Life Style

Stoicism: A way to true Happiness

ကျွန်တော်တို့အားလုံး နေ့စဉ်ဘဝတွေမှာ ရုန်းကန်ဖြတ်သန်းနေရတာ တစ်ရက်ထက်တစ်ရက်ပိုပြီး ခက်ခဲကြမ်းတမ်းလာတယ်လို့ ခံစားနေရပါသလား? လေးလံလွန်းလှတဲ့ ကိုယ်သယ်ပိုးနေရတဲ့ တာဝန်တွေတင်မကပဲ ကြိုတင်မသိမြင်နိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေ ၊ တစ်နေ့တခြား ပိုပြီးအဆင့်မြင့်လာတဲ့ ရောဂါကပ်ဆိုးတွေ၊ အခုဆို နိုင်ငံရေးမတည်မငြိမ်ဖြစ်မှု စတာတွေ ကျွန်တော်တို့ဘဝထဲကို ထပ်ဆင့် ဝင်ရောက်ရိုက်ခတ်လာမယ်ဆိုရင် ကျွန်တော်တို့ ဘဝကြီးဟာ  ထင်ထားတာထက် ပိုပြီး challenging ဖြစ်ပါလိမ့်မယ်။ ဒီလိုအခြေအနေတွေကို တချို့တွေက စိတ်ညစ်ကြမယ်၊ နေရတာ ပျော်စရာတွေ တစ်နေ့တခြားကင်းမဲ့လာတယ်လို့ ခံစားနေရတယ်၊ ကိုယ်ကြိုးစားလဲ ဘာမှသိပ်မထူးလာဘူးလို့ စသဖြင့် လွယ်လွယ်လေးတွေးပစ်တတ်ကြတယ်ဗျ။ ကျွန်တော် ဒီတစ်ပတ်ပြောပြပေးမယ့် အကြောင်းအရာလေးကလည်း ဒီလိုမျိုး ကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာမရှိတဲ့ ပြဿနာတွေကို ဘယ်လိုပြန်တုန့်ပြန်မလဲဆိုတာကို Greek Philosopher တစ်ယောက်ရဲ့ philosophy တစ်ခုနဲ့ ဥပမာပေး ပြောပြပေးသွားမှာဖြစ်ပါတယ်ဗျ။

300 BC လောက်က Cyprus မှာ ကုန်ရောင်းကုန်ဝယ်လုပ်တဲ့ သူဌေးကြီးတစ်ယောက်ရှိပါတယ်။ သူ့နာမည်ကတော့ Zeno လို့ခေါ်ပါတယ်။ တစ်ရက်ကျတော့ Zeno ဟာ Athens ဘက်ကို ကုန်ရောင်းကုန်ဝယ်သွားရင်း  သူပိုင်ဆိုင်ထားသမျှ အရင်းအနှီးတွေတင်လာတဲ့ သူ့ရဲ့လှေ တိမ်းမှောက်သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် Zeno ဟာ ချမ်းသာကြွယ်ဝတဲ့ ဘဝကနေ ပိုင်ဆိုင်မှုအားဖြင့် တော်တော်လေး ချို့တဲ့တယ့်ဘဝကိုကျရောက်သွားရပါတော့တယ်။ ရေရေရာရာလုပ်ကိုင်စရာ ဘာမှမရှိတော့တဲ့ Zeno တစ်ယောက်ဟာ သူ့ရဲ့ အချိန်တော်တော်များများကို စာအုပ်ဆိုင်တွေ၊ အတွေးအခေါ်ပညာရှင်တွေအနားမှာ တွေးခေါ်လေ့လာရင်းနဲ့ပဲ  အချိန်ကုန်ခဲ့ပါတယ်။ တစ်ချိန် သူကိုယ်တိုင် Philosopher တစ်ယောက်ဖြစ်လာတဲ့အခါမှာတော့ Zeno ဟာ သူ့ရဲ့ တပည့်တွေကို “Stoicism” လို့ခေါ်တဲ့ သူ့ရဲ့ philosophy နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ Stoicism ဟာ အခြေအနေအရပ်ရပ်မှာ တည်ငြိမ်ခြင်း၊ လက်ခံနိုင်ခြင်းကို အခြေခံထားတယ်။ Zeno က ဘာပြောခဲ့သလဲဆိုရင် “ကျွန်တော်တို့ဟာ ကျွန်တော်တို့အပေါ်သက်ရောက်လာမယ့်အခြေအနေတိုင်းကို ထိန်းချုပ်လို့မရပေမယ့် အဲ့ဒီအခြေအနေတွေက ကျွန်တော်တို့အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်မလဲဆိုတာကိုတော့ ကျွန်တော်တို့ ထိန်းချုပ်လို့ရနိုင်တယ်။ အဲ့ဒီအချက်ကပဲ ကျွန်တော်တို့ရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကို ပြောင်းလဲသွားစေတယ်။ “ လို့ဆိုခဲ့တယ်။ ဆိုတော့ဗျာ ရှင်းရှင်းပြောရရင် Stoicism ကို လက်ခံတဲ့သူတွေက ကိုယ်ထိန်းချုပ်မှုအောက်မှာရောက်နေခြင်းမရှိတဲ့ အဖြစ်အပျက်တွေမှာ သူတို့က သူတို့ရဲ့ emotional status မရှိတော့တာပဲဗျ။ အဲ့ဒီလိုတွေ emotional ဖြစ်နေမယ့်အစား သူတို့က ဘာဆက်လုပ်လို့ရလဲဆိုတာကိုပဲ လက်တွေ့ကျကျကြည့်ကြတော့တယ်။

ကျွန်တော်ဒီနေရာမှာ ဥပမာလေးတစ်ခုပေးချင်တယ်ဗျ။ နေ့တစ်နေ့မှာ မိုးရွာမယ်ဆိုပါတော့ဗျာ။ မိုးရွာရင် တချို့တွေက သူတို့ စိုက်ထားတဲ့သီးနှံတွေအတွက် ရေရလို့ပျော်ကြမယ်။ တချို့တွေကျတော့လည်း ဆောက်ထားတဲ့အိမ်က မိုးမလုံလို့ စိတ်ညစ်ရတဲ့သူတွေလည်းရှိမယ်။ တချို့တွေက မိုးရေချိုးကြသလို တချို့တွေက အိမ်ထဲကနေ ကော်ဖီလေးတစ်ခွက်နဲ့ ဇိမ်ယူကြတယ်။ ဒီမှာကတည်းက ကြည့်ရင် မိုးကတော့ သူရွာချင်တဲ့အချိန်ကို ရွာလိုက်တယ်။ ပျော်တာ မပျော်တာ အဆင်ပြေတာ မပြေတာက ကိုယ်နဲ့ပဲဆိုင်တာမဟုတ်လား။ အဲ့တော့ ထပ်ပြီးတွေးကြည့်ရအောင်။ လူတွေဟာ ဒီလို ဘယ်အချိန်ရွာမယ်မှန်းမသိတဲ့မိုးကို ရွာတိုင်းစိတ်အညစ်ခံမနေတော့ပဲ “ထီး” ဆိုတဲ့ မိုးရေကိုကာကွယ်ပေးတဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုကို တီထွင်အသုံးပြုလာခဲ့ကြပြီ။ အဲ့တော့ ကျွန်တော်တို့ လူသားတွေဟာ ကိုယ်ကိုတိုင်ထိန်းချုပ်လို့မရတဲ့ သဘာဝတရားတစ်ခုကို ကြိုတင်ပြင်ဆင်ခြင်းဆိုတဲ့ element တစ်ခုနဲ့ ကိုယ့်အတွက်ဒုက္ခမရောက်အောင် ထိန်းချုပ်ကြတယ်။ အဲ့တော့ ဒီမှာမေးစရာရှိတာက အခုလို အသေးအမွှား မိုးရွာတာလောက်မဟုတ်ပဲ ကျွန်တော်တို့အပေါ်မိုးရွာတာထက်ပိုပြီး ခက်ထန်၊ ကြမ်းတမ်းတဲ့ အခြေအနေဆိုးတွေကြုံတွေ့လာမယ်ဆိုရင်ရော ကျွန်တော်တို့ဟာ ဘယ်လောက်အတိုင်းအတာလောက်ထိ ထိန်းချုပ်နိုင်မလဲပေါ့။

အဲ့ဒါကို psychology မှာ Voluntary Discomfort လို့ခေါ်တယ်။ Comfort Zone ထဲရောက်နေတဲ့ ကိုယ့်ကိုယ်ကို အသေးစားအဆင်မပြေမှုလေးတွေနဲ့ အထိအတွေ့လုပ်ကြည့်တဲ့သဘော။ ဥပမာပေးရရင် မွေ့ယာကောင်းကောင်းရှိရက်နဲ့ ဖျာနဲ့ ပြန်အိပ်ကြည့်တာမျိုး၊ ရေအေးနဲ့ ရေချိုးတာမျိုး (Cold Showers)၊ ဥပုသ်စောင့်တာမျိုးတွေပေါ့။ ဒီလိုလေ့ကျင့်ခန်းတွေဟာ ကိုယ်ထိန်းချုပ်လို့မရမယ့် အဆင်မပြေမှုအကြီးကြီးတွေကို ရင်ဆိုင်လာရရင် ကိုယ့်ရဲ့ self-mentality ကို အဆင်မပြေမှုတွေနဲ့ ကြိုတင်ထိတွေ့ပေးထားတဲ့သဘောပါ။ နောက်တစ်ချက်ကတော့ Expectations ဆိုတဲ့ မျှော်လင့်ချက်တွေမထားဖို့ပါ။ ကျွန်တော်တို့ရဲ့ခေတ်ကြီးဟာ တိုးတက်လာတာနဲ့အမျှ လူမှုဆက်ဆံရေးနယ်ပယ်တွေမှာရော ဘက်ပေါင်းစုံမှာပါ လူတွေဟာ  မျှော်လင့်ချက်တွေထားတတ်ကြပါတယ်။ ကိုယ်ရည်မှန်းထားတာက ဖြစ်လာရင် အဆင်ပြေပေမယ့် ခုနကပြောထားသလို ကိုယ်ထိန်းချုပ်လို့မရတဲ့ အပိုင်းကပါလာတဲ့ အချက်တွေနဲ့ဆိုရင် ကျွန်တော်တို့ထင်ထားတာတွေဟာ ပြောင်းပြန်တွေဖြစ်နေတတ်ပါတယ်။ အဲ့အခါကျရင် လူတွေဖြစ်ဖြစ်နေတဲ့ စိတ်အလိုမကျခြင်း (Disapointment) တွေဖြစ်လာပြီး ပျော်ရွှင်မှုဆိုတာနဲ့ ဝေးနေတတ်ပါတယ်။

အတိုချုပ်ပြောရရင် Stoicism ကိုလက်ခံထားရင် ကိုယ့်ဘဝရဲ့အဆိုးဝါးဆုံးအခြေအနေမှာတောင်မှ ကိုယ့်ရဲ့တန်ဖိုး (Self-worth)၊ ပျော်ရွှင်မှု (Happiness) နဲ့ ရည်ရွယ်ချက် (Purpose) ကို ပျောက်မသွားစေပါဘူး။ ဒီအချက်တွေဟာ ကျွန်တော်တို့လို မြန်မာပြည်မှာ နေနေရတဲ့သူတွေအတွက်ဆိုပိုပြီး ရှားပါးပါလိမ့်မယ်။ ဆိုတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ထိန်းချုပ်လို့မရတဲ့အရာတွေက ကျွန်တော်တို့ကိုအထိန်းချုပ်မခံပဲ ကျွန်တော်တို့ရဲ့ Self-Imporvement ကိုသာ focus လုပ်ကြမယ်ဆိုရင် ဒီ့ထက်ပိုပြီး ပျော်ရွှင်ရတဲ့၊ အဓိပ္ပာယ်ရှိတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရမှာဖြစ်တယ်။ နောက်ဆုံး Zeno လိုမျိုး ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေ ကိုယ့်ဆီကလက်ပြနှုတ်ဆက်သွားရင်တောင်မှ ကျွန်တော်တို့ဟာ ကျွန်တော်တို့နေချင်သလိုနေခဲ့ပြီးခဲ့ပြီပဲဆိုတဲ့အချက်နဲ့ ကျေနပ်နေသေးလို့ရသေးတာပဲမဟုတ်လား။ ဘာလို့လဲဆိုတော့ ဘယ်အရာမှ အဆုံးထိ တည်မြဲတာမှမဟုတ်တာဗျ။

ဘုန်းသန့်ကျော်
၁၃.၀၇.၂၀၂၂

Reference:

Aperture. (2021, May 1). Stoicism: Become Undefeatable [Video]. Youtube.

Hello

Leave a Reply

Your email address will not be published. Required fields are marked *