Life Style

Self Development

အားလုံးပဲ မင်္ဂလာပါ။
ကျွန်မကတော့ လက်ရှိ Spiceworks Myanmar ကုမ္ပဏီမှာ Web Developer အနေဖြင့် တာဝန်ယူလုပ်ဆောင်နေသော မခင်ပွင့်ဖြူခိုင် ဖြစ်ပါတယ်ရှင့်။ ဒီတစ်ပတ်မှာတော့ ကျွန်မ ဘလော့ဂ်လေးတစ်ပုဒ် ရေးသားတင်ဆက်ရန် အလှည့်ကျရောက်ရှိလို့လာခဲ့ပါပြီ။ တင်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှု (Self Development) ဆိုတဲ့ခေါင်းစဉ်လေးပဲ ဖြစ်ပါတယ်။

Self Development ဆိုတာက ဘာလဲ။
Self Development ဆိုတာကတော့ ကျွန်မတို့ဘဝရဲ့ အရည်အသွေးတွေကို တိုးတက်ဖို့ စွမ်းရည်၊ အရည်အချင်း၊ လုပ်ဆောင်နိုင်မှုတွေကို ကြီးထွားလာစေရန် လုပ်ဆောင်ချက်စွမ်းရည်ကို ဆိုလိုပါတယ်။ ကျွန်မတို့လူသားတွေဟာ တစ်ဦးနဲ့တစ်ဦး Self Development တွေက မတူညီကြပါဘူး။ ကျွန်မတို့ Self Development တိုးတက်စေဖို့အတွက် ဘယ်နေရာ၊ ဘယ်အချိန်မဆို လုပ်ဆောင်နိုင်ပါတယ်။ ပြီးတော့ တခြားလူတစ်ဦးရဲ့ အကူအညီရယူမှု (သို့မဟုတ်) အကူအညီမပါဘဲ ကောင်းကောင်းလုပ်ဆောင်နိုင်ပါတယ်။ လုပ်ဆောင်ချက်တိုင်းဟာ ကျွန်မတို့အပေါ်မှာပဲ မူတည်နေပါတယ်။

Self Development က ဘာကြောင့် အရေးပါတာလဲ။
ကျွန်မတို့ဘဝတွေရဲ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ အောင်မြင်ခြင်း၊ ကျရှုံးခြင်းစသဖြင့် အကြောင်းအရာများစွာက ကျွန်မတို့ရဲ့Self Development နဲ့အများကြီး သက်ဆိုင်နေတာမို့လို့ ဘဝအတွက်အများကြီး အကျိုးအကြောင်းဆက်စပ်နေပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်အတွင်းဝင်ရောက်ရာမှာလည်း များစွာအထောက်အကူပြုပါတယ်။ အသက်မွေးဝမ်းကျောင်းအတွက်လည်း အဆင်ပြေစေနိုင်ပါတယ်။ ဘယ်အလုပ်ကိုမဆို လုပ်ကိုင်ရာမှာ အဆင်ပြေချောမွေ့အောင်မြင်စေရန်လည်း ကူညီပေးပါတယ်။ အလုပ်ဆိုတဲ့နေရာမှာ ဝင်ငွေရတဲ့အလုပ်ကိုပဲ ဆိုလိုတာမဟုတ်ဘဲ ကျွန်မတို့နေ့စဉ် အိပ်ရာနိုးနိုးချင်းတည်းက အိပ်ရာဝင်အထိ လုပ်ကိုင်ဆောင်ရွက်နေရတဲ့ တစ်နေ့တာလုပ်ငန်းစဉ်လေးတွေလည်း ပါဝင်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း တခြားသူတွေထက် ယုံကြည်မှုခွန်အားတွေ ပိုတိုးစေပါတယ်။

နောက်တစ်ပိုင်းအနေဖြင့်တော့ Self Development ကို ဘယ်လိုတိုးတက်အောင် လုပ်မလဲဆိုတဲ့အချက်များကို တင်ဆက်ပေးချင်ပါတယ်ရှင့်။

(၁) သတိတရား
သတိတရားကို လက်ကိုင်ထားရင် ကျွန်မတို့ဟာ ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူးဆိုတာကို အလိုလို စိတ်မှာ သတိကပ်နေမှာဖြစ်ပါတယ်။

(၂) ကိုယ့်ရဲ့ ကိုယ်ပိုင်စကားများကို နားထောင်ပေးပါ။
ကျွန်မတို့ဟာ ကျွန်မတို့စကားကို နားထောင်ပေးရန် လိုအပ်ပါတယ်။ ငါက ဘာလုပ်မယ်၊ ဘာဖြစ်ချင်တယ်၊ ဘယ်လိုကြိုးစားမယ်ဆိုတဲ့ ကိုယ့်စကားကို ကိုယ်နားထောင်ပြီးတိုးတက်အောင် လုပ်သင့်ပါတယ်။ အဲ့ဒီနေရာမှာ တစ်ချက်တော့ သတိထားရပါမယ်။ ကျွန်မတို့နားထောင်ရမယ့် စကားသည် ကောင်းမွန်တိုးတက်စေရန် ရည်ရွယ်သောစကားများကိုသာ နားထောင်ရပါမယ်။ အကျိုးအကြောင်းမဆီလျော်၊ ဘေးဒုက္ခဖြစ်စေတတ်သော မကောင်းသောစကားများကိုတော့ နားထောင်ရန် မလိုအပ်ပါဘူးရှင့်။

(၃) ကိုယ့်အားသာချက်၊ အားနည်းချက်ကို သိပါစေ။
ကျွန်မတို့လူသားတိုင်းစီမှာ အားသာချက်၊ အားနည်းချက် ကိုယ်စီရှိကြပါတယ်။ အားသာချက်ကိုလည်း တည်မြဲနေအောင် ထိန်းသိမ်းထားသင့်ပြီး အားနည်းချက်ကိုလည်း သူတစ်ပါးက ထိုးနှက်လို့မရအောင် ဖုံးထားတာထက်စာရင် တိုးတက်အောင် ဓားများ သွေးသကဲ့သို့ ကြိုးစားသင့်ပါတယ်။

(၄) ကိုယ်ပိုင်ရည်မှန်းချက် ပန်းတိုင်တွေထားပါ။
ကိုင်ပိုင်ရည်မှန်းချက်တွေရှိတဲ့အခါ ဘဝမှာပျော်ရွှင်မှုရသတွေကို တွေးကြည့်ပြီး ပီတိလည်း ဖြစ်ရပါတယ်။ အခက်အခဲများကိုရင်ဆိုင်ရတဲ့အခါ ရင့်ကျက်မှုကိုလည်းရစေပါတယ်။ ဘဝရှေ့ရေးအတွက်လည်း သေချာပြီး ဘဝအတွက်လည်း တန်ဖိုးရှိတဲ့လူသားတစ်ယောက် ဖြစ်ရပါတယ်။

(၅) ကိုယ်ပိုင်ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အစီအစဉ်ချပါ။
တချို့ကျတော့ ရည်မှန်းချက်ထားပါတယ်။ သို့ပေမယ့် အကောင်အထည်မဖော်ကြတဲ့လူတွေလည်းရှိပါတယ်။ တချို့ကျတော့ အကောင်အထည်ဖော်လိုက် နားလိုက်နဲ့ မျိုးစုံရှိကြပါတယ်။ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို လမ်းမလွဲရအောင် သေချာအစီအစဉ်ချပြီး အကောင်အထည်ဖော်ပါ။

(၆) စိတ်တည်ငြိမ်အောင်ထားပြီး ဖိအားများကိုဖြေလျော့ပါ။
အခက်အခဲများကို ရင်ဆိုင်ရတဲ့အခါ စိတ်ကို အတတ်နိုင်ဆုံး ရင့်ကျက်တည်ငြိမ်အောင်ထားပြီး ဖြစ်ပေါ်လာသော အခက်အခဲများကို အေးဆေးဖြေရှင်းရန် လိုအပ်ပါတယ်။ ဖိအားတွေကိုလည်း အတတ်နိုင်ဆုံး လျော့ပါးအောင်ကြိုးစားပါ။

(၇) ဝေဖန်မှုများကို ပွင့်လင်းစွာ လက်ခံပါ။
မိမိကို တခြားသူက ဝေဖန်တဲ့အခါ အပြုသဘောဆောင်သော ဝေဖန်မှုများကို လက်ခံပြီး ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲသင့်ပါတယ်။ အနုတ်သဘောဆောင်သော ဝေဖန်မှုများကလည်း ရှိနိုင်တာမို့ အတတ်နိုင်ဆုံး လျစ်လျူရှုနိုင်အောင် ကြိုးစားသင့်ပါတယ်။

(၈) ဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်ပါ။
ဆက်သွယ်ရေးလို့ရေးထားလို့ တစ်မျိုးတော့မထင်နဲ့နော်။ မိမိတို့ရဲ့ အလုပ်၊ သူငယ်ချင်း၊ မိသားစု၊ မိတ်ဆွေ စသဖြင့် အရာအားလုံးမှာ network ချိတ်ဆက်နေအောင် အမြဲချိတ်ဆက်သင့်ပါတယ်။

(၉) ခံနိုင်ရည်ရှိအောင် ကြိုးစားပါ။
အခက်အခဲကြုံတွေ့လာရင် ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်အောင် စိတ်ကို အမြဲလေ့ကျင့်ပေးပါ။

(၁၀) စာအုပ်များကို ဖတ်ပါ။
စာအုပ်များမှ သိရှိရသော ဗဟုသုတ အတွေ့အကြုံများသည် စာရေးသူများနဲ့ တွေ့ကြုံရသောသူများက နှစ်ပေါင်းများစွာ ဖြစ်တည်လာတာမျိုးလည်း ဖြစ်နိုင်သလို သူတို့အတွေ့အကြုံများကို မိမိက ဖတ်ရှုမိသောအခါ ခဏအတွင်းမှာ မိမိက အသိပညာဗဟုသုတအနေဖြင့် ရရှိနိုင်ပါတယ်။ စာဖတ်များတဲ့လူက အတွေ့အကြုံပိုမိုရင့်ကျက်ပြီး စိတ်တည်ငြိမ်ပါတယ်။

(၁၁) မှတ်တမ်းလေးတွေကို ရေးပါ။
ကိုယ်ရဲ့ဘဝဖြစ်စဉ်လေးတွေကို မှတ်တမ်းရေးပြီ သိမ်းထားသောအခါ မိမိဘဝရဲ့ဖြစ်စဉ်လေးတွေကို လေ့လာပြန်လည်သုံးသပ်တဲ့အခါ အထောက်အကူဖြစ်စေပါတယ်။

(၁၂) တခြားသူတွေဆီက သင်ယူပါ။
မိမိက တစ်ခုခုကို တတ်မြောက်နေရင်တောင် မသိသေးသောအရာများကို အခြားသိမြင်တတ်မြောက်သောသူများဆီက သင်ယူပါ။

(၁၃) သင်ယူခြင်းကို ဘယ်တော့မှ မရပ်လိုက်ပါနဲ့။
သင်ယူခြင်းဆိုတာက မိမိဘဝမွေးဖွားရာကနေ ဘဝခရီးနောက်ဆုံးချိန်ထိ သင်ယူခြင်းက မကုန်နိုင်ပါဘူး။ သင်ယူခြင်းမရှိတဲ့လူက မတိုးတက်နိုင်ပါ။

(၁၄) အကောင်းမြင်စိတ်ကို တိုးတက်အောင် ကြိုးစားပါ။
အကောင်းမြင်စိတ်ရှိခြင်းက တခြားသူအတွက် မဟုတ်ဘဲ မိမိအတွက်သာဖြစ်ပါတယ်။ မိမိစိတ်နှလုံးသားက အေးချမ်းအောင် လုပ်ဆောင်နိုင်ပါတယ်။

(၁၅) မိမိကိုယ်ကို ပြန်လည်သုံးသပ်ပါ။
သူတစ်ပါးက သုံးသပ်တာကိုလည်း ကိုယ်ကလက်ခံပြီး ကိုယ့်ဘာသာကိုလည်း ဘာက ကြိုးစားသင့်တယ်၊ ဘာက လိုတယ် စသဖြင့် သုံးသပ်ဖို့ လိုအပ်ပါတယ်။

(၁၆) ကျန်းမာရေးကို အမြဲတမ်း ဂရုစိုက်ပါ။
ကျန်းမာခြင်းက လူတစ်ယောက်အတွက် အရေးကြီးဆုံးပါ။ ကျန်းမာမှ လုပ်နိုင်ကိုင်နိုင်မှာပါ။ ကျန်းမာခြင်းဆိုတဲ့နေရာမှာ ကိုယ်ကျန်းမာခြင်း တစ်မျိုးပဲမဟုတ်ဘဲ စိတ်ကျန်းမာခြင်းလည်း ပါဝင်ပါတယ်။

(၁၇) အမြဲတမ်း ပြုံးနိုင်အောင်ကြိုးစားပါ။
ကိုယ်ကအခက်အခဲနဲ့ရင်ဆိုင်နေရရင်တောင် မျက်နှာလေးမှာ ပြုံးနိုင်အောင်ကြိုးစားပါ။ အဲ့ဒါဆို မျက်နှာလေးက အပြုံးကြောင့် စိတ်ကြည်နူးလာပြီး စိတ်ခွန်အားတွေ ဖြည့်တင်းလာပြီး ကြံ့ကြံ့ခံရင်ဆိုင်နိုင်လာမှာပါ။

ကျွန်မရေးသားသော ဘလော့ဂ်လေးကလည်း ရှည်လာပြီဖြစ်လို့ ကျွန်မတို့ရဲ့ဘဝမှာတန်ဖိုးရှိသော လူတစ်ဦးဖြစ်ဖို့ Self Development ကိုကောင်းမွန်အောင် ကြိုးစားရင်း နိဂုံးချုပ်အဆုံးသတ်လိုက်ပါတယ်ရှင့်။ ကောင်းမွန်အေးချမ်းသောနေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *