Work Style

Let’s ask Senior Questions! Spiceworks Myanmar Senior Web Designer Interview

မင်္ဂလာပါရှင့်။
Spiceworks Myanmar မှာ Web Designer အဖြစ် တာဝန်ယူလုပ်ကိုင်နေတဲ့ ဆုရည်ထွန်းပါ။
ဒီတစ်ခေါက်ရွေးချယ်ထားတာကတော့ Web Designer ပိုင်းအနေနဲ့ အလုပ်လုပ်ချင်တဲ့ မောင်လေး၊ ညီမလေးတွေသိချင်လောက်မယ့် အကြောင်းအရာအချို့ကို လက်ရှိ Spiceworks Myanmar ရဲ့ Senior Web Designer တွေကို interview မေးမြန်းထားပြီးတော့ blog အဖြစ်ပြန်လည်ပြောပြပေးသွားမှာဖြစ်ပါတယ်။

Web Designer Position အောက်မှာ လုပ်ရတဲ့အလုပ်တွေကတော့ ကုမ္ပဏီတစ်ခုနဲ့တစ်ခု ကွဲပြားနိုင်ပါတယ်။ အခုပြောပြပေးမှာကတော့ Spiceworks Myanmar မှာလက်ရှိလုပ်နေရတဲ့ အလုပ်တွေ၊ experience တွေအပေါ်မှာပဲ ပြောပြပေးသွားမှာဖြစ်လို့ ဆက်လက်ဖတ်ရှုပေးကြပါဦးရှင့်။

ညီမတို့ Spiceworks Myanmar ကုမ္ပဏီကို အချို့သောလူငယ်တွေက Web Innovative Talent Award (WIT Award ) နဲ့ပတ်သက်ပြီးသော်လည်းကောင်း၊ လုပ်ငန်းခွင် Internship ဆင်းခဲ့ဖူးသောကြောင့်သော်လည်းကောင်း သိကြတဲ့သူတွေရှိကြပါတယ်။ မသိသေးတဲ့သူတွေအတွက် ပြန်လည်ပြီး မိတ်ဆက်ပေးချင်ပါတယ်။

Spiceworks Myanmar ကုမ္ပဏီဟာဆိုရင် ဂျပန်နိုင်ငံအခြေစိုက် spiceworks.co.jp ကနေရုံးခွဲအနေနဲ့ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ထားရှိသော ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အဓိကအနေဖြင့် Japan နိုင်ငံမှ နာမည်ကြီး Brand တံဆိပ်ထုတ်ကုန် Website များ၊ တက္ကသိုလ် Website များကို customer များအပြည့်အဝစိတ်ကျေနပ်မှုရရှိစေရန် အဓိကထားပြီး တာဝန်ယူဆောင်ရွက်ပေးသလို မြန်မာနိုင်ငံမှ Web Development Project များကိုလည်း တာဝန်ယူလုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
Project Link: https://www.spiceworksmyanmar.com/project/

 

Introduction

Interview မေးမြန်းခဲ့တဲ့ Spiceworks Myanmar မှ လက်ရှိလုပ်သက်(၃)နှစ်ကျော်ကနေ(၄)နှစ်ကျော်ရှိပြီး တကယ့်ကိုယုံကြည်အားကိုးရတဲ့ Web Designer Senior Member တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

မဇင်နုထွေ

ကွန်ပျူတာတက္ကသိုလ် (မန္တလေး)မှ ဘွဲ့ရရှိခဲ့ပါတယ်။
2018ခုနှစ်၊ ဇွန်လမှာ Spiceworks Myanmar မှာစတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ လက်ရှိမှာ Senior Web Designer တစ်ယောက်အနေဖြင့် လုပ်ကိုင်လျက်ရှိပြီး လုပ်သက်အားဖြင့် (၄)နှစ်၊ (၃)လရှိပါပြီရှင့်။

ကိုစိုင်းအောင်နိုင်ဦး (Kwee Sai)

လားရှိုး တက္ကသိုလ်မှ E Major နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။
2018ခုနှစ်၊ ဇူလိုင်လမှာ Spiceworks Myanmar မှာစတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ လက်ရှိမှာ Senior Web Designer တစ်ယောက်အနေဖြင့် လုပ်ကိုင်လျက်ရှိပြီး လုပ်သက်အားဖြင့် (၄)နှစ်၊ (၂)လ ရှိပါပြီရှင့်။ ရုံးမှာတော့ အားလုံးက ချစ်စနိုးနဲ့ ကွီးစိုင်း ( Kwee Sai) လို့ခေါ်ကြပါတယ်။

ကိုကျော်စိုးနိုင် (Kwee Kyaw)

ရွှေဘို နည်းပညာတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပါတယ်။
2019ခုနှစ်၊ ဖေဖော်ဝါရီလမှာ Spiceworks Myanmar မှာစတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ လက်ရှိမှာ Senior Web Designer တစ်ယောက်အနေဖြင့် လုပ်ကိုင်လျက်ရှိပြီး လုပ်သက်အားဖြင့် (၃)နှစ်၊ (၇)လ ရှိပါပြီရှင့်။ ရုံးမှာတော့ အားလုံးက ချစ်စနိုးနဲ့ ကွီးကျော် (Kwee Kyaw) လို့ခေါ်ကြပါတယ်။

 

Q1: Web Designer လမ်းကြောင်းပေါ်ရောက်ရှိအောင် တွန်းပို့ပေးခဲ့တဲ့အရာက ဘာဖြစ်မလဲ?

မဇင်နုထွေးကနေစပြီးဖြေဆိုပေးမှာဖြစ်ပါတယ်။

Z.N.H

“ညီမပထမဆုံး ၁၀တန်းအောင်ပြီးတော့ ကွန်ပျူတာတက္ကသိုလ်ကိုရွေးချယ်တက်ခဲ့တာပေါ့နော်။ ကွန်ပျူတာကို အရမ်းကြီးစိတ်ဝင်စားလို့ ရွေးချယ်ခဲ့တာမဟုတ်ပေမယ့် နောက်ဆုံးနှစ်မှာ project လုပ်ရတဲ့အပိုင်းတွေရှိလာတဲ့အခါ project လုပ်ရတာကို သဘောကျလာတယ်။ IT ပိုင်းမှာ စိတ်ဝင်စားလာပြီး ကျောင်းပြီးရင်လည်း IT ပိုင်းနဲ့ပဲအလုပ်ဝင်ချင်တဲ့စိတ်ဖြစ်လာတယ်။ IT ပိုင်းကလည်းကျယ်ပြန့်တော့ ကိုယ်ကဘယ်အပိုင်းကို အားသာလဲ ရွေးကြည့်တော့ Web Design ပိုင်းကိုကြိုက်တယ်။ အဲ့ဒီလိုနဲ့ Web Designer တစ်ယောက်ဖြစ်လာတာပေါ့နော်။ အဲ့ဒီလောက်ပါပဲ။ Kwee Sai ပြောပေးပါဦး”

S.A.N.O

“Kwee Sai က Web Designer အနေနဲ့မလုပ်ခင် ကွန်ဒိုမှာအရောင်းပိုင်းအနေနဲ့လုပ်ခဲ့ပြီး client တွေအများကြီးနဲ့စကားပြောရတယ်။ ပြီးတော့ကိုယ်က တိုင်းရင်းသားဆိုတော့ စကားပြောရတာအဆင်မပြေလည်းဖြစ်တယ်ပေါ့နော်။ နေရာစုံလျှောက်ပြီးလည်း သွားရတယ်။ အဲ့ဒါနဲ့ပဲ အဆင်မပြေတာနဲ့ ထိုင်ပြီး အေးအေးဆေးဆေးလေးလုပ်ရရင် ကောင်းမယ်ဆိုပြီး IT ပိုင်းနဲ့ဆိုင်တဲ့ Web Development ပိုင်းသင်တန်းကို စတက်ဖြစ်ခဲ့တယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ သဘောကျလာခဲ့တာပေါ့နော်။ စပြီးတော့ သင်ရတာက HTML၊ CSS ဆိုတော့ တစ်ခါမှမလုပ်ဖူးတဲ့ အတွေ့အကြုံ အသစ်ဖြစ်သွားပြီး အရမ်းစိတ်ဝင်စားသွားတယ်။ ကိုယ်ကတစ်ဖက်ကနေ Code တွေရေးလိုက်ပြီး run လိုက်တာနဲ့ Browser မှာပြန်ထွက်လာတဲ့ feeling ကိုအရမ်းကြိုက်သွားတယ်။ အဲ့ဒါနဲ့စပြီး Web Design ဘက်ကို ထဲထဲဝင်ဝင်လုပ်ဖြစ်သွားတာပေါ့နော်။”

K.S.N

“Kwee Kyaw ကကျတော့ ကွန်ပျူတာနဲ့ ဘယ်တုန်းကစထိတွေ့ဖြစ်ခဲ့တာလဲဆိုတော့ ၁၀တန်းဖြေပြီး အောင်စာရင်းမထွက်ခင် ရွှေဘိုကမိဘမဲ့ကျောင်းမှာ မိဘမဲ့ကလေးတွေကို စာသင်ပေးရင်း ဘုန်းကြီးကျောင်းကဖွင့်တဲ့ကွန်ပျူတာသင်တန်းကို ဝင်တက်ရင်းနဲ့မှ ကွန်ပျူတာနဲ့စတင်ရင်းနှီးသွားခဲ့တယ်။ အောင်စာရင်းသိရတော့ လျှောက်တာက နည်းပညာတက္ကသိုလ်ကိုမှ အိမ်ကအဖေက ဆောက်လုပ်ရေးဘက်လုပ်တာဆိုတော့ Civil ကိုအဓိကထားလျှောက်ဖြစ်ခဲ့တယ်။ ဒါပေမယ့် Civil မရဘဲ IT ရခဲ့တာပေါ့နော်။ မိဘမဲ့ကျောင်းမှာ ကွန်ပျူတာနဲ့ပတ်သက်ပြီး ထိတွေ့ခဲ့ဖူးတော့တော်တော်လေးအဆင်ပြေသွားခဲ့တယ်။ အဲ့ဒီကစပြီး Second Year ရောက်တော့ HTML၊ CSS ကိုစသင်ရင်း ခုနက Kwee Sai ပြောသလိုပဲ တစ်ဖက်က code ရေးပြီး browser ဘက်မှာ result ထွက်လာတာကို သဘောကျခဲ့တယ်။ HTML၊ CSS ကျတော့ ကိုယ်ရေးလိုက်တဲ့ code က တစ်ကြောင်းရေး တစ်ကြောင်းတန်းမြင်ရတယ်။ တချို့ Coding Programming တွေကျ တန်းမမြင်ရသေးဘဲ ကွန်ပျူတာရှိမှလုပ်လို့ရတာတွေကများတယ်။ Kwee Kyaw ကကျ Second Year ထိကွန်ပျူတာမရှိတော့ အခုလက်ရှိ Spiceworks Myanmar မှာ backend developer အနေနဲ့လုပ်ဆောင်နေတဲ့သူငယ်ချင်း အောင်ညီသစ်နဲ့အတူတူ ES File Explorer software လေးကို ဖုန်းမှာထည့်ပြီးတော့ html index file ဆောက်၊ ပြီးကျတော့ ဖုန်း browser မှာ result ကိုကြည့်ရေးရင်းနဲ့ Web ပိုင်းကို ဆက်ပြီးလေ့လာဖြစ်ခဲ့တာပါ။”

 

Q2: Spiceworks Myanmar မှာ Web Designer တစ်ယောက်အနေနဲ့ အလုပ်ဝင်ဖို့ ဖြစ်လာခဲ့ရင် လက်ရှိလုပ်ငန်းခွင်မှာ ဘယ်လိုမျိုး အလုပ်တွေကိုလုပ်ရလဲ? Member အသစ်တစ်ယောက်အနေနဲ့ဆိုရင် ဘာတွေကို ကြိုပြီးပြင်ဆင်ထားသင့်လဲဆိုတာပြောပြပေးလို့ရမလား။

ဒီတစ်ခေါက်တော့ Kwee Sai ကိုဦးစားပေးပါတယ်။ Kwee Sai ဖြေပေးပါဦး။

S.A.N.O

“Kwee Sai ကစဝင်ထဲက coding ပိုင်းလုပ်ရတယ်။ Website တစ်ခုရဲ့ footer ပိုင်းကိုရေးရတာပေါ့နော်။ ဒါပေမယ့်စဝင်ဝင်ချင်းဆိုတော့ မေးရမှာကြောက်ပြီး မနက်ထဲကစရေးလိုက်တာ ညအထိမရဘူး။ အဲ့ဒီအချိန်မှာ ညမိုးချုပ်လို့ပြန်ခါနီးကျမှ စီနီယာအကိုက အဆင်ပြေလားမေးတော့မှ Kwee Sai မရတဲ့အကြောင်းအရာကို မေးဖြစ်ပြီး coding ကိုမြန်မြန်အချောသတ် ပြီးအောင်ရေးနိုင်ခဲ့တယ်။ အဲ့ဒါကြောင့် တစ်ခုခုဆိုရင် မကြောက်ဘဲ ကိုယ့်စီနီယာကို သေချာပြောပြပြီးမေးရင်ပိုကောင်းတယ်ပေါ့နော်။ Zin san ဆက်ပြီး ဖြည့်စွက်ပြောပေးပါဦး။”

Z.N.H

“အွန်း…(ရယ်လျက်) Web Designer Position အတွက်ဆိုရင် ကုမ္ပဏီတစ်ခုနဲ့တစ်ခုလုပ်ရတဲ့ process ကတော့တူချင်မှတူမယ်ပေါ့နော်။ ညီမတို့ ကုမ္ပဏီမှာကျတော့ Web Designer Position အောက်မှာ Design ဆွဲဖို့သီးသန့်ရယ်လို့မရှိဘဲ Coding ပိုင်းကိုလည်း တာဝန်ယူကြရတယ်။ ကိုယ်က Coding ပိုင်းကိုလုပ်ရတာအားသာတာလား ဒါမှမဟုတ် Design ဆွဲရတာကိုသဘောကျတာလားပေါ့နော်။ Design ဘက်ကိုကိုယ်ကပိုပြီးအားသာတယ်ဆိုရင် Design Tools တွေနဲ့ပတ်သက်ပြီးသိရမယ်။ Design အမြင်ရှိရမယ်ပေါ့နော်။ လက်ရှိ Trend ဖြစ်နေတဲ့ Website တွေကို များများကြည့်ပေးဖို့လိုမယ်ပေါ့နော်။ အဲ့ဒါမှ ကိုယ်တကယ် Design ဆွဲတဲ့အခါကျရင် Design အမြင်ရှိပြီး Color အရောင်စပ်တာတွေကအစ match ဖြစ်နိုင်မှာပါ။ Coding ပိုင်းကတော့ ညီမတို့ကျတော့ japan ဘက်က project တွေကို coding ရေးပေးရတာများတော့ HTML၊ CSS ကိုပဲအဓိကအသုံးပြုပြီး Static Coding လုပ်ပေးရတယ်။ တကယ်လို့ System project တွေဆိုရင်တော့ System ဘက်ကလိုချင်တဲ့ပုံစံကို တိုင်ပင်ပြီးအဆင်ပြေအောင်ရေးပေးရပါတယ်။ Bootstrap template တွေက Client ဘက်ကအထူးတလည် request လုပ်လာမှသာသုံးပြီး အဓိကက HTML၊ CSS သုံးပြီးရေးရတာဆိုတော့ HTML၊ CSS ကိုအခြေခံကျကျသေချာနားလည်ပြီး စနစ်တကျ smart coding ဖြစ်နေဖို့နဲ့ responsive ပိုင်းကို သေချာပိုင်နိုင်အောင်ရေးနိုင်ဖို့လိုပါမယ်။”

K.S.N

“Kwee Kyaw ကတော့ coding ပိုင်းလုပ်ရတာပိုများတော့ မဇင်ပြောသွားသလိုပဲ HTML၊ CSS က basic ဖြစ်ပေမယ့် သေချာ flow ကျကျ၊ format ကျကျနဲ့ responsive ပိုင်းကို ရေးနိုင်ဖို့ကခက်လို့ သေချာလေးလေ့လာစေချင်တယ်။ နောက်ထပ်ကတော့ CMS ပိုင်းနဲ့ပတ်သက်တဲ့ Project တွေလည်း လုပ်ရတာတွေရှိတော့ WordPress၊ Drupal၊ MT(Movable Type) စတဲ့ CMS ပိုင်းတွေကို ထိတွေ့လေ့လာဖူးမယ်ဆိုရင်လည်း ပိုပြီးတော့အဆင်ပြေပါတယ်။”

 

Q3: Web Designer တစ်ယောက်အတွက် အရေးကြီးဆုံးအရာလို့ပြောရင် ဘာဖြစ်နိုင်မလဲဆိုတာလေးဖြေပေးပါဦး။

Z.N.H

“အွန်း..ညီမအရှေ့မှာပြောခဲ့သလိုပဲပေါ့နော်။ ကိုယ်က Design အလုပ်ကိုဝါသနာပါတယ် ဒါမှမဟုတ် Coding ပိုင်းကို ဝါသနာပါတယ်ဆိုရင်တော့ ကိုယ်လုပ်မယ့်အလုပ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သိထား၊ လေ့လာထားဖို့တော့ လိုတာပေါ့နော်။ အခြေခံအားဖြင့် ကိုယ်လုပ်မယ့်အလုပ်မှာ Experience ရှိတယ်ဆိုရင်တော့တစ်မျိုးပေါ့။ တကယ်လို့ကိုယ်က ဂျူနီယာတစ်ယောက်အနေနဲ့ ဝင်မယ်ဆိုရင်ကကျတော့ အလုပ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို စိတ်ဝင်တစားရှိပြီး လေ့လာဖို့တော့လိုအပ်တာပေါ့။ ဒါပေမယ့်လို့ ညီမအနေနဲ့ ခြုံငုံပြီးပြောရမယ်ဆိုရင် ဘယ်အလုပ်ပဲဖြစ်ဖြစ် Web Designer မှမဟုတ်ဖူး Wed Developer ဆိုရင်လည်းကိုယ်ရွေးလိုက်တဲ့အလုပ် Position ပေါ်လိုက်ပြီး တာဝန်ယူရတဲ့အလုပ်အပေါ်မှာ စိတ်ဝင်တစားနဲ့ စနစ်တကျလုပ်ပေးနိုင်ရမယ်ဆိုတဲ့စိတ်၊ လုပ်နိုင်တယ်ဆိုတဲ့စိတ်က အရေးကြီးမယ်လို့ထင်ပါတယ်။ ကိုယ်လုပ်ပေးရမယ့်အလုပ်ကို အကောင်းဆုံးလုပ်ပေးရမယ်ဆိုတဲ့စိတ်လို့ထင်ပါတယ်။ Kwee Kyaw တို့အနေနဲ့ကော ဘယ်လိုထင်လဲ။”

K.S.N

“မဇင်ပြောသွားတာ ပြည့်စုံပါတယ်။ ဘာပဲဖြစ်ဖြစ် Web Designer စလုပ်မယ့်လူတစ်ယောက်ဆိုရင် Coding ပိုင်းဆိုရင် HTML၊ CSS ကို smart ကျကျရေးနိုင်ရမယ်။ Design Tool တွေနဲ့ပတ်သက်ပြီး သိရမယ်ဆိုတာကတော့ အခြေခံလိုအပ်ချက်ပေါ့နော်။ လုပ်ငန်းခွင်ဝင်မယ်ဆိုရင် ဘယ်လုပ်ငန်းခွင်ပဲဝင်ဝင် အဓိကအားဖြင့်ဘယ်လိုပြောရမလဲ လုပ်ချင်ကိုင်ချင်စိတ်ရှိရမယ်။ အဲ့ဒါကလည်းအရေးကြီးတယ်။ အထူးသဖြင့် Teamwork နဲ့အလုပ်လုပ်ရတဲ့အခါ အများကြီးစကားပြောတယ်ပေါ့နော်။ တစ်ယောက်ရေးတဲ့ code ကိုနောက်တစ်ယောက်က နားလည်အောင်ရေးဖို့ဆိုတာက ခဲရင်းတယ်ပေါ့နော်။ ပုံမှန်ဆိုရင်တော်တော်လေးခက်ခဲတယ်။ အဲ့ဒါကြောင့် ကိုယ်ရေးလိုက်တဲ့ code ကို ကိုယ်မဟုတ်တဲ့တခြားတစ်ယောက်က နားလည်အောင် flow ကျကျရေးနိုင်ဖို့ Teamwork ကောင်းကောင်းနဲ့ အလုပ်လုပ်ဖို့ဆိုရင် ကြိုးစားချင်စိတ်တို့၊ လုပ်ချင်ကိုင်ချင်စိတ်တို့ အဲ့ဒီလိုမျိုးလေးတွေ များများရှိဖို့လိုအပ်တယ်ပေါ့နော်။ ပြီးတော့ ကိုယ်မသိတဲ့အကြောင်းအရာဆိုရင် ကိုယ့်ဘက်ကအတတ်နိုင်ဆုံးကြိုးစားပြီး ဖြေရှင်းတာတောင်မှ မဖြစ်နိုင်တော့တဲ့အခါမျိုးဆိုရင် တစ်ယောက်ထဲကြိတ်ပြီးလုပ်တာမဟုတ်ဘဲ Teamwork နဲ့တိုင်ပင်တာတို့၊ ကိုယ့်ရဲ့ Project Leader ကို အကျိုးအကြောင်းပြောပြပြီး ဆွေးနွေးတိုင်ပင်တာမျိုး စသဖြင့်လုပ်သင့်ပါတယ်။ ကိုယ့်ရဲ့အမှားတွေ၊ ကိုယ့်ရဲ့လိုအပ်ချက်တွေကို လက်ခံနိုင်ရပါမယ်။”

 

Q4: နောက်ထပ်မေးခွန်းလေးကတော့ ကိုယ်ရဲ့လုပ်ငန်းခွင်မှာ အလုပ်ရဲ့ stress ဆိုတာကတော့ အနည်းနဲ့အများ ရှိကြတာဖြစ်တဲ့အတွက် အဲ့ဒီလို stress တွေများပြီး Motivation ကျနေတဲ့အခါမျိုးမှာ ဘယ်လိုမျိုးကျော်ဖြတ်ခဲ့လဲဆိုတာနဲ့ပတ်သက်ပြီး သိချင်ပါတယ်။ ဒီတစ်ခါ ကိုစိုင်းအောင်နိုင်ဦး (Kwee Sai) ကဖြေဆိုပေးပါဦးရှင့်။

S.A.N.O

“အယ်..အွန်း..ဘယ်လိုပြောရမလဲပေါ့နော်။ Kwee Sai တော့ Motivation ကျတယ်ဆိုတာ Project တစ်ခုမှာကြုံတွေ့ခဲ့ရတာနဲ့ပတ်သက်ပြီး ပြောရရင် ကိုယ်လုပ်ရတဲ့ Project ကခက်ခဲပြီး ကိုယ့်ရဲ့ Team ထဲမှာရှိတဲ့တစ်ယောက်ချင်းစီကလည်း အလုပ်တွေများနေကြတဲ့အခါ၊ Project ပေးရမယ့် Due date ကလည်းနီးလာပြီပေါ့နော်။ အဲ့ဒီလိုအချိန်မှာ စိတ်တွေကရှုပ်ပြီး ဘာမှမလုပ်နိုင်တော့ဘူးဆိုပြီးထင်တယ်ပေါ့နော်။ တခြားလူကို အကူညီတောင်းဖို့ကလည်း အဆင်မပြေတဲ့အချိန်မှာ Motivation ကျတယ်ပေါ့နော်။ အဲ့ဒီအချိန်က အရမ်း Serious ဖြစ်နေတဲ့အချိန်မျိုး လို့ပြောရမှာပေါ့။ ပြောရမယ်ဆိုရင်တော့ အဓိကကိုယ့်ရဲ့စိတ်အခြေအနေ ရှုပ်ထွေးနေတာနဲ့ဆိုင်တာပေါ့။ အဲ့ဒီလိုဖြစ်လာပြီဆိုရင် လက်ရှိလုပ်လက်စအလုပ်တွေ၊ အကြောင်းအရာအားလုံးကို ခဏမေ့ထားပြီး break ယူလိုက်တယ်။ အေးအေးဆေးဆေးနဲ့ တခြားအကြောင်းအရာကို အာရုံလွှဲပြီးပေါ့ပေါ့ပါးပါးတစ်ခုခုလုပ်တယ်။ ဥပမာ လမ်းခဏလျှောက်လိုက်တာ၊ ကော်ဖီသွားဖျော်ပြီးသောက်လိုက်တာမျိုးပေါ့။ အဲ့ဒီလိုနားလိုက်ပြီးမှ ခုနက ကိုယ်လုပ်မရဘူးဆိုတဲ့အလုပ်ကိုပြန်လုပ်ကြည့်ရင် အဆင်ပြေသွားတာမျိုးပေါ့နော်။ အဲ့ဒါကြောင့်ကိုယ့်ရဲ့စိတ်က အရမ်းကိုရှုပ်ထွေးနေပြီဆိုရင် ခဏ Relax လုပ်လိုက်ပါလို့အကြံပေးချင်ပါတယ်။”

ဟုတ်ကဲ့။ ကျေးဇူးအများကြီးတင်ပါတယ်။ ဒါဆိုရင် အချိန်လည်းတော်တော်လေးကြာပြီဆိုတော့ နောက်ဆုံးမေးခွန်းလေးကို ဆက်သွားလိုက်ကြရအောင်။

 

Q5: ကိုယ့်အနေနဲ့ Team ထဲမှာဘယ်လိုလူမျိုးတွေနဲ့ အလုပ်အတူတူတွဲလုပ်ချင်လဲ? ဘယ်လိုလူမျိုးတွေရှိစေချင်လဲ ဆိုတာနဲ့ပတ်သက်ပြီး နောက်ဆုံးပိတ်ဖြေဆိုပေးကြပါဦးရှင့်။

Z.N.H

“အဲ့ဒါကျတော့ပေါ့နော် Team နဲ့လုပ်ရတာဖြစ်တဲ့အတွက်ရယ် တစ်ယောက်ချင်းစီကကျတော့ အားသာချက်၊ အားနည်းချက်တွေက မတူကြဘူးလေနော်။ တစ်ယောက်က Design အမြင်မှာထူးချွန်ပြီး တစ်ယောက်က Coding ပိုင်းမှာ ပိုပြီးအားသာတာမျိုး စသဖြင့် လူတစ်ယောက်ချင်းစီပေါ်မှာလိုက်ပြီး အများအားဖြင့် မတူညီနိုင်ကြဘူးပေါ့နော်။ ဒါပေမယ့် Team တစ်ခုအနေနဲ့အလုပ်လုပ်မယ်ဆိုရင်တော့ တစ်ယောက်ရဲ့အားနည်းချက်ကို တခြားတစ်ယောက်ရဲ့အားသာချက်တွေနဲ့ ဖြည့်ပြီးလုပ်ဆောင်ရင် ပိုပြီးကောင်းမယ်လို့မြင်မိတယ်။ Team လို့ပြောလိုက်တဲ့အတွက် တစ်ယောက်ထဲကပဲ Perfect ဖြစ်နေတယ်ဆိုတာထက် မတူညီတဲ့လူတွေရဲ့အားသာချက်တွေကိုစုပြီး နောက်ဆုံးဖြစ်မြောက်ရမယ့် Target ကိုတစ်ယောက်ချင်းစီရဲ့မတူညီတဲ့ Idea အသစ်တွေနဲ့လုပ်ဆောင်ရင် ပိုပြီးကောင်းတာပေါ့နော်။ အဲ့ဒါကြောင့် Team တစ်ခုမှာ ဘယ်လိုလူမျိူးရှိတာကတော့ဖြင့် ကောင်းတယ်၊ ဘယ်လိုလူမျိုးရှိမှကောင်းတယ် ဆိုတာထက် ခြုံပြီးပြောရရင် အပေါ်မှာပြောခဲ့တဲ့ အရေးကြီးဆုံးလို့ထင်တဲ့အရာပေါ့နော် ကိုယ့်ရဲ့အလုပ်ကို အဆုံးထိတာဝန်ယူစိတ်ရှိပြီးတော့ Teamwork ကောင်းကောင်းနဲ့ ကိုယ်ရဲ့အလုပ်အပေါ်မှာ အကောင်းဆုံးလုပ်မယ်ဆိုတဲ့စိတ်ရှိတဲ့သူကို ညီမအနေနဲ့ ပိုပြီးသဘောကျပါတယ်။”

 

နိဂုံးချုပ်

ဟုတ်ကဲ့။ အလုပ်မအားတဲ့ကြားက မေးသမျှမေးခွန်းတွေကို စိတ်ရှည်ရှည်နဲ့ အချိန်ပေးပြီး ဖြေဆိုပေးခဲ့ကြတဲ့ Spiceworks Myanmar မှ Senior Web Designer များကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။
ဒီ Interview လေးရဲ့ရည်ရွယ်ချက်အတိုင်း Web Designer Position အနေနဲ့အလုပ်ဝင်လုပ်ကြမယ့် ညီငယ်၊ ညီမငယ်လေးတွေအပြင် ဘယ် Job Position အတွက်ပဲဖြစ်ဖြစ် Teamwork နဲ့လုပ်ရတဲ့အလုပ်တွေနဲ့ပတ်သက်ပြီး အခု Interview လေးကနေ တစ်စုံတစ်ခုတော့အကျိုးရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။

အဆုံးထိ ဖတ်ရှုပေးခဲ့ကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
See You Next Time!

Hello

Leave a Reply

Your email address will not be published. Required fields are marked *