Life Style

Respected & Liked

မင်္ဂလာပါရှင့်။
Spiceworks Myanmar မှ Web Designer အဖြစ် တာဝန်ယူလုပ်ကိုင်နေတဲ့ ဆုရည်ထွန်းပါ။
ဒီတစ်ခေါက်ဆွေးနွေးချင်တဲ့ အကြောင်းအရာလေးကတော့ ခေါင်းဆောင်မှုအရည်အချင်းတွေထဲက လေးစားခြင်း နှင့် လူကြိုက်များခြင်း ဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးချင်ပါတယ်။

လူတိုင်းကို ပျော်စေချင်တယ်ဆိုရင်
ခေါင်းဆောင်မလုပ်ပါနဲ့…..ice-cream ရောင်းပါ

Steve Jobs

အထက်ပါကိုးကားချက်ကို ဖတ်ကြည့်လျှင် တခဏ ရီစရာကောင်းသော်လည်း သေချာတွေးတောကြည့်ပါက ခေါင်းဆောင်မှုအရည်အချင်းကို ညွှန်းဆိုနေသည်ဆိုတာကို သတိပြုမိလိမ့်မည် ထင်ပါသည်။

ဘယ်လောက်ပဲ လူကြိုက်များသည့် လူထုခေါင်းဆောင်မျိုးပင်လျှင် အမှန်တကယ် ခေါင်းဆောင်အဖြစ် တာဝန်ယူလာရသည့်အခါမှာ ခေါင်းဆောင်ပီသစွာ အမြော်အမြင်ရှိစွာဖြင့် ဆုံးဖြတ်ချက်များချရန် လုပ်ဆောင်ရသည့်အခါတွင် မိမိရဲ့လက်အောက်ငယ်သားများ လက်ခံသည် မခံသည် စသည့်ထင်မြင်ချက်များကို အလေးထားအာရုံစိုက်မှုမပြုလုပ်ရသည်မှာ သဘာဝပင်ဖြစ်ပါသည်။
ခေါင်းဆောင်တစ်ယောက်အနေဖြင့် `မလုပ်၊မရှုပ်´ သို့မဟုတ် တာဝန်မယူ၊ တာဝန်မခံ၊ သို့မဟုတ် အဖွဲ့အစည်းအတွက် မစဉ်းစားဘဲ မိမိရပ်တည်ရှင်သန်ရေးအတွက် လူ့အကြိုက်ဆောင်ရွက်နေပါက ထိုခေါင်းဆောင်ဦးဆောင်ရသည့်အဖွဲ့အစည်းအတွက် ရင်လေးဖွယ်ရာပင်ဖြစ်ပါသည်။

လူကြိုက်လျှင်ပြီးရော၊ မည်သည့်ခံယူချက်မှမထားရှိဘဲ မိမိရာထူးနေရာတည်မြဲရေးကိုသာ ဦးစားပေးကြသည့် ခေါင်းဆောင်များကိုလည်း မိမိပတ်ဝန်းကျင်မှာ အများအပြား တွေ့ဖူးကြမယ် ထင်ပါသည်။ တချို့ခေါင်းဆောင်များမှာ လူမုန်းခံရမည်ကို ကြောက်ရွံ့ကြပြီး တချို့သူများမှာ မိမိလုပ်ချင်သည် လုပ်သင့်သည်ကို ဦးစားပေးလုပ်ကိုင်ကြပါသည်။

မည်သို့ပင်ဆိုစေကာမူ ခေါင်းဆောင်တိုင်း၏ဆန္ဒမှာ လူကြိုက်လည်း ခံချင်၊ လေးစားလည်း ခံချင်ဖြစ်ပါသည်။ သို့သော်လည်း ခေါင်းဆောင်အချို့တွင်သာ ထိုအရည်အချင်းနှစ်ခုကို ပိုင်ဆိုင်နိုင်ကြပေသည်။
မိမိကိုယ်တိုင်သော်လည်းကောင်း ၊ မိမိပတ်ဝန်းကျင်ရှိခေါင်းဆောင်များ၏ အခြေအနေကို လေ့လာသုံးသပ်နိုင်ရန် အောက်ပါလက္ခဏာများဖြင့် လေ့လာသုံးသပ်နိုင်ပါသည်။

လူကြိုက်များပြီး လေးစားမှုနည်းသည့် လက္ခဏာများ

၁။ မိမိနှင့်အသင်းအဖွဲ့ဝင်များ အလုပ်နှင့်ပတ်သက်တောင်းခံသည်ကို ဆွေးနွေးအကြံတောင်းခဲ့သည်ထက် နောက်ပြောင်ပြောဆိုနေတတ်သည်။ မိမိရုံးခန်းတွင် ပြောဆိုကြသော်လည်း အလုပ်ပြီးစီးမှု မရှိပေ။
၂။ ရုံးနှင့်ပတ်သက်သည့် ပျော်ပွဲရွှင်ပွဲများတွင် အမြဲတမ်း ပထမဆုံး ဖိတ်ကြားခံရပြီး ထိုပွဲများကို ဦးစီးရန် တာဝန်ပေးခံရသည်။
၃။ အရေးပါသော နည်းဗျူဟာဆိုင်ရာ အစည်းအဝေးများသို့ မည်သို့သောအခါတွင်မျှ ဖိတ်ကြားခြင်းမခံရဘဲ အခြားသူများထံမှ ပြန်ကြားသိရတတ်ပါသည်။
၎။ မိမိ၏ လုပ်ဖော်ကိုင်ဖက်များက မိမိကိုကျော်၍ မိမိအောက်ရှိ ဂျူနီယာများကို တိုက်ရိုက် မေးမြန်းတတ်ကြပါသည်။
၅။ ရုံးနှင့်ပတ်သက်သည့် အစည်းဝေးများကို ဖိတ်ကြားခံရပါကလည်း အရေးပါသော အစည်းအဝေးအစီအစဉ် ပြင်ဆင်ရန် ပါဝင်ဆွေးနွေးခွင့်မရဘဲ အခြားအသင်းအဖွဲ့ဆိုင်ရာ လှုပ်ရှားမှုများတွင်သာ ပါဝင်ဦးဆောင်ခွင့်ရသည်။
၆။ အစည်းအဝေးတွင် မိမိ၏ idea ကို ဦးစွာထုတ်ပြောဖော်ပြောခွင့်ရသော်လည်း ထို idea မျိုးနှင့် ပတ်သက်၍ အခြားသူပြောဆိုလျှင် လက်ခံကြပါသည်။
၇။ မိမိ၏ဂျူနီယာများ ရုံးကျင့်ဝတ်၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ မလိုက်နာခြင်း၊ မလုပ်ဆောင်ခြင်း ကြုံတွေ့ရပါကလည်း မည်သည့်အခါမျှ ရင်ဆိုင်ဆွေးနွေးရန် မလုပ်ဆောင်ပါ။

လူလေးစားသော်လည်း လူကြိုက်နည်းသည့် လက္ခဏာများ

၁။ မိမိလာနေသည်မြင်လျှင် ပြောဆိုဆွေးနွေးခြင်းရပ်တန့်ကာ မိမိအလုပ်ရှိရာသို့ ပြန်သွားခြင်း
၂။ မိမိရှိနေလျှင် မည်သူမျှ ပြက်လုံးထုတ်ခြင်း၊ နောက်ပြောင်ပြောဆိုခြင်း လုံးဝမလုပ်ဆောင်ခြင်း
၃။ လိုလိုလားလားပြောဆိုခြင်းမရှိဘဲ၊ အလုပ်နှင့်ပတ်သက်လျှင် လိုရင်းတိုရှင်းသာပြောဆိုခြင်း
၎။ မိမိတာဝန်ယူရသော အလုပ်ကိစ္စများ ပြီးစီးသော်လည်း လက်အောက်ဝန်ထမ်းများ အပြောင်းအလဲအလွန်များသည်။
၅။ မည်သည့် လက်အောက်ဝန်ထမ်းတစ်ဦးအနေဖြင့် မိမိ၏ အခက်အခဲ စိန်ခေါ်မှုများကို အသိပေးဆွေးနွေးတိုင်ပင်ခြင်းမရှိဘဲ အလုပ်ထုတ်၊ အလုပ်ထွက်ခြင်း၊ သို့မဟုတ် ဌာနပြောင်းခြင်းများရှိတတ်ပါသည်။
၆။ “သိရင်စိတ်အနှောက်အယှက်ဖြစ်မှာစိုးတယ်” ဆိုသည့် အကြောင်းပြချက်မျိုးဖြင့် သိသင့်သည့် အလုပ်ကိစ္စရပ်များကို နောက်ကျမှ သိရှိရခြင်းရှိပါသည်။
၇။ မိမိအလုပ်ကို Professional ပီသစွာ လုပ်ကိုင်တတ်ပြီး မိမိ၏ ကိုယ်ရေးကိုယ်တာကို မည်သူမျှ အလျဉ်းမသိရှိခြင်းပင် ဖြစ်ပါသည်။
၈။ တစ်ခါတစ်ရံ အလုပ်၏ ရလဒ်ကိုသာ ဦးစားပေးသဖြင့် စာနာမှု (Empathy) မရှိဟု အများက ထင်မြင်တတ်ကြပါသည်။
၉။ အမှားတစ်ခုကျူးလွန်မိပါက လူရှေ့သူရှေ့မရှောင် ဆူပူကြိမ်းမောင်းတတ်ပါသည်။ အမှားနှင့်ပတ်သက်လျှင် ချက်ချင်းပြင်ဆင်ပေးတတ်ကြပါသည်။

အထက်ပါအချက်များကို လေ့လာပြီး ခေါင်းဆောင်များအနေဖြင့် မိမိ၏ အခြေအနေမှန်ကို စိစစ်လေ့လာသုံးသပ်ပြီး ဖြည်းဖြည်းချင်း ပြင်ဆင်နိုင်ပါသည်။
မိမိအနေအထားမှာ လေးစားမှုထက် လူကြိုက်ပိုများနေသည့်ဘက်ကို အားသာနေပါက မိမိ၏ ခေါင်းဆောင်မှု အရည်အချင်းကို ထုတ်ဖော်ပြသနိုင်ရန် နှင့် အခြားသူများမှ ယုံကြည်လက်ခံမှုရရန် အချိန်ယူတည်ဆောက်ရမည်ဖြစ်ပါသည်။ သို့မဟုတ် မိမိမှာ လူကြိုက်နည်းနေသည့် အခြေအနေရောက်ရှိနေပါက အချိန်အနည်းငယ်ယူ၍ မိမိ၏ လုပ်ဖော်ကိုင်ဘက် အချင်းချင်း မိမိဘဝတွင် ကြုံတွေ့ခဲ့ရသည့် အခြေအနေများ၊ ဘဝအမောများကို ဝေမျှပေးနိုင်ပါသည်။

အချုပ်အားဖြင့် ဆိုရသော် ခေါင်းဆောင်တစ်ဦးအနေဖြင့် လူကြိုက်ခြင်း (Liked) နှင့် လေးစားခြင်း (Respected) ဆိုသည့် အရည်အချင်း နှစ်ခုကိုကောင်းစွာနားလည်ပြီး အစွန်းမရောက်စေရန် စနစ်တကျ ပြင်ဆင်လေ့ကျင့်ရန် လိုအပ်ပြီး လုပ်ငန်းတာဝန်များနှင့်ပတ်သက်လျှင် `ခေါင်း´ ကို အသုံးပြု၍ တိတိကျကျလုပ်ဆောင်ရန် လိုအပ်ပြီး လက်အောက်ဝန်ထမ်းများ၏ အမှားများနှင့် အားနည်းချက် များကို `နှလုံးသား´ အသုံးပြု၍ လူသားဆန်ဆန်ထောက်ပြလမ်းညွှန်လုပ်ကိုင်လျှင် လူကြိုက်များခြင်းနှင့်လေးစားခြင်း နှစ်ခုစလုံးကို မျှခြေညီစွာဖြင့် အဖွဲ့အစည်း အတွက်၊ အဖွဲ့အစည်းရပ်တည်ရေးအတွက် အမှန်ကန်ဆုံး ရပ်တည်ဆောင်ရွက်ဦးဆောင်နိုင်မည်ဖြစ်ပါသည်။

အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
References: မောင်သာ (CEO magazine)

Hello

Leave a Reply

Your email address will not be published. Required fields are marked *