတ်နိုင်သလောက် ဘဝအတွက် အရေးပါတဲ့ မတူညီသောစာမျက်နှာတွေကို ဖတ်ပါ။
(၃) သင်ရဲ့စိတ်ကို အေးချမ်းစေနိုင်သော တရားထိုင်ခြင်း (သို့) ယောဂ တွေကို လုပ်ဆောင်ပါ။
(၄) မနာလိုဝန်တိုမှုတွေကို မဖြစ်ပါစေနဲ့။
(၅) အဆိုးအတွေးတွေကို ရှောင်ရှားပါ။
(၆) သင့်ကို ပျော်ရွှင်စေပြီး ဗဟုသုတဖြစ်စေသော ရုပ်ရှင်တွေကို ကြည့်ပါ။
(၇) ဘယ်အခြေအနေပဲရောက်ရောက် အရှုံးမပေးပါနဲ့။
(၈) အနားမှာရှိတဲ့လူတွေကို ကူညီပေးပါ။
(၉) သင့်ရဲ့လုပ်နိုင်တဲ့စွမ်းရည်တွေကို သင်ကိုယ်တိုင် ယုံကြည်ပါ။
(၁၀) ပြသာနာတစ်ခုခုဖြစ်လာရင် ထိုပြသာနာကိုဘယ်လိုဖြေရှင်းရမလဲ စဉ်းစားပါ။
(၁၁) အကောင်းမြင်စိတ် ရှိသောလူများနှင့် သင်ကိုယ်တိုင် ဆက်ဆံပါ။
(၁၂) သင်စကားပြောသောအခါ ကောင်းသောစကားလုံးတွေကိုသာ အမြဲတမ်းသုံးနှုန်းပါ။
(ဥပမာအားဖြင့် သင်ဟာ ကိစ္စတစ်ခုကို လုပ်ရတော့မည်ဆိုပါစို့။ ထိုကိစ္စကို “ငါလုပ်နိုင်တယ်”၊ “ဖြစ်နိုင်တယ်” စသည့် စကားလုံးများသာ တွေးသင့်တာပေါ့။
ထိုနေရာမှာ သတိထားသင့်တဲ့ အချက်အနေနဲ့ကတော့ “ငါသာလျှင်လုပ်နိုင်တယ်” ဆိုတဲ့ အတွေးမျိုးကတော့မတွေးသင့်ပါဘူးရှင့်။)
(၁၃) သင်မှားသွားခဲ့သောအမှားတွေကို ခွဲခြမ်းစိတ်ဖြာပြီး နောက်ထပ်မမှားအောင် ပြင်ဆင်ပါ။

Positive Thinking မှရရှိသောအကျိုးကျေးဇူးများ
(၁) ကျန်းမာရေးကို ပိုမိုကောင်းမွန်စေတယ်
(၂) သင့်၏နေ့စဉ် ဖိအား (stress) တွေကို လျော့ကျစေတယ်
(၃) ပျော်ရွှင်အောင်မြင်သော ဘဝကို ရနိုင်တယ်
(၄) သင်၏ စိတ်က တည်ငြိမ်လာပြီး သန်မာလာမယ်
(၅) မိမိကိုယ်ကို ယုံကြည်မှု ပိုရှိလာမယ်
(၆) ဆုံးဖြတ်ချက်တွေချတဲ့အခါမှာ ပိုမိုခိုင်မာလာမယ်
(၇) သူငယ်ချင်းတွေ ပိုရလာမယ်
(၈) ဖန်တီးနိုင်စွမ်းရှိသောအတွေး(Creative Thinking)တွေ ပိုမိုတိုးတက်လာမည်
(၉) သင့်ပတ်ဝန်းကျင်မှာသာမက တစ်ခြားဘယ်နေရာမဆိုလေးစားစွာ ဆက်ဆံခြင်းကို ခံရမည်

သင်ကိုယ်တိုင်အနေဖြင့် အကောင်းမြင်စိတ်တွေကို မွေးမြူပြီး အောင်မြင်နေသော လူတစ်ယောက်ဖြစ်ချင်ပါသလား။ သို့မဟုတ် သူတစ်ပါးအပေါ် မကောင်းမြင်တဲ့ဖက်ကနေ တွေးတတ်ပြီး အရှုံးတွေနဲ့သာ ရင်ဆိုင်နေရသော လူတစ်ယောက်ဖြစ်ချင်ပါသလား။ ညီမဆိုရင်တော့ အကောင်းမြင်စိတ်ကို မွေးမြူထားတဲ့ လူကောင်းတစ်ယောက်ဖြစ်ချင်ပါတယ်။ ထိုလူမျိုးဖြစ်အောင်လည်း ကြိုးစားနေပါတယ်။

Positive Thinkingကို ဘာကြောင့် ထိန်းသိမ်းသင့်တာလဲ။
သင်ဟာ ကောင်းမွန်သော အတွေးများကို ထိန်းသိမ်းလေလေ ထိုအတွေးများမှတစ်ဆင့် သင့်၏ စကားတွေဖြစ်လာတယ်။ အဲ့ဒီလို အကောင်းမြင်စိတ်နှင့် ပြောတတ်သော စကားတွေကို ထပ်ပြီး ထိန်းသိမ်းရာကနေ သင့်၏အပြုအမူတွေ ဖြစ်လာတယ်။ ထိုကောင်းမွန်သော အပြုအမူတွေကို သင်ကထပ်ထိန်းသိမ်းလေ သင့်၏အလေ့အကျင့်တွေ ဖြစ်လာလေပေါ့။ ဤအလေ့အကျင့်ကောင်းတွေကို သေချာထိန်းသိမ်းလေ သင်၏တန်ဖိုးတွေ ဖြစ်လာလေလေ။ တန်ဖိုးလေးတွေကို ထိန်းသိမ်းလေ သင်၏ဖြစ်ချင်သော အတိုင်းအဆမရှိသော အရာတွေဟာ ဖြစ်လာလေပေါ့နော်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် သင်ဟာ Positive Thinkingကို ထိန်းသိမ်းထားမယ်ဆိုရင် သင့်ဘဝအတွက် ကောင်းမွန်သောအရာတွေနဲ့ အေးချမ်းစွာ ဖြတ်သန်းနိုင်မှာ မလွဲဧကန်သာဖြစ်ပါတယ်။

“Do you all think that ‘Thinking Good’ brings you good things throughout your life?”
လူတွေရဲ့ ဘဝဟာ အကောင်းတွေချည်းပဲ ရှိတာမဟုတ်သလို အဆိုးတွေနဲ့ပဲ အမြဲကြုံနေရတာမဟုတ်ပါဘူး။ နိမ့်လိုက် မြင့်လိုက်၊ ချိုလိုက် ခါးလိုက်ပေါ့။ ပုထုဇဉ် ဖြစ်တာကြောင့် ဒေါသထွက်မှု၊ ဝမ်းနည်းမှု၊ ပျော်ရွှင်မှု၊ သည်းခံမှု အမျိုးမျိုးသောအကြောင်းအရာတွေနဲ့ ရှင်သန်နေကြရပါတယ်။ မိမိ၏စိတ်ဟာ ပြောင်းလဲတတ်ပါတယ်။ မပြောင်းလဲတတ်အောင်တော့ စိတ်ကို မှန်ကန်သောနည်းလမ်းတွေနဲ့ ကျင့်ကြံပေးရပါတယ်။ မိမိ၏စိတ်မှာ ကောင်းသောအတွေးတွေကို တွေးတတ်အောင် လုပ်ဆောင်လာမည်ဆိုရင် သင်ဟာစိတ်ကို ထိန်းချုပ်လာနိုင်ပါလိမ့်မည်။ စိတ်ကလည်း အမြဲသတိမလွတ်ပဲနေအောင် ကြိုးစားရပါမည်။ ထိုအခါ သင့်၏ဘဝတစ်လျှောက်လုံးကို ကောင်းသောအရာတွေနဲ့ သေဆုံးသွားသည့်တိုင် နောင်တမရဘဲ ငြိမ်းချမ်းစွာ နေနိုင်မယ်လို့ ယုံကြည်ပါတယ်။

အခုလို အချိန်ပေးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကောင်းမွန်သော အတွေးများကို များများတွေးနိုင်ကြပါစေ။

Hello

Leave a Reply

Your email address will not be published. Required fields are marked *