မင်္ဂလာပါရှင့်။
ကျွန်မနာမည်ကတော့ လဲ့ရည်ဖြိုးဖြစ်ပါတယ်။ လက်ရှိမှာ Spiceworks Myanmar Company တွင် Administration Assistant အဖြစ် လုပ်ကိုင်နေပါတယ်။ ကျွန်မတို့ Spiceworks Myanmar ကုမ္ပဏီမှာဆိုရင် တစ်ဦးတစ်ယောက်ချင်းစီက ရေးသားထားသော Blog များကိုအပတ်စဉ်တိုင်း မျှဝေပေးလေ့ရှိတာကြောင့် ကျွန်မတို့ Spiceworks Myanmar Website သို့မဟုတ် Spiceworks Myanmar Facebook Page တွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။ ဒီ Blog မှာ ကျွန်မက HR တစ်ယောက်အနေနဲ့ အလုပ်သမားများ၊ အလုပ်ရှင်များ မသိမဖြစ်သိထားသင့်တဲ့ ခွင့်ရက်၊ အလုပ်ပိတ်ရက် ဥပဒေအရ သတ်မှတ်ပြဌာန်းထားသော ခွင့်ရက်၊ အလုပ်ပိတ်ရက် အမျိုးအစားများနှင့် ခွင့်ရက် ခံစားခွင့်များ ခွဲခြားသတ်မှတ်ပုံများကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ပထမဆုံးအနေဖြင့် အလုပ်သမားဥပဒေအရ အလုပ်ပိတ်ရက် အမျိုးအစားများနှင့် ပတ်သက်၍ ခံစားခွင့်များ အကြောင်းကို မျှဝေပါမယ်။ အလုပ်ပိတ်ရက်လို့ဆိုလျှင် ကျွန်မက အခြေခံအားဖြင့် အမျိုးအစား (၂) ခု ခွဲခြားပြီး ပြောပြချင်ပါတယ်။
(၁) ရက်သတ္တပတ် အလုပ်ပိတ်ရက် နှင့်
(၂) အများပြည်သူအလုပ်ပိတ်ရက်များ ဟူ၍ ဖြစ်ပါတယ်။
(၁) ရက်သတ္တပတ် အလုပ်ပိတ်ရက်
ရက်သတ္တပတ် အလုပ်ပိတ်ရက်မှာဆိုလျှင် သက်ဆိုင်ရာဥပဒေအရ ရက်သတ္တပတ် အလုပ်ချိန်ပြည့်မှီအောင် လုပ်ခဲ့ပြီးဖြစ်လျှင် ရက်သတ္တပတ်လျှင် ပုံမှန်အားဖြင့် စနေနေ့၊ တနင်္ဂနွေနေ့ကို အလုပ်ပိတ်ရက်အဖြစ်လည်းကောင်း၊ တနင်္ဂနွေနေ့ကို အလုပ်ပိတ်ရက်အဖြစ်လည်းကောင်း၊ တစ်ပတ်လျှင် တစ်ရက် အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။ အကယ်၍ လုပ်ငန်းသဘောသဘာဝအရ၊ အလုပ်ရှင်/အလုပ်သမား သဘောတူညီချက်အရ သတ်မှတ်ပေးထားသောရက် တစ်ရက်ရက်ကို အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြသည်။ ထို့ကြောင့် ရက်သတ္တပတ် အလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရပါက တည်ဆဲ အလုပ်သမားဥပဒေများနှင့်အညီ လုပ်ခ (သို့) အစားထိုး ခွင့်ရက်အဖြစ် ခံစားခွင့်များရှိသည်။
(၂) အများပြည်သူအလုပ်ပိတ်ရက်များ
အများပြည်သူအလုပ်ပိတ်ရက်မှာဆိုလျှင် ပြည်ထောင်စုအစိုးရက နှစ်စဉ် အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ကြေငြာသည့် အများပြည်သူရုံးပိတ်ရက်များကို ခေါ်ပါသည်။ အကယ်၍ အများပြည်သူရုံးပိတ်ရက်များနှင့် ရက်သတ္တပတ် အလုပ်ပိတ်ရက်များသည် တိုက်ဆိုင်နေပါက ထိုရက်သတ္တပတ် အလုပ်ပိတ်ရက်များကို အများပြည်သူအလုပ်ပိတ်ရက်များအဖြစ် သတ်မှတ်သည်။
ထို့ကြောင့် အများပြည်သူအလုပ်ပိတ်ရက်များတွင် အလုပ်လုပ်ပါက ထိုနေ့ကို ပေးမြဲနှုန်းအတိုင်း (သို့) ပေးမြဲနှုန်းထား၏ နှစ်ဆအဖြစ် သတ်မှတ်ထားသည်။ လုပ်ငန်းသဘောသဘာဝအရ သတ်မှတ်ချက်တွေတော့ မတူညီနိုင်ပါ။ ဆက်လက်၍ ရက်သတ္တပတ် အလုပ်ပိတ်ရက်များ၊ အများပြည်သူအလုပ်ပိတ်ရက်များကြား ရုံးတက်ရက်တွေရှိတဲ့အခါ ဝန်ထမ်းတွေ ခွင့်ယူမည်ဆိုလျှင် ခွင့်ရက်ဥပဒေအရ ခွင့်ရက်အဖြစ် ဘယ်လို ခွဲခြားသတ်မှတ်ထားလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
(၁) အပတ်စဉ်အလုပ်ပိတ်ရက်ကို ထိပ်ပိတ်၊ နောက်ပိတ်ဖြင့် ခွင့်ယူခြင်း
ဝန်ထမ်းများ အပတ်စဉ်အလုပ်ပိတ်ရက်မတိုင်ခင်ကစတင်၍ အလုပ်ပိတ်ရက်ပြီး နောက်တစ်ရက်အထိ ခွင့်ယူမည်ဆိုလျှင် အလုပ်ပိတ်ရက်နှင့်ခွင့်ရက် ဥပဒေအရ ကြားထဲမှာ ရှိနေတဲ့အလုပ်ပိတ်ရက်များကိုပါ ခွင့်ရက်အဖြစ်သတ်မှတ်မှာ ဖြစ်ပါတယ်။
ဥပမာ – အပတ်စဉ်အလုပ်ပိတ်ရက်က စနေနေ့၊ တနင်္ဂနွေနေ့ဆိုပါက စနေနေ့မရောက်ခင် သောကြာနေ့ နှင့် တနင်္ဂနွေနေ့ပြီးနောက်ရက် တနင်္လာနေ့ကို ခွင့်ယူပါက ထို (၄) ရက်သည် ခွင့်ရက်ဖြစ်သွားမှာ ဖြစ်ပါတယ်။
(၂) အပတ်စဉ် အလုပ်ပိတ်ရက်ကြားထဲတွင် ခွင့်ယူခြင်း
အပတ်စဉ်ရုံးပိတ်ရက်စနေနေ့၊ တနင်္ဂနွေနေ့ ပြီး နောက်တနင်္လာနေ့ကစ၍ နောက်အပတ်ရုံးပိတ်ရက် စနေနေ့၊ တနင်္ဂနွေနေ့ အထိ ခွင့်ယူမယ်ဆိုပါက နောက်အပတ်ရုံးပိတ်ရက်ကို ဥပဒေအရ ခွင့်ရက်အဖြစ်သတ်မှတ်မှာ ဖြစ်ပါတယ်။
(၃) အများပြည်သူအလုပ်ပိတ်ရက်ကို ရှေ့နောက်ပိတ်၍ ခွင့်ယူခြင်း
အများပြည်သူအလုပ်ပိတ်ရက်မတိုင်ခင်ကစပြီး အများပြည်သူအလုပ်ပိတ်ရက်ပြီး နောက်တစ်ရက်အထိ ရှေ့နောက်ပိတ်ခွင့်ယူမည်ဆိုလျှင် ကြားထဲက အများပြည်သူအလုပ်ပိတ်ရက်ကို ဥပဒေအရ ခွင့်အဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ်။ အထက်တွင် ဖော်ပြခဲ့သော အကြောင်းအရာ (၃)မျိုးသည် ရက်သတ္တပတ် အလုပ်ပိတ်ရက်များ၊ အများပြည်သူအလုပ်ပိတ်ရက်များကြား ရုံးတက်ရက်တွေရှိတဲ့အခါ ဝန်ထမ်းတွေ ခွင့်ယူမည်ဆိုလျှင် အလုပ်ပိတ်ရက်၊ ခွင့်ရက် ဥပဒေအရ ခွင့်ရက်အဖြစ် သတ်မှတ်ထားကြောင်း ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ ထို့ပြင် ရက်သတ္တပတ် အလုပ်ပိတ်ရက်များ၊ အများပြည်သူအလုပ်ပိတ်ရက်များကြား ရုံးတက်ရက်တွေရှိတဲ့အခါ ဝန်ထမ်းတွေ ခွင့်ယူမည်ဆိုလျှင် ဥပဒေအရ ခွင့်ရက်အဖြစ် သတ်မှတ်၍မရသောရက်များကိုလည်း မျှဝေပေးချင်ပါတယ်။
(၁)အပတ်စဉ်အလုပ်ပိတ်ရက်၏ ရှေ့တွင်ဖြစ်စေ၊ နောက်တွင်ဖြစ်စေ ခွင့်ယူခြင်း
ရက်သတ္တပတ်ရဲ့ ပထမဆုံးရုံးဖွင့်ရက်ကို ခွင့်ယူခြင်း သို့မဟုတ် ခွင့်ယူထားပြီးနောက်တစ်ရက်ကအလုပ်ပိတ်ရက်ဖြစ်နေမည်ဆိုလျှင် ကြားထဲက ရုံးပိတ်ရက်တွေကို ဥပဒေအရ ခွင့်ရက်အဖြစ် သတ်မှတ်၍ မရပါ။
(၂) အများပြည်သူအလုပ်ပိတ်ရက်၏ ရှေ့ရက် သို့မဟုတ် နောက်ရက်တွင် ခွင့်ယူခြင်း
အများပြည်သူအလုပ်ပိတ်ရက် မတိုင်ခင်ရက် သို့မဟုတ် အများပြည်သူအလုပ်ပိတ်ရက်ပြီး နောက်တစ်ရက်တွင် ခွင့်ယူမည်ဆိုလျှင် အများပြည်သူအလုပ်ပိတ်ရက်ကို ဥပဒေအရ ခွင့်ရက်အဖြစ် သတ်မှတ်၍ မရပါ။ ဆက်လက်၍ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်ဥပဒေအရ ခွင့် အမျိုးအစားများ၊ ခွင့် နှင့် ပက်သက်၍ သတ်မှတ်ထားသော ခံစားခွင့်များကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ခွင့်ရက်နှင့်အလုပ်ပိတ်ရက် ဥပဒေအရ ခွင့် အမျိုးအစားများဟုဆိုလိုက်လျှင်
(၁) လုပ်သက်ခွင့် (Earned Leave or Annual Leave)
(၂) ရှောင်တခင်ခွင့် (Casual Leave)
(၃) ဆေးလက်မှတ်ခွင့် (Medical Leave)
(၄) မီးဖွားခွင့် (Maternity Leave) တို့ ပါဝင်ပါတယ်။
(၁) လုပ်သက်ခွင့် (Earned Leave or Annual Leave)
ဝန်ထမ်း သို့မဟုတ် အလုပ်သမားသည် အနည်းဆုံးလုပ်သက် (၁) နှစ်ရှိလျှင် ဥပဒေအရ လုပ်သက်ခွင့် (၃၀) ရက် ခံစားခွင့်သတ်မှတ်ထားသည်။ ထို့ပြင် ထို လုပ်သက်ခွင့်ကိုလည်း တစ်ဆက်တည်း ခံစားခွင့် ရှိပါသည်။ သို့သော် ဝန်ထမ်းသည် လုပ်သက် (၁နှစ်) တွင် လတိုင်း အနည်းဆုံး ရက် (၂၀) ပြည့်အောင် အလုပ်ဆင်းရမှာ ဖြစ်ပါတယ်။ ရက် (၂၀) မပြည့်သော လတိုင်းအတွက် မိမိလုပ်သက်ခွင့်မှ တစ်ရက်ကျစီအဖြတ်ခံရမှာ ဖြစ်ပါတယ်။ လုပ်သက်ခွင့်ကို အလုပ်ရှင်၊ အလုပ်သမား သဘောတူလျှင် (၃) နှစ်အထိ စုထားလို့ရပါတယ်။ အကယ်၍ လုပ်သက်ခွင့်ရရှိထားသော ဝန်ထမ်းသည် ထိုခွင့်မရယူရသေးခင် အလုပ်ထွက်ခြင်း (သို့မဟုတ်) အလုပ်မှထုတ်ပယ်ခံရခြင်း သို့မဟုတ် သေဆုံးပါက အလုပ်ရှင်မှ ငွေကြေးအနေဖြင့် ပြန်လည်၍ထုတ်ပေးရမှာ ဖြစ်ပါတယ်။
(၂) ရှောင်တခင်ခွင့် (Casual Leave)
ဝန်ထမ်း သို့မဟုတ် အလုပ်သမားသည် အလုပ်စဝင်တာနဲ့ ဥပဒေအရ ရှောင်တခင်ခွင့် တစ်နှစ်လျှင် စုစုပေါင်း (၆) ရက် ခံစားခွင့်ရရှိပါတယ်။ သို့သော် ဝန်ထမ်းသည် ခရီးဝေးသွားရန်အကြောင်း (သို့မဟုတ်) မိမိကိုးကွယ်သည့် ဘာသာဓလေ့အစဉ်အလာရ အကြောင်းထူးမှတပါး တစ်ကြိမ်လျှင် အများဆုံး (၃) ရက် ထက်ပိုယူ၍ မရကြောင်း သတ်မှတ်ထားသည်။ ရှောင်တခင်ခွင့်ကို အခြားမည်သည့်ခွင့်ရက်အမျိုးမျိုးနှင့်မှ ပေါင်းစပ်၍ ခွင့်ယူမရပါ။
ထို့အပြင် ဝန်ထမ်းသည် ရှောင်တခင်ခွင့်ကို သက်ဆိုင်ရာနှစ်အတွင်းမယူလျှင် ထိုခွင့်ရက်များသည် နောက်နှစ်သို့ ထပ်ပေါင်းတိုး၍မရဘဲ အလိုအလျောက် ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။
(၃) ဆေးလက်မှတ်ခွင့် (Medical Leave)
ဆေးလက်မှတ်ခွင့်ကို ဝန်ထမ်းတိုင်း တစ်နှစ်လျှင် ရက်ပေါင်း (၃၀) ခံစားခွင့်သတ်မှတ်ထားပါတယ်။ အကယ်၍ လုပ်သက် (၆) လမပြည့်သေးပါက ဆေးလက်မှတ်ခွင့် ရက်ပေါင်း (၃၀) သည် လစာမဲ့အဖြစ်သာယူ၍ ရမှာ ဖြစ်ပါတယ်။ ထို့ပြင် ဆေးလက်မှတ်ခွင့်ကို သက်ဆိုင်ရာနှစ်အတွင်းမယူလျှင် ထိုခွင့်ရက်များသည် နောက်နှစ်သို့ ထပ်ပေါင်းတိုး၍မရဘဲ အလိုအလျောက် ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။ဥပဒေအရ ဆေးလက်မှတ်ခွင့်ကို လုပ်သက်ခွင့်ရက်နဲ့ တစ်ဆက်တည်း ခံစားခွင့်ရှိပါတယ်။
(၄) မီးဖွားခွင့် (Maternity Leave)
ဥပဒေအရ ကိုယ်ဝန်ဆောင် အမျိုးသမီးဝန်ထမ်းတွေအနေဖြင့် မီးမဖွားမီ ရက်သတ္တပတ် (၆) ပတ် နှင့် မီးဖွားပြီး ရက်သတ္တပတ် (၈) ပတ် ကို လစာငွေဖြတ်တောက်ခြင်းမရှိဘဲ မီးဖွားခွင့်အဖြစ် သတ်မှတ်ထားပါတယ်။ ဥပဒေအရ မီးဖွားခွင့်ရက်များကိုလည်း ဆေးလက်မှတ်ခွင့်ရက်များနှင့် ဆက်စပ်ခံစားခွင့် ပြုထားပါတယ်။
ထို့ကြောင့် လုပ်ငန်းခွင်ဝင်နေကြသော ဝန်ထမ်းတိုင်း သိထားသင့်သော အလုပ်ပိတ်ရက် နှင့် ခွင့်ရက်ဥပဒေအရ အလုပ်ပိတ်ရက်များနှင့် ပတ်သက်၍ ခွင့်ရက်များ၊ ခွင့်အမျိုးအစားများ၊ ခံစားခွင့်များအကြောင်းကို အားလုံးလဲ သိရှိသွားကြမယ်လို့ ထင်ပါတယ်။
ကျေးဇူးတင်ပါတယ်။