Life Style Others

To Be A Favorable Personality

အားလုံးပဲ မင်္ဂလာပါရှင့်။

ကျွန်မကတော့ Spiceworks Myanmar ကုမ္ပဏီတွင် Administration Assistant Position ဖြင့် ဝင်ရောက် အလုပ်လုပ်ကိုင်နေသော လဲ့ရည်ဖြိုး ဖြစ်ပါတယ်။ ကျွန်မတို့ Spiceworks Myanmar ကုမ္ပဏီသည် Web Design & Development Production Company တစ်ခုဖြစ်ပြီး Japan & Myanmar Company တစ်ခု ဖြစ်ပါတယ်။ ထို့ပြင် ကျွန်မတို့ Spiceworks Myanmar ကုမ္ပဏီတွင် Design Team, System Team အပြင် Internal Team များ အဖြစ် HR Team, Maintenance Team, Education Team နှင့် Marketing Team ဟူ၍ အဖွဲ့အစည်း (၄) ခု ဖြင့် ဖွဲ့စည်းထားတာကြောင့် ယခုလက်ရှိမှာတော့ ကျွန်မက HR Team ၏ Team Leader တစ်ဦးအဖြစ်လည်း တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ ထို့ကြောင့် ယခင် Blog များတွင် ကျွန်မက HR နှင့် ပက်သက်သော ဗဟုသုတရဖွယ် အကြောင်းအရာများ၊ HR ပိုင်းဆိုင်ရာ လက်တွေ့အသုံးချရမည့် နည်းလမ်းများကိုသာ လေ့လာမှတ်သား၍ မျှဝေပေးဖြစ်ခဲ့ပါတယ်။
ယခု Blog မှာတော့ ကျွန်မက ကျွန်မတို့ လူမှု‌ရေးရာ နေထိုင်မှုဘဝ၊ လုပ်ငန်းခွင်ဘဝ စတဲ့ ဘယ်နယ်ပယ်သို့ ရောက်ရောက် Personality ကောင်းသူတစ်ယောက်အဖြစ် ပေါင်းသင်းဆက်ဆံရေး အဆင်ပြေကောင်းမွန်ပြီး ‌ပျော်ရွှင်ဖွယ်‌နေထိုင်မှု တစ်ခုကို တည်ဆောက်နေထိုင်နိုင်ဖို့ဆိုရင် ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ အခြေခံအားဖြင့် Favorable personality ဆိုတဲ့ နှစ်လိုဖွယ်ရှိသော ကိုယ်ရည်ကိုယ်သွေးကောင်းများ မရှိမဖြစ် လိုအပ်ပါတယ်၊ ရှိလည်းရှိသင့်ပါတယ်။ ထို့ကြောင့် ကျွန်မက To be a favorable personality ဆိုတဲ့ ခေါင်းစဉ်ရဲ့ အောက်မှာ Personality ကောင်းသူတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်မလဲ၊ ဘယ်လိုပြုစုပျိုးထောင်ရမလဲ၊ ဘယ်လို လက်တွေ့လုပ်ဆောင် ကျင့်သုံးနိုင်မလဲ ဆိုတာကို ‌‌ဆွေးနွေးမျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံးအနေဖြင့် Personality ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးအကြောင်းကို ပြောချင်ပါတယ်။ Personality ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးဟာ ကျွန်မတို့ လူတစ်ယောက်အနေနဲ့ ဘယ်လိုတွေးခေါ်တယ်၊ စိတ်ပိုင်းဆိုင်ရာက ဘယ်လိုရှိတယ်၊ အပြင်ပုံပန်းသွင်ပြင်က ဘယ်လိုနေတယ် စတဲ့အချက်တွေကို ခြုံငုံပြီး ရလာတဲ့ အမြင်တစ်ခုကို ခေါ်ခြင်းဖြစ်ပါတယ်။
ဥပမာ ဒီလူတစ်ယောက်က စိတ်ခံစားလွယ်တယ်၊ ဒီတစ်ယောက်က သိပ်အဆိုးမြင်တယ်၊ သူကတော့ သပ်သပ်ရပ်ရပ် နေတတ်ထိုင်တတ်တယ်၊ ပြုမူတတ်တယ်၊ သူက မာကြောတယ်၊ သူကတော့ ရိုးသားတယ်၊ ပွင့်လင်းတယ်၊ အကောင်းမြင်စိတ်ရှိတယ် စတဲ့ အချက်တွေဟာ ကျွန်မတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနေခြင်းဖြစ်တယ်။ ဘဝမှာ တစ်ဦးတစ်ယောက်တည်း နေထိုင်လို့မရတာကြောင့် တခြားသူတွေနဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့၊ အဆင်ပြေစွာနေထိုင်ဖို့ ဆိုလျှင် အဲဒီ ကိုယ်ရည်ကိုယ်သွေးဟာ အရမ်း အရေးကြီးပါတယ်။
ဒါကြောင့် ကိုယ်ဟာ ဘယ်လို လူစားလဲ၊ ဘယ်လို ကိုယ်ရည်ကိုယ်သွေးရှိတဲ့လူလဲ၊ ဘယ်လိုအပြုအမူရှိတဲ့သူလဲ ဆိုတာ ကိုယ့်ကိုယ်ကို အရင်သိအောင်လုပ်ဖို့ လိုအပ်တယ်။ မိမိကိုယ်ကို အရင်သိမှသာ မိမိကိုယ်ကိုယ် အရင် မြင်တတ်လာမယ်။ လေးစားတတ်လာမယ်။ ထို့ပြင် မိမိ ပတ်ဝန်းကျင်က လူတွေအကြောင်းလည်း သိထားဖို့ လိုအပ်ပါတယ်။ ထိုမှသာ ပေါင်းသင်းဆက်ဆံတဲ့အခါ အပြန်အလှန် နားလည်မှုထားနိုင်ပြီး အဆင်ပြေစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

ဆက်လက်၍ Interpersonal skill ဆိုတာကတော့ လူတစ်ဦးတစ်ယောက်ဖြစ်စေ၊ အသင်းအုပ်စုလိုက် ဖြစ်စေ အခြားသူများနှင့် ပြောဆိုဆက်ဆံသည့်အခါ နေ့စဉ်အသုံးပြုနေရသည့် life skill တစ်ခုပဲ ဖြစ်ပါတယ်။ ထို့ကြောင့် မိမိရဲ့လူမှုဘဝ၊ လုပ်ငန်းခွင်ဘဝတွေမှာပါ ဆက်ဆံရေးကောင်းမွန်ပြီး personality ကောင်းသူတစ်ဦး ဖြစ်ဖို့ဆိုလျှင် မိမိကိုယ်ကို ပထမဆုံး ပြန်သုံးသပ်ရပါမယ်၊ Interpersonal skill ကောင်းအောင်လည်း လုပ်သင့်ပါတယ်။
ထို့ကြောင့် ခင်မင်နှစ်လိုဖွယ် ကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးမျိုး (Favorable personality) ကောင်းသူတစ်ဦး ဖြစ်ဖို့ အခြေခံအားဖြင့် လိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေးများကို အချက် (၇) ချက်ဖြင့် မျှဝေသွားမှာ ဖြစ်ပါတယ်။

(၁) ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင် (Physical appearance)
ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်မှာဆိုရင် လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးဆိုတာက အပြင်ရုပ်ရည်ပိုင်း အသွင်အပြင်‌ ‌ချောမောလှပမှ ကိုယ်ရည်ကိုယ်သွေး ကောင်းတာမျိုး မဟုတ်ပါဘူး။ အပြင်ရုပ်ရည်ပိုင်း အသွင်အပြင်ချောမောလှပတာ ကောင်းပေမဲ့ Personality လို့ဆိုလိုက်လျှင် အဓိကအားဖြင့် နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သော၊ ယဉ်ကျေးသော လူနေမှုပုံစံ ရှိခြင်း၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လူနေမှုပုံစံ ရှိခြင်း၊ ကြည့်လိုက်ရင် လူက ကျန်းမာတဲ့ပုံ ပေါက်နေခြင်း၊ ဝတ်တာစားတာကလည်း ဈေးကြီးတာတွေ ဝတ်စားဆင်ယင်ထားမှ မဟုတ်ဘဲ ကိုယ်နဲ့ လိုက်ဖက်တာကို သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်တတ်ခြင်း စတဲ့ အသွင်အပြင်မျိုးရှိခြင်း ဖြစ်ပါတယ်။

(၂) ဉာဏ်ရည်ဉာဏ်သွေး (Intelligence)
ဉာဏ်ရည်ဉာဏ်သွေးမှာဆိုရင်လည်း လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးဆိုတာက ဘွဲ့တွေအများကြီးရဖို့ မဟုတ်ပါဘဲ ကျယ်ကျယ်ပြန့်ပြန့် လေ့လာထားဖို့၊ စဉ်းစားဆင်ခြင်ဉာဏ် ရှိဖို့၊ ပြသနာကို ကျိုးကြောင်းဆီလျော်စွာ ဖြေရှင်းတတ်ဖို့ စတဲ့ စွမ်းရည်တွေရှိဖို့ကို ဆိုလိုခြင်း ဖြစ်ပါတယ်။

(၃) ကြင်နာတတ်ခြင်း (Kindness)
ကြင်နာတတ်ခြင်းမှာဆိုရင်လည်း လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးဆိုတာက လူတွေကို ဘယ်လောက် ကူညီတတ်သလဲ၊ သဘောကောင်းသလဲ၊ ရိုးသားသလဲ၊ ဖော်ရွေသလဲ၊ သနားညှာတတ်သလဲ၊ တစ်ဖက်သားဘက်ကနေ ဘယ်လောက် ဖြည့်တွေးပေးတတ်သလဲ ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးများကလည်း ခင်မင်နှစ်လိုဖွယ် ကောင်းတဲ့သူတစ်ယောက်ဖြစ်ဖို့ လိုအပ်ပါတယ်။

(၄) စမတ်ကျခြင်း (Smartness)
စမတ်ကျခြင်းမှာဆိုရင်လည်း လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးဆိုတာက ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ပဲ စမတ်ကျတာ မဟုတ်ဘဲ ပြောတာ၊ ဆိုတာ၊ လုပ်တာ၊ ကိုင်တာ၊ တွေးတာ၊ ပြုမူဆက်ဆံတာတွေကအစ သပ်ရပ်တယ်၊ တိကျသေချာပြီး စနစ်ကျတယ်၊ ပရော်ဖက်ရှင်နယ်ဆန်တယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတယ် စတဲ့ ကိုယ်ရည်ကိုယ်သွေးများကလည်း ခင်မင်နှစ်လိုဖွယ် ကောင်းတဲ့သူတစ်ယောက်ဖြစ်ဖို့ အရေးကြီးပါသေးတယ်။

(၅) အကောင်းမြင်စိတ် (Optimism)
အကောင်းမြင်စိတ်ရှိခြင်းကလည်း ခင်မင်နှစ်လိုဖွယ် ကောင်းတဲ့သူတစ်ယောက်ဖြစ်ဖို့ အလွန်အရေးပါပါတယ်။ ကျွန်မတို့ ဘဝမှာ မျှော်လင့်မထားတဲ့ အဖြစ်အပျက်ဆိုတာ အမြဲ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတတ်ပါတယ်။ ထိုမျှော်လင့်မထားတဲ့ အဖြစ်အပျက်တွေ ဖြစ်လာတဲ့အခါ အကောင်းမြင်စိတ်ထားတတ်ဖို့ နှင့် အကောင်းမြင်စိတ်ရှိဖို့က သိပ်အရေးကြီးပါတယ်။
ဥပမာ ထီးမပါတဲ့နေ့မှ မိုးရွာတာ၊ သေချာကြိုတင်ပြင်ဆင်ထားခါမှ တလွဲဖြစ်တာ၊ ချိန်းထားချိန်ရောက်မှ လမ်းမှာ ကားနောက်ကျတာ စသဖြင့် မျှော်လင့်မထားတဲ့ ဆန့်ကျင်ဘက် အဖြစ်အပျက်တွေ ဖြစ်လာတဲ့အခါ ဒီလိုအနေအထားတွေကို လက်ခံပြီး အပြစ်တွေမတင်ဘဲ၊ ညည်းညူမနေဘဲ၊ အဆိုးမမြင်နေဘဲ၊ စိတ်ဆိုး၊ စိတ်တိုမနေဘဲ ဒီလိုမကောင်းမြင်စိတ်တွေကနေ အကောင်းဆုံး ဘယ်လို စဉ်းစားပြင်ဆင်မလဲ၊ လုပ်ဆောင်မလဲ၊ ရှေ့ဆက်မလဲဆိုတဲ့ အကောင်းမြင်တွေးတောပြုမူနိုင်တဲ့ စွမ်းရည်ရှိတာကလည်း ခင်မင်နှစ်လိုဖွယ် ကောင်းတဲ့သူတစ်ယောက်ဖြစ်ဖို့ အရေးကြီးပါသေးတယ်။

(၆) စွမ်းအား (Energy)
ကျွန်မတို့ လူမှုဘဝ၊ လုပ်ငန်းခွင်ဘဝတွေမှာပါ ဆက်ဆံရေးကောင်းမွန်ပြီး personality ကောင်းသူ တော်တော်များများကို ကြည့်လိုက်ရင် အရမ်း Strong & Energetic ဖြစ်တာကို တွေ့ရပါတယ်။ ထို့ပြင် ပြင်းပြတဲ့ စိတ်ဆန္ဒ (Passion) ရှိကြပြီး တစ်နေ့တစ်နေ့ ၄-၅ နာရီပဲ အိပ်ကြပေမယ့် ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် စိတ်ပျက်နေတဲ့ပုံ၊ ပင်ပန်းနေတဲ့ပုံ၊ အိပ်ငိုက်နေတဲ့ပုံ မတွေ့ရဘဲ အပင်ပန်းခံ အလုပ်လုပ်နိုင်ကြပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်၊ အနေအထိုင်၊ လူနေမှုပုံစံကို အထူးဂရုစိုက်ကြပါတယ်။ ထို့ကြောင့်လည်း ဘယ်အချိန်ကြည့်ကြည့် စွမ်းအားအပြည့်အ၀ ဖြစ်နေတာ ဖြစ်ပါတယ်။ ခင်မင်နှစ်လိုဖွယ်‌ကောင်းတဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုလျှင် Strong & Energetic ဖြစ်အောင် ဂရုစိုက်သင့်ပါတယ်။

(၇) ယုံကြည်မှု နဲ့ ထိုက်တန်ခြင်း (Trustworthiness)
ခင်မင်နှစ်လိုဖွယ် ကောင်းတဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုလျှင် အထက်ပါ ကိုယ်ရည်ကိုယ်သွေးများအပြင် Trustworthiness ဆိုတဲ့ အချက်လည်း လိုအပ်ပါသေးတယ်။ Trustworthiness ‌လို့ ပြောလိုက်ရင် ပထမတစ်ချက်က Integrity လို့ ခေါ်တဲ့ ထိုသူဆိုရင် ရိုးသားပါတယ်၊ ဖြောင့်မတ်တယ်၊ ယုံကြည်ရပါတယ် ဆိုတဲ့ ဖြောင့်မတ်မှု၊ ရိုးသားမှုပါ။
ဒုတိယတစ်ချက် (Responsibility & Accountability) လို့ခေါ်တဲ့ပြဿနာတက်ပြီဆိုလျှင် ခေါင်းမရှောင်ဘဲ၊ မျက်နှာမလွှဲဘဲ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်းဖြစ်ပါတယ်။
တတိယတစ်ချက်ကတော့ ဘယ်လောက် တိတိကျကျ အလုပ်လုပ်တတ်သလဲ ဆိုတာပါ။ ထိုသူဆိုရင် သူလုပ်လိုက်ရင် အချိန်တိကျတဲ့သူ၊ ငွေကြေးနဲ့ ပတ်သက်ရင်လည်း တိတိကျကျ အလုပ်လုပ်တတ်သူ၊ အသေးစိတ်ရှိတဲ့သူ၊ စည်းစနစ်တကျ နဲ့ သေသပ်သပ်ရပ်တယ် စတဲ့ ယုံကြည်မှု နဲ့ ထိုက်တန်သော ကိုယ်ရည်ကိုယ်သွေးများရှိတာလည်း လူမှုဘဝ၊ လုပ်ငန်းခွင်ဘဝတွေမှာပါ ဆက်ဆံရေးကောင်းမွန်ပြီး personality ကောင်းသူတစ်ယောက်ဖြစ်လာမှာပါ။ ဒါတွေကတော့ personality ကောင်းသူတစ်ယောက်မှာတွေ့ရတဲ့ ကိုယ်ရည်ကိုယ်သွေး တချို့ ဖြစ်ပါတယ်။ တခြားသော ကိုယ်ရည်ကိုယ်သွေး အပြုအမူတွေလည်း ရှိပါဦးမယ်။

ဆက်လက်၍ လူမှုဘဝ၊ လုပ်ငန်းခွင်ဘဝတွေမှာပါ ဆက်ဆံရေးကောင်းမွန်ပြီး ခင်မင်နှစ်လိုဖွယ် ကောင်းတဲ့သူတစ်ယောက်ဖြစ်ဖို့ အထက်ပါ ကိုယ်ရည်ကိုယ်သွေးများအပြင် လိုအပ်တဲ့ Interpersonal skill တစ်ချို့ကို ပြောပြသွားပါမယ်။ Interpersonal skill လို့ ဆိုလိုက်ရင် ပြောဆိုဆက်ဆံခြင်းစွမ်းရည် (Communication skill) ကလည်း မရှိမဖြစ်လိုအပ်ပါတယ်။
ထို့ကြောင့် ပြောဆိုဆက်ဆံခြင်းစွမ်းရည် (Communication skill) ကို အောက်ပါ အချက်(၇) ချက်ဖြင့် ပြောပြပါမယ်။
(၁) နှုတ်ဖြင့် ကောင်းမွန်စွာ ပြောဆိုနိုင်ခြင်း (Verbal Communication Skill)
Communication skill လို့ ဆိုလိုက်ရင် တစ်ဖက်သူနှင့်အဆင်ပြေအောင်၊ နားလည်လွယ်အောင် ဘာပြောမလဲ၊ ဘယ်လိုပြောမလဲ ဆိုတဲ့ နှုတ်ဖြင့် ကောင်းမွန်စွာပြောဆိုနိုင်သော (Verbal Communication Skill) ပါ။

(၂) နှုတ်ဖြင့် ပြောဆိုခြင်း မဟုတ်ဘဲ အခြားနည်းဖြင့် ပြောဆိုခြင်း (Non-verbal Communication Skill
)

စကားလုံးများဖြင့်ပြောဆိုခြင်းမဟုတ်ဘဲ တစ်ဖက်သူနှင့်အဆင်ပြေအောင်၊ နားလည်လွယ်အောင်ကိုယ်အမူအရာဖြင့်ပြောဆိုခြင်း၊ စာရေးသားပြောဆိုခြင်း ဆိုတဲ့ နှုတ်ဖြင့်ပြောဆိုခြင်းမဟုတ်ဘဲ အခြားနည်းပြောဆိုခြင်း (Non-verbal Communication Skill) များလည်း လိုအပ်ပါသေးတယ်။

(၃) နားထောင်စွမ်းရည် (Listening Skill)
အခြားသူများက နှုတ်ဖြင့်လည်းကောင်း၊ အခြားနည်းဖြင့် ပြောဆိုခြင်းလည်းကောင်း ပြောသည့်အကြောင်းအရာများကို ‌ဘာကိုဆိုလိုတယ်၊ ဘာအကြောင်းအရာကိုပြောတယ် ဆိုတာ အာရုံစူးစိုက် နားထောင်တတ်တဲ့ နားထောင်စွမ်းရည် (Listening Skill) ပါ။

(၄) အဖွဲ့ဖြင့် လုပ်ဆောင်ခြင်း (Team working Skill)
အခြားအသင်းအဖွဲ့များနှင့် ပူးပေါင်းပါဝင်လုပ်ဆောင်တတ်ခြင်း၊ အဖွဲ့ဖြင့်လုပ်ဆောင်ခြင်း (Team working Skill) ပါ။

(၅) ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဆွဲဆောင်ခြင်း နှင့် လွှမ်းမိုးနိုင်သည့် စွမ်းရည် (Negotiation, Persuasion and Influencing skills)
အခြားသူများနှင့် လုပ်ကိုင်ရာတွင် နှစ်ဦးသဘောတူ (နှစ်ဦးအကျိူးရှိသည့်) ရလဒ်ကို ရရှိအောင်လုပ်ဆောင်နိုင်ခြင်း၊ ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ ဆွဲဆောင်ခြင်း နှင့် လွှမ်းမိုးနိုင်သည့်စွမ်းရည် (Negotiation, Persuasion and Influencing skills) ပါ။

(၆) ပဋိပက္ခဖြေရှင်းခြင်း (Conflict Resolution Skill)
အခြားသူများနှင့် ပဋိပက္ခ (သို့မဟုတ်) သဘောထားမတိုက်ဆိုင်မှု ဖြစ်သည့်အခါ ကောင်းမွန်သည့် နည်းလမ်းဖြင့် ဖြေရှင်းနိုင်သော ပဋိပက္ခဖြေရှင်းခြင်း (Conflict Resolution Skill) ပါ။

(၇) ပြသနာကို  နှင့် ဆုံးဖြတ်ချက်ချခြင်း (Problem-solving and Decision-Making Skill)
အခြားသူများနှင့် လုပ်ကိုင်ရာတွင် ဖြစ်လာသည့် ပြသနာအကြောင်းအရာများကို အကောင်းဆုံးနည်းလမ်းများကို ဆုံးဖြတ်ချက်ချ လုပ်ဆောင်ပြီး ပြသာနာကို ဖြေရှင်းခြင်း နှင့် ဆုံးဖြတ်ချက်ချခြင်း (Problem-solving and Decision-Making Skill) တို့ပဲ ဖြစ်ပါတယ်။ ထို့ကြောင့် ခင်မင်နှစ်လိုဖွယ် ကောင်းတဲ့သူတစ်ယောက်ဖြစ်ဖို့ ဘယ်လို လေ့ကျင့် ပျိုးထောင်ယူလို့ရမလဲ ဆိုလျှင် အောက်ပါ နည်းလမ်းတစ်ချို့ကိုလည်း မျှဝေပေးချင်ပါတယ်။

(၁) နားထောင်တတ်အောင်‌‌ ‌လေ့ကျင့်ပါ။
နားထောင်ခြင်းဆိုတာ ကြားရခြင်းနဲ့မတူသည့်အတွက် လူတစ်ယောက် စကားပြောတဲ့အခါ တစ်ဖက်သူ ပြောတဲ့စကားလုံးတွေကို နားထောင်ရသလို သူ့ရဲ့ ကိုယ်အမူအရာကနေလည်း ဘာကိုဆိုလိုချင်လဲ၊ ပြောချင်လဲ ဆိုတာ သိနားလည်အောင် ဂရုတစိုက်ဖြင့် သေချာနားထောင်ပါ။ အာရုံစိုက်ပါ။ ဖုန်းကို ငုံ့ကြည့်နေရင်း၊ သုံးနေရင်း နားထောင်နေတာမျိုး၊ စကားပြန်ပြောတာမျိုး မလုပ်သင့်ပါ။ မတော်တဆ အရေးကြီးကိစ္စ ရှိလာခဲ့ရင် ခွင့်အရင်တောင်းပြီးမှ ဖုန်းသုံးပါ။

(၂) စကားလုံးများကို ‌ရွေးချယ်ပါ။
အခြားသူများနဲ့ စကားပြောတဲ့အခါ မိမိအသုံးပြုတဲ့ စကားလုံးများကို သတိပြုပါ။ တစ်ခါတစ်ရံမှာ စကားလုံးရွေးချယ်မှု မှားယွင်းသွားတဲ့အတွက် နားလည်မှုလွှဲတာ၊ တစ်ဖက်သူကိုစိတ်ဆိုးစေတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့်ကိုယ်စကားပြောတဲ့အခါ တစ်ဖက်သူကကိုယ်ပြောချင်တဲ့အကြောင်း အရာကို သေချာနားလည်ရဲ့လားဆိုတာ မေးခွန်းများမေးခြင်း၊ သင့်တော်သည့်စကားလုံးများ ရွေးချယ်အသုံးပြုခြင်းဖြင့် လုပ်ဆောင်နိုင်ပါတယ်။

(၃) Verbal (or) Non-verbal communication ၏ အရေးပါပုံကို သတိပြုပါ။
တစ်ခါတစ်ရံ ကျွန်ုပ်တို့ဟာ ကြောက်ရွံ့တဲ့အခါမှာ စကားမြန်မြန်ပြောတဲ့အတွက် ရှင်းရှင်းလင်းလင်း တစ်ဖက်သူကိုနားမလည်စေနိုင်ပါဘူး။ ဒါကြောင့် တည်တည်ငြိမ်ငြိမ်နဲ့ တစ်ဖက်လူမျက်လုံးကို ကြည့်ပြီး ပြုံးကာစကားပြောသင့်ပါတယ်။ ဒါမှ သင့်ရဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိမှုကိုလည်း ပြသရာရောက်ပါတယ်။ ထို့ပြင် ပြုံးရွှင်ဖော်ရွေစွာ နေတတ်ရပါတယ်။ တချို့လည်း ပင်ကိုယ်အရ မျက်နှာထား တည်တာတွေ ရှိပေမယ့် ကြည်လင်ရွှင်ပျနေတဲ့ မျက်နှာထား၊ သွက်လက်တဲ့ ပုံစံ၊ ချဉ်းကပ်လွယ်တဲ့ အမူအရာမျိုး ထားသင့်ပါတယ်။

(၄) Emotional Intelligence ကို ‌ကောင်းအောင် လုပ်ဆောင်ပါ။
Emotional Intelligence ဆိုတာ ကိုယ့်ကိုယ်ကိုနားလည်ခြင်းနဲ့ တစ်ဖက်သူရဲ့ စိတ်ခံစားချက်တွေကို နားလည်ခြင်းဖြစ်ပြီး ထိုစိတ်ခံစားချက်တွေက အပြုအမူနဲ့ စိတ်ထားပေါ်မှာ သက်ရောက်မှုတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ emotional intelligence ကိုကောင်းအောင်လုပ်ဆောင်သင့်ပါတယ်။
ထိုမှသာ ကိုယ့်ရဲ့ interpersonal skill တွေမှာ ကောင်းမွန်လာမှာပါ။

ဒါတွေကတော့ ကိုယ်ရဲ့လူမှုဘဝ၊ လုပ်ငန်းခွင် ဘဝတွေမှာပါ ဆက်ဆံရေးကောင်းမွန်ပြီး ခင်မင်နှစ်လိုဖွယ် ကောင်းတဲ့သူတစ်ယောက်ဖြစ်ဖို့ လေ့ကျင့် ပျိုးထောင်ယူသင့်တဲ့ နည်းလမ်း တချို့ ဖြစ်ပါတယ်။ တခြား တခြားသော နည်းလမ်းများလည်း ရှိပါဦးမယ်။
ထို့ကြောင့် ဒါတွေကို ပြုပြင်နိုင်လေလေ၊ လေ့ကျင့်ပျိုးထောင်နိုင်လေလေ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးများ၊ အထင်အမြင်များ၊ အပြုအမူများ ပိုကောင်းလာလေ ဖြစ်ပါတယ်။
ထို့ကြောင့် ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးများကို အချိန်ပေး၍ ဆန်းစစ်ကြည့်ပါ။ အားနည်းနေတာတွေကို ချရေးကြည့်ပါ။ ပြီးရင် တကယ်လည်း လက်တွေ့ လေ့ကျင့် ပြောင်းလဲလိုက်မယ်ဆိုရင် အချိန်တစ်ခု ကြာလာတဲ့အခါ ကိုယ်ရဲ့လူမှုဘဝ၊ လုပ်ငန်းခွင် ဘဝတွေမှာပါ ဆက်ဆံရေးကောင်းမွန်ပြီး ယခုထက် ကိုယ်ရည်ကိုယ်သွေး မြင့်မားသူတစ်ယောက် သေချာပေါက် ဖြစ်လာပါလိမ့်မည်။

အခု‌ရေးသားလိုက်သော Blog ကြောင့် စာဖတ်သူ အကျိုးရှိခဲ့ရင် ကျွန်မအနေနဲ့‌ ‌ရေးသားရကျိုးနပ်ပါပြီ။ လေးစားစွာဖြင့် အားလုံးကို ကျေးဇူးတင်ရှိပါတယ်ရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *