Life Style Others

Take a break

မင်္ဂလာပါရှင့်။
ကျွန်မကတော့ Spiceworks Myanmar က မခင်ပွင့်ဖြူခိုင် ဖြစ်ပါတယ်ရှင့်။ ဘလော့ဂ်လေးတွေကို တင်ဆက်ဖို့ အလှည့်မရောက်သေးတာနဲ့ မရေးဖြစ်ခဲ့တာတော်တော်လေးကို ကြာခဲ့ပါပြီ။ အခု ပြန်လည်တင်ဆက်ဖို့ ရောက်လာတာနဲ့ စာဖတ်ပရိသတ်တွေကို မျှဝေပေးဖို့ ခေါင်းစဉ်လေးတစ်ခုကို စဉ်းစားမိပါတယ်။ အဲ့ဒါကတော့ ကျွန်မ အခုလပိုင်းမှာခံစားနေရတဲ့ ခံစားချက်တချို့ကို ပြန်လည်သုံးသပ်ရင်းနဲ့ ကျွန်မကိုယ်ကျွန်မ ပြန်လည်ပြင်ဆင်ရန်နှင့် ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် အကြံပေးအကြောင်းအရာလေး ဖြစ်ပါတယ်။ “ခဏ အနားယူပါ” ဆိုတဲ့ ခေါင်းစဉ်လေးပါပဲ။
ကျွန်မတို့ “အနားယူပါ” ဆိုတာက အကြောင်းအရာမျိုးစုံ စဉ်းစားတွေးတောလို့ ရပါတယ်နော်။ ဥပမာ (၁) မိမိက အလုပ်တစ်ခုကို မနားမနေလုပ်ကိုင်နေလို့ ပင်ပန်းနွမ်းနယ်လာတဲ့အခါ ခဏနားလိုက်တာမျိုး၊ (၂) စာကျက်နေရင်း ဦးနှောက်တွေရှုပ်ထွေးလာလို့ ခဏနားလိုက်တာမျိုး၊ (၃) နေမကောင်းနေတဲ့အခါ အနားယူနေတာမျိုး စသဖြင့် အမျိုးမျိုးရှိကြပါတယ်။ ကျွန်မကတော့ အနားယူမယ့်အကြောင်းအရာအမျိုးမျိုးထဲမှာမှ အင်တာနက်ကနေခွဲထွက်ပြီးသုံးသော ဆိုရှယ်မီဒီယာကနေ ခဏအနားယူမယ့် အကြောင်းလေးကို မျှဝေပေးမှာပါ။
ရှေးဦးစွာအနေဖြင့် ပြောကြားလိုသောအချက်များရှိပါတယ်။ ဤဘလော့ဂ်မှာ ရေးသားထားသော အကြောင်းအရာများသည် ကျွန်မရဲ့ ကိုယ်ပိုင်အမြင်ကိုပဲ မျှဝေပေးထားသောကြောင့် တခြားသူများအနေဖြင့် အမြင်မတူတာတွေလည်း ရှိနိုင်ပါတယ်။ လောကကြီးမှာ လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြတာမို့ တစ်ယောက်ရဲ့ကိုယ်ပိုင်အမြင်နဲ့ တခြားသူတစ်ယောက်ရဲ့ ကိုယ်ပိုင်အမြင်တွေက ကွဲပြားနိုင်ပါတယ်။ ထို့ကြောင့် အမြင်မတူမှုများရှိခဲ့လျှင် လျစ်လျူရှုနိုင်ပါတယ်ရှင့်။
ကျွန်မတို့ဟာ အင်တာနက်ဆိုတဲ့ လောကကြီးထဲမှာ ဘဝရဲ့တစ်စိတ်တစ်ပိုင်းနေရာကနေ ဘဝပုံစံအမျိုးမျိုးဖြင့် လုပ်ကိုင်နေကြရပါတယ်။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကမ္ဘာကြီးမှာလည်း နေထိုင်မှုပုံစံအဆင့်အတန်းတွေလည်း တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ လူတွေဟာလည်း အင်တာနက်ကို ပုံစံအမျိုးမျိုးဖြင့် အသုံးပြုနေကြပါတယ်။
အင်တာနက်ကနေခွဲထွက်လာပြီး အသုံးပြုနေကြသော ဆိုရှယ်မီဒီယာတွေလည်း ရှိပါတယ်။ အများကြားထဲမှာမှသိသာပေါ်ထင်နေတဲ့ Facebook, Twitter, YouTube, TikTok, Instagram, etc… စသည်တို့ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာမျိုးစုံရှိကြသလို အသုံးပြုသောလူတွေကလည်း မိမိတို့အဆင်ပြေတာကို သုံးစွဲနေကြတာလည်း ရှိပါတယ်။ ကျွန်မဆိုရင်လည်း ဆိုရှယ်မီဒီယာမျိုးစုံသုံးပါတယ်။ ဒါပေမယ့် အသုံးများဆုံးကတော့ Facebook ပဲ ဖြစ်ပါတယ်။
facebook ကို အလုပ်ပင်ပန်းလာသောအခါ၊ ပျင်းရိလာလို့ ခဏတာ ရယ်မောချင်သောအခါ၊ အမှတ်တရတွေကိုသိမ်းချင်သောအခါ အသုံးပြုပါတယ်။ အသုံးပြုသောအခါမှာ ကောင်းသောအကျိုးကျေးဇူးတွေရှိတာလည်း ရှိပါတယ်။ ဆိုးကျိုးဖြစ်တာတွေလည်းရှိပါတယ်။ ကျွန်မတို့စကားပုံတစ်ခုလိုပေါ့ “တန်ရင်ဆေး၊ လွန်ရင်ဘေး”ပေါ့နော်။

ပထမဆုံး ကောင်းကျိုးအနည်းငယ်ကိုတော့ အရင်ပြောပြပေးချင်ပါတယ်။
(၁) မိမိရဲ့ ကိုယ်ပိုင်အလုပ်တွေကိုလည်း ပရိသတ်တွေဆီကို တိုက်ရိုက်ဆက်သွယ်ချပြလို့ရပါတယ်
(၂) ကြော်ငြာလုပ်ငန်းများကို လုပ်ဆောင်နိုင်ပါတယ်
(၃) မိမိရဲ့ brand တွေကိုလည်း တည်ဆောက်ဖန်တီးနိုင်ပါတယ်
(၄) ပညာရေးနဲ့ပတ်သက်သော အသိအမြင်များကိုလည်း လေ့လာနိုင်ပါတယ်
(၅) သတင်းအချက်အလက်အသစ်များကိုလည်း မြန်ဆန်စွာသိနိုင်ပါတယ်

ဆိုးကျိုးရစေသောအကြောင်းအရာအနည်းငယ်ကို ဆက်လက်ပြောပြပေးချင်ပါတယ်။
(၁) မိမိကို ဆိုးရွာသောအတွေးတွေ လက်ခံရရှိနိုင်ပါတယ်
(၂) မိမိရဲ့အချိန်တွေကိုလည်း အလကားကုန်ဆုံးနိုင်ပါတယ်
(၃) စိတ်ဖိစီးမှု stress များကိုလည်း ရရှိနိုင်ပါတယ်
(၄) ကျန်းမာရေးရှုထောင့်အနေနဲ့လည်း ထိခိုက်လာစေနိုင်ပါတယ်
(၅) မသုံးရ မနေနိုင်သလို စိတ်စွဲလန်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်
(၆) ငွေကြေးပိုင်းဆိုင်ရာများကို Hacking လုပ်နိုင်ပါတယ်
(၇) ကလေးတွေလည်း အတုယူမှားနိုင်ပါတယ်

ဘာကြောင့်နားသင့်တာလဲ
ရုပ်ပိုင်းဆိုင်ရာ
(၁) ဦးနှောက်နှင့် အာရုံကြောများ ထိခိုက်လာမယ်
(၂) မျက်နှာမှာလည်း မျက်ကွင်းညိုခြင်း၊ ဝက်ခြံထွက်လာခြင်း စသည်တို့ဖြစ်လာပါမယ်
(၃) ကိုယ်လက်လှုပ်ရှားမှုများလည်း လျော့နည်းလာပါမယ်
(၄) အိပ်ချိန်များ လျော့နည်းလာမယ်
(၅) ဆက်ဆံရေးများ ထိခိုက်ယိုယွင်းပျက်စီးလာမယ်

စိတ်ပိုင်းဆိုင်ရာ
(၁) ယှဉ်ပြိုင်မှုဆိုင်ရာများကိုလည်း မရပ်တန့်နိုင်ဘူး
(၂) တခြားသူတွေနဲ့လည်း ပြိုင်ဆိုင်မှုဖြစ်နေမယ်
(၃) မိမိမြင်သမျှတိုင်းကို စိတ်အနှောင့်အယှက်ဖြစ်စေမယ်
(၄) ပိုစ့်တင်ရင်လည်း မတင်ရသေးရင် မပျော်ရွှင်ဖြစ်နေမယ်
(၅) မနက်အိပ်ရာထလာပြီဆိုရင်လည်း ဖုန်းလေးကိုကောက်ကိုင်ပြီး မိမိသုံးနေတဲ့ app လေးကို ဖွင့်လိုက်ရမှ အဆင်ပြေတယ်။ ညအိပ်ခါနီးဆိုရင်လည်း ဖွင့်ကြည့်လိုက်ရမှ အဆင်ပြေသလိုဖြစ်မယ်

ကျွန်မတို့ဟာလည်း တိုးတက်လာသောခေတ်ရေစီးကြောင်းမှာ အများအားဖြင့် အင်တာနက်ဖြင့် အလုပ်လုပ်နေကြရပါတယ်။ အလုပ်ချိန် ၈နာရီကို ၈နာရီစလုံး အင်တာနက်နဲ့ချိတ်ဆက်အလုပ်လုပ်နေရပါတယ်။ အလုပ်တွေများသောအခါတွင်လည်း အချိန်ပိုတွေဆင်းပြီး အလုပ်လုပ်လာကြရပါတယ်။ အဲ့လိုမျိုး တစ်ပတ်လုံး လုပ်ကိုင်လာရသောအခါတောင်မှ ဆိုရှယ်မီဒီယာကို အသုံးပြုတာကို အလွန်အကြူးမသုံးမိအောင် ကန့်သတ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အဓိကအားဖြင့် ကျန်းမာရေးအတွက်ပါပဲ။

ဆိုရှယ်မီဒီယာကနေ ဘယ်လိုအနားယူမလဲပေါ့
(၁) မိမိအသုံးပြုသော usage တွေကို ပြန်လည်သုံးသပ်ပါ
(၂) မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေကို အချိန်ပေးပါ
(၃) ခရီးတွေထွက်ပါ
(၄) မိမိရဲ့ပန်းတိုင်တွေကို ချမှတ်ပြီးတွေးတောလုပ်ဆောင်ပါ
(၅) အသုံးပြုသောအချိန်တွေကို ကန့်သတ်ပါ
(၆) လေ့ကျင့်ခန်းများလုပ်ပါ
(၇) Mediation ကို လုပ်ပါ
(၈) အသုံးပြုသော app တွေရဲ့ notifications ကို ပိတ်ထားပါ
(၉) ကောင်းသောအချက်အလက်များကို follow လုပ်ပါ

ကျွန်မတို့ဟာ တိုးတက်လာသောခေတ်ရေစီးကြောင်းအရ အင်တာနက်နဲ့ရင်းနှီးနေကြပါတယ်။ သူနဲ့လည်းအတူ အလုပ်လုပ်ကိုင်ကြရပါတယ်။ ထို့ကြောင့် ကျွန်မတို့ဘဝအတွက် လိုအပ်သောအရာများကို ဖြည့်ဆည်းပြီး လူမှုဘဝပတ်ဝန်းကျင်မှာ အဆင်ပြေအောင်ကြိုးစား နေထိုင်ကြရပါတယ်။ ကျွန်မတို့ဟာ လိုအပ်တာကိုပဲသုံးပြီး ကျွန်မတို့အတွက် မလိုအပ်ရင် စဉ်းစားချင့်ချိန်သင့်ပါတယ်။ ကျွန်မတို့ဟာ တခြားသောအရာများကို မစဉ်းစားဘဲ ကျွန်မတို့ရဲ့ကျန်းမာရေးကိုသာ အထူးဂရုစိုက်စဉ်းစားတာက ပိုကောင်းမယ်လို့ ထင်မြင်မိပါတယ်။ ဘာလို့ဆို ကျွန်မတို့ဟာ ကျန်းမာမှ ကျွန်မတို့လုပ်ချင်သောအရာများကို လုပ်နိုင်မှာဖြစ်ပါတယ်။ ကျွန်မရဲ့ အတွေ့အကြုံများကို ဖတ်ရှုပေးကြသော စာဖတ်ပရိသတ်ကြီးများကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။
သာယာအေးချမ်းသောနေ့လေးတွေကို အစဉ်အမြဲ ပိုင်ဆိုင်နိုင်ကြပါစေရှင့်………

Hello

Leave a Reply

Your email address will not be published. Required fields are marked *