Others

What do you need to start a company?

မင်္ဂလာပါရှင့်။

ကျွန်မကတော့ Spiceworks Myanmar မှ အိဖြိုးမွန် ဖြစ်ပါတယ်။ ဒီတစ်ပတ် ရေးသားမျှဝေပေးချင်တဲ့ ခေါင်းစဉ်လေးကတော့ “ကုမ္ပဏီတစ်ခု တည်ထောင်ဖို့ ဘာတွေ လိုအပ်မလဲ” ဆိုတဲ့ အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။

၂၀၁၇ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ပေါ်ပေါက်လာပြီး Online စနစ်စတင်ချိန်မှစ၍ Online Shopping လုပ်ငန်း အသေးစားလေးတွေနဲ့  အခြားတစ်နိုင်တပိုင် စီးပွားရေးလုပ်ငန်းငယ်လေးများဟာ နိုင်ငံခြားမှ ပစ္စည်းတွေ တင်သွင်းရန်နှင့် နိုင်ငံခြားကို ပစ္စည်းတွေ တင်ပို့ဖို့အခြားကုမ္ပဏီများနဲ့ လုပ်ငန်းကိစ္စတွေ ဆက်သွယ် ဆောင်ရွက်ရာမှာ မျက်နှာပန်း လှစေဖို့အတွက် မိသားစုလုပ်ငန်း၊ တစ်နိုင်တပိုင် လုပ်ငန်းငယ်လေးများမှသည် ကုမ္ပဏီအသွင်သို့ ကူးပြောင်းပြီး ဖွဲ့စည်းတည်ထောင်လာကြပါတယ်။

အချို့သော ခရီးသွားလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ Money changer လုပ်ငန်း၊ တင်ဒါလုပ်ငန်းများ၊ သတ္တုတူးဖော်ရေး လုပ်ငန်းများ၊ အလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှုလုပ်ငန်းများ အစရှိတဲ့ အမျိုးမျိုးသော လုပ်ငန်းတွေကို လုပ်ကိုင်လိုသူများဟာလည်း လုပ်ငန်းလိုအပ်ချက်အရ ကုမ္ပဏီတစ်ခုကို တည်ထောင်ပြီး လုပ်ငန်းများ လုပ်ကိုင်လာကြပါတယ်။ အခုချိန်မှာ ကုမ္ပဏီတစ်ခုကို တည်ထောင်ဖို့ အရင်လို သိန်းဆယ်ဂဏန်း အကုန်ခံစရာ မလိုတော့တဲ့အပြင် ရုံးသို့ လူကိုယ်တိုင် သွားလုပ်စရာလည်း မလိုတော့ပဲ Online ကနေ လွယ်ကူရိုးရှင်းစွာဖြင့် ကုမ္ပဏီတစ်ခုကို လွယ်လွယ်နဲ့ တည်ထောင်လို့ ရနေကြပါပြီ။

နောက်တစ်ခုအနေနဲ့က ကုမ္ပဏီ မတည်ထောင်ခင် သိရှိထားရမည့်အချက်များကို ပြောပြပေးသွားပါမယ်။

ကုမ္ပဏီ မတည်ထောင်ခင် ကြိုတင်သိရှိထားရမယ့် အချက်အလက်များ

(၁) DICA fees မြန်မာငွေ ၁၅၀,၀၀၀ ကျပ် သွင်းတာနဲ့ ကုမ္ပဏီ အမည်တူမရှိရင် အချိန်ပိုင်းအတွင်း DICA အသိအမှတ်ပြု ကုမ္ပဏီ မှတ်ပုံတင်လက်မှတ် ရရှိမှာဖြစ်ပါတယ်။

(၂) Private company (၁) ခုအတွက် Director (၁) ယောက်ကနေ အယောက် (၅၀) အထိ ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

(၃) Share ဝင်တွေရဲ့ မတည်ငွေ ပါဝင်မှုအချိုးအားဖြင့် မြန်မာကုမ္ပဏီ တစ်ခုတွင် နိုင်ငံခြားသားတွေကို (၃၅%) အထိ ပါဝင်ခွင့်ပြုနိုင်ပြီး၊ (၃၅%) အထက် ပိုမိုခဲ့ပါက နိုင်ငံခြားကုမ္ပဏီ အဖြစ် DICA မှ သတ်မှတ်သွားမည် ဖြစ်ပါသည်။

(၄) Capital amount တွေ share အချိုးတွေကို မိမိလုပ်ငန်းပေါ်မူတည်ပြီး ထားရှိပေးရမှာ ဖြစ်ပါတယ်။

(၅) ဒါရိုက်တာရာထူးနှင့် ရှယ်ယာရှင်ဟူ၍ DICA တွင် တည်ရှိရာ ပါဝင်သူများသည် ဒါရိုက်တာ ရာထူးအနေနဲ့ရော မန်ဘာဝင်အနေနဲ့ပါ ပါဝင်နိုင်သလို၊ ဒါရိုက်တာ၊ ရှယ်ယာရှင်အနေဖြင့်လည်း ပါဝင်နိုင်ပါတယ်။

(၆) Company Registration ကျပီး နှစ်လအတွင်း မိမိဆောင်ရွက်မယ့် လုပ်ငန်းရွေးချယ်ပေးရပြီး နှစ်စဉ်အစီရင်ခံစာ (annual return) စတင် တင်သွင်းပေးရမှာ ဖြစ်ပါတယ်။

(၇) ဒီနေရာမှာတော့ DICA က သတ်မှတ်ပေးထားတဲ့ လုပ်ငန်းအမျိုးအစား (၉၉) မျိုးထဲကနေ မိမိလုပ်ကိုင်မည့်လုပ်ငန်း အမျိုးအစားများကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

(၈) နောက်ပိုင်းတွေအတွက် နှစ်စဉ်အစီရင်ခံစာကို (၁) နှစ် (၁) ကြိမ် တင်သွင်းပေးရမှာ ဖြစ်ပါတယ်။ Online system အနေနဲ့သွားနေတာဖြစ်တာကြောင့် အချိန်နောက်ကျတာနဲ့ late fees တွေပါလာမှာ ဖြစ်ပါတယ်။ Annual Return fees ကတော့ DICA ကို မြန်မာငွေ ၅၀,၀၀၀ ကျပ် သွင်းပေးရမှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ကုမ္ပဏီ လိုင်စင်လျှောက်ရန်အတွက် လိုအပ်သော အချက်အလက်များပဲ ဖြစ်ပါတယ်။ ထိုအချက်အလက်များက အချိန်အခါအားလျော်စွာ အပြောင်းအလဲ ရှိနိုင်ပါတယ်။

  • ကုမ္ပဏီ လိုင်စင်လျှောက်ရန် လိုအပ်သော အချက်အလက်များ

(၁) ကုမ္ပဏီ အမည်
(၂) ရုံးခန်းလိပ်စာ (English)
(၃) ကုမ္ပဏီဖုန်းနံပါတ်
(၄) ကုမ္ပဏီ မတည်ငွေရင်း
(၅) ဒါရိုက်တာများ နှင့် ရှယ်ယာရှင်များ၏ အမည်
(၆) ထည့်ဝင်မည့် ရှယ်ယာပမာဏ
(၇) မှတ်ပုံတင်အမှတ်
(၈) နေရပ်လိပ်စာ
(၉) အီးမေးလ်လိပ်စာ
(၁၀) ဒါရိုက်တာများ၏ မှတ်ပုံတင် Pdf, Softcopy တို့ဖြစ်ပါတယ်။

ကုမ္ပဏီတည်ထောင်ပြီး နောက်ပိုင်းမှာ ဥပဒေအရလုပ်ဆောင်ရမယ့် ကိစ္စရပ်တွေနှင့် ကုမ္ပဏီလုပ်ငန်းတွေကို  ဥပဒေနဲ့ညီညွတ်စွာ လုပ်ကိုင်နိုင်ရန်အတွက် အပြောလွယ်သလောက် အလုပ်မလွယ်ကြတော့ပါဘူး။ ကုမ္ပဏီတစ်ခု မှတ်ပုံတင်ပြီးပြီဆိုတာနဲ့ ကုမ္ပဏီမှာ ပါဝင်တဲ့ ဒါရိုက်တာများဟာလည်း ၎င်းတို့လိုက်နာရမယ့် တာဝန်များကိုကောင်းစွာ သိရှိပြီးလိုက်နာ ဆောင်ရွက်ဖို့ကလည်း အရေးကြီးပါတယ်။

နောက်တစ်ခုသတိပြုရမှာက  အခွန်ကိစ္စတွေပါ။

(က) ကုမ္ပဏီများမှ သက်ဆိုင်ရာ ကုမ္ပဏီများအလိုက် အခွန်ရုံးတွေမှာ (၁) နှစ်လျှင် (၁) ကြိမ် မိမိကုမ္ပဏီရဲ့အရှုံး၊ အမြတ်တွေကို စာရင်းစစ်တွေနဲ့ ဆွဲထားတဲ့ အခွန်စာရင်းတွေကို သတ်မှတ်ထားသော နှစ်များအလိုက် ရှင်းလင်းဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

(ခ) နောက်ပိုင်း ကုမ္ပဏီ နာမည်ပြောင်းလဲချင်တာတွေ၊ ဒါရိုက်တာ အတိုးအလျော့ ဆောင်ရွက်တာတွေ၊ ကုမ္ပဏီလိပ်စာ ပြောင်းလဲချင်တာတွေ အစရှိတာတွေအတွက် အခကြေးငွေများပေးသွင်းပီး ဆောင်ရွက်လို့ရမှာ ဖြစ်ပါတယ်။

အခြေခံသဘောတရားအားဖြင့် ကုမ္ပဏီတစ်ခု မှတ်ပုံတင်ပြီးနောက်ပိုင်းမှာ မိမိရဲ့ကုမ္ပဏီ ဆက်လက် ရပ်တည်နိုင်ဖို့အတွက် ကုမ္ပဏီ မှတ်ပုံတင်ပြီးချိန်မှစပြီး ရက်ပေါင်း (၆၀) အတွင်း ပထမဆုံးတစ်ကြိမ်နဲ့ နောက်ပိုင်းလျှင် တစ်နှစ်တစ်ကြိမ် (AR Due Date) မတိုင်မီတိုင်းမှာ DICA သို့ Annual Return (နှစ်စဉ်အစီရင်ခံစာ) ကို မပျက်မကွက် တင်ပြရမှာ ဖြစ်ပါတယ်။ အကယ်၍ပျက်ကွက်ခဲ့မယ်ဆိုရင် ကုမ္ပဏီဟာ Directorate of Investment and Company Administration (DICA) မှ သတ်မှတ်ထားသော ဒဏ်ကြေးများကို ပေးဆောင်ရမှာဖြစ်ပြီး AR တင်ရန်ပျက်ကွက်နေတဲ့ ကုမ္ပဏီမှ ဒါရိုက်တာများဟာလည်း နောက်ထပ် ကုမ္ပဏီအသစ်တစ်ခုကို ထပ်မံ မှတ်ပုံတင်လို့ မရနိုင်တော့တဲ့အတွက် ဆုံးရှုံး နစ်နာမှုတွေ အများကြီးရှိလာနိုင်တာကြောင့် သတိထားဆောင်ရွက်သင့်ပါတယ်။

ကုမ္ပဏီ စတင်တည်ထောင်ချိန်မှစပြီး နှစ်စဉ် အခွန်ဘဏ္ဍာရေးနှစ်အလိုက် သက်ဆိုင်ရာ ကုမ္ပဏီများ အခွန် ရုံးသို့ မိမိတို့ကုမ္ပဏီရဲ့ အရှုံး၊ အမြတ် နှစ်ချုပ်စာရင်းများကို လုပ်ငန်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဝင်ငွေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မဖြစ်မနေတင်ပြဖို့အတွက် တာဝန်ရှိပါတယ်။
တကယ်လို့ ကုမ္ပဏီအနေနဲ့ ပျက်ကွက်နေခဲ့မယ်ဆိုရင် ပျက်ကွက်နေတဲ့ ဘဏ္ဍာရေးနှစ်အလိုက် နှစ်စဉ် ဒဏ်ကြေးကျသင့်နေမှာဖြစ်လို့ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ကုမ္ပဏီဟာ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းများ ဆက်လက် မလုပ်ကိုင်ဖြစ်တော့လို့ ကုမ္ပဏီကို ဖျက်သိမ်းမယ်ဆိုရင်လည်း ကုမ္ပဏီ တည်ထောင်စဉ်ကလို မလွယ်ကူတော့ပဲ ဥပဒေအရဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် များကို အချိန်ကိုက်ဆောင်ရွက်ရမှာ ဖြစ်သလို ကိုယ်တိုင်လည်း ဖျက်သိမ်းလို့မရနိုင်ပါ။ လုပ်ငန်းလိုအပ်ချက်အရ ကုမ္ပဏီတစ်ခုကို တည်ထောင်တော့မယ်ဆိုရင် သေချာစဉ်းစား ချင့်ချိန်ပြီးမှ တည်ထောင်ဖို့လိုသလို ကုမ္ပဏီဥပဒေကို သေချာ နားလည် တတ်ကျွမ်းဖို့ကလည်း အရေးကြီးပါတယ်။ တကယ်လို့ မိမိအတွက် သိပ်မရင်းနှီးလျှင် ယခုနောက်ပိုင်းတွင် တာဝန်ယူဖြေရှင်းပေးနေသော အဖွဲ့အစည်းများထံ အပ်နှံပြီး ဆောင်ရွက်နိုင်ပါတယ်။

နောက်တစ်ခုအနေနဲ့ ဝေမျှပေးချင်တာကတော့ ကုမ္ပဏီဖျက်သိမ်းတဲ့အပိုင်းပါ။ စာရင်းရှင်းလင်း ဖျက်သိမ်းမယ့် ကုမ္ပဏီများ အားလုံးဟာ ယခင်ကလို မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနဲ့ စာရင်းရှင်းလင်းဖျက်သိမ်းလို့ မရနိုင်တော့ပဲ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေနဲ့သာစာရင်းရှင်းလင်း ဖျက်သိမ်းရတော့မှာ ဖြစ်ပါတယ်​။ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေနဲ့ ကုမ္ပဏီကို ဖျက်သိမ်းတာဆိုပေမယ့်လည်း ကုမ္ပဏီဖျက်သိမ်းတာနဲ့ လူမွဲခံယူဖို့ မလိုအပ်ပါ။ ကုမ္ပဏီ ဖျက်သိမ်းတာနဲ့ လူမွဲခံယူဖို့ လို၊ မလိုဆိုတာကို အခြေအနေ (၂)ခုဖြင့် သုံးသပ်ရပါမယ်။

၁။ ကြွေးမြီကင်းရှင်းတယ် (ဒါမှမဟုတ်) ကြွေးမြီရှိတယ်။ အပြည့်အဝ ပေးဆပ်နိုင်တယ်။ ကြွေးမြီပေးဆပ်နိုင်ရင် Solvency လို့ခေါ်ပြီး လူမွဲမဖြစ်ပါ။
၂။ ကြွေးမြီရှိတယ် မပေးဆပ်နိုင်ဘူး။ ကြွေးမြီမပေးဆပ်နိုင်ရင် Insolvency လို့ခေါ်ပြီး လူမွဲဖြစ်ပါတယ်။

  • ကုမ္ပဏီတစ်ခုကို အောက်ဖော်ပြပါ နည်းလမ်းများနဲ့ ဖျက်သိမ်းနိုင်ပါတယ်။ 

(က) ကုမ္ပဏီတွင် ပါဝင်သူများ ဆန္ဒအလျောက် ဖျက်သိမ်းခြင်း။ (Members’ Voluntary Winding Up) နဲ့
(ခ) မြီးရှင်များ​၏ ဆန္ဒအလျောက် ဖျက်သိမ်းခြင်း (Creditors’ Voluntary Winding Up) ဆိုပြီး အခြေအနေ (၂) မျိုး ရှိနိုင်ပါတယ်။

၁။ ဆန္ဒအလျောက် ဖျက်သိမ်းခြင်း။ (Voluntary Winding Up) 

(က) ကုမ္ပဏီတွင် ပါဝင်သူများ ဆန္ဒအလျောက် ဖျက်သိမ်းရာမှာ ကုမ္ပဏီဟာ ကြွေးမြီ ကင်းရှင်းရပါမယ်။

(ခ) ကြွေးမြီရှိတယ်ဆိုရင်လည်း အပြည့်အဝ ပြန်လည် ပေးဆပ်နိုင်ရပါမယ်။

(ဂ) ကုမ္ပဏီမှာပါဝင်တဲ့ ရှယ်ယာရှင်များအားလုံးဟာ ကုမ္ပဏီကိုဖျက်သိမ်းဖို့ သဘောတူညီမှု ရှိရပါမယ်။

(ဃ) ဒါမှမဟုတ် မြီးရှင်များရဲ့ဆန္ဒနဲ့လည်း ကုမ္ပဏီကို ဖျက်သိမ်းနိုင်ပါတယ်။

၂။ တရားရုံးကဖျက်သိမ်းခြင်း။ (Winding up by the court)
ကုမ္ပဏီတစ်ခုဟာ ဆန္ဒအလျောက် ဖျက်သိမ်းခြင်း မပြုလုပ်မှီ မြီးရှင်တစ်ဦးဦးက (သို့မဟုတ်) ကုမ္ပဏီတွင်ပါဝင်သူ တစ်ဦးဦးက (သို့မဟုတ်) ကြွေးမြီပေးဆပ်ရမည့်သူ တစ်ဦးဦးက (သို့မဟုတ်) မှတ်ပုံတင်အရာရှိက (သို့မဟုတ်) နစ်နာသူတစ်ဦးဦးက ကုမ္ပဏီအား ဖျက်သိမ်းပေးဖို့ အတွက် တရားရုံးကို လျှောက်ထားနိုင်ပြီး တရားရုံးအမိန့်နဲ့ ကုမ္ပဏီကို ဖျက်သိမ်းနိုင်ပါတယ်။

၃။ တရားရုံး​၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဖျက်သိမ်းခြင်း။ (Subject to the supervision of the court)

ကုမ္ပဏီတစ်ခုဟာ ဆန္ဒအလျောက် ဖျက်သိမ်းဖို့အတွက် အထူးအစည်းအဝေး ဆုံးဖြတ်ချက် ချမှတ်ပြီးနောက် ဆန္ဒအလျောက် ဖျက်သိမ်းနေစဉ် အတွင်း မြီးရှင် တစ်ဦးဦးက (သို့မဟုတ်) ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦးက (သို့မဟုတ်) ကြွေးမြီ ပေးဆပ်ရမည့်သူ တစ်ဦးဦးက ကုမ္ပဏီအား တရားရုံးရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ဖျက်သိမ်းပေးဖို့ လျှောက်ထားလာခဲ့တဲ့အခါ တရားရုံး၏ ကြီးကြပ်ကွပ်ကဲမှုနဲ့သာ ဖျက်သိမ်းရမှာ ဖြစ်ပါတယ်။

ကုမ္ပဏီတည်ထောင်ဖို့အတွက် အဆင့်ဆင့် သေချာနားလည်မှသာ ဆောင်ရွက်သင့်ပြီး လိုအပ်တဲ့ အကြောင်းအရာများကိုတော့ https://www.myco.dica.gov.mm/ တွင်လည်း ဝင်ရောက် လေ့လာနိုင်ပါတယ်။ အခုပြန်လည်ဝေမျှပေးခဲ့တဲ့ ​အကြောင်းအရာကိုတော့ Consultant Service Page တွေကတဆင့် လေ့လာထားတာဖြစ်ပြီး ကျွန်မသိထားသမျှ အနည်းငယ်ကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ စာဖတ်ပရိသတ်များကို ကျေးဇူးတင်ပါတယ်ရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *