အားလုံးပဲ မင်္ဂလာပါ ခင်ဗျ။
ကျွန်တော်ကတော့ Spiceworks Myanmar မှာ Junior Backend Developer အဖြစ်ဝင်ရောက်လုပ်ကိုင်နေတဲ့ မောင်ဝေလျံပြည့် ဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော်အခု မျှဝေပေးသွားမယ့် အကြောင်းအရာလေးကတော့ Blockchain ဆိုတဲ့ နည်းပညာအကြောင်း ဖြစ်ပါတယ်။
ကျွန်တော် Blockchain လို့ခေါ်တဲ့ နည်းပညာအကြောင်းကို မျှဝေပေးချင်ပါတယ်။ လူတိုင်း သိသင့်လာပြီဖြစ်တာကြောင့် ကျွန်တော်လေ့လာထားသလောက်ကို ပြန်ပြီးမျှဝေသွားမှာဖြစ်ပါတယ်။
ဒါဆို Blockchain ဆိုတာဘာလဲ? Blockchain ဆိုတာကတော့ အချက်အလက်တွေကို ဖြန့်ဝေ စာရင်းပြုစု သိမ်းဆည်းသိုလှောင်ပေးတဲ့ စနစ်တစ်ခု (Distributed Ledger) ဖြစ်ပြီးတော့ ကျွန်တော်တို့ပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှု (Assets) တွေကို Digital Form အဖြစ်နဲ့ အရောင်းအဝယ် အဝင်အထွက်အချက်အလက် (Transactions) တွေကို သိမ်းဆည်းပေးတာ ဖြစ်ပါတယ်။ အဲ့လိုသိမ်းတဲ့နေရာမှာ Blockchain က ပုံမှန်အချက်အလက်တွေ သိမ်းတဲ့အတိုင်း Centralized မဟုတ်ဘဲနဲ့ သိမ်းလိုက်တဲ့ Transactions တွေရဲ့အကြောင်းအရာကို တစ်ဦးတစ်ယောက်ကပဲ ဝင်ကြည့်လို့ရတာမျိုးမဟုတ်ဘဲနဲ့ ပွင့်လင်းမြင်သာစွာ ဘယ်သူက ဘယ်သူ့ကို ပမာဏဘယ်လောက် လွှဲလိုက်တယ်ဆိုတာကို ကြည့်နိုင်ပါတယ်။ အဲ့လိုမျိုးကို Decentralization လို့ခေါ်ပါတယ်။ Decentralization ဆိုတာကတော့ တစ်ခုခုကို အဖွဲ့အစည်းတစ်ခု (သို့) တစ်စုံတစ်ယောက်တည်းကပဲ ထိန်းချုပ်ထားတာမျိုးမဟုတ်ဘဲနဲ့ လူတွေအများကြီးက ထိန်းချုပ်ထားတာမျိုးကို ပြောချင်တာဖြစ်ပါတယ်။ ဥပမာ- ကျွန်တော်တို့ ဘဏ်တွေမှာဆိုရင် ကိုယ့်ရဲ့ပိုင်ဆိုင်တဲ့ပိုင်ဆိုင်မှုတွေကို သုံးချင်တာပဲဖြစ်ဖြစ်၊ လွှဲပြောင်းချင်တာပဲဖြစ်ဖြစ် သူတို့ရဲ့တာဝန်ရှိတဲ့သူရဲ့ခွင့်ပြုချက်ကို ဒီပိုင်ဆိုင်မှုကိုအသုံးပြုဖို့ တောင်းခံရပါတယ်။ အဲ့ဒါက ဘာကိုဆိုလိုတာလဲဆိုတော့ Centralization ကိုဆိုလိုတာပါ။ ကိုယ်ပိုင်ဆိုင်တဲ့ပိုင်ဆိုင်မှုတွေကို ယုံယုံကြည်ကြည်နဲ့အပ်နှံထားပေမယ့် ပြန်လည်ထုတ်ယူချင်တဲ့အခါမှာ ကိုယ်အပ်နှံထားတဲ့ ဘဏ်က Government (သို့) တစ်စုံတစ်ယောက်က ထိန်းချုပ်ထားလိုက်တာကြောင့် လိုချင်တဲ့အချိန်မှာ ကိုယ်လိုသလို အသုံးမပြုနိုင်တာမျိုးပါ။ Blockchain ရဲ့လုပ်ဆောင်နိုင်စွမ်းတွေက ဘာတွေဖြစ်မလဲ? သူက Programmable ဖြစ်တယ်။ ဘာကိုဆိုလိုချင်တာလဲဆိုတော့ ဒီ Blockchain Network ပေါ်မှာ အပြင်လူ့ဘောင်ဘဝမှာ(IRL) ရောင်းသူဝယ်သူတွေ သဘောတူစာချုပ် ချုပ်ဆိုသလိုမျိုး Smart Contract လို့ခေါ်တဲ့ program ရေးသားပြီး မှတ်တမ်းတင်ထားနိုင်တာဖြစ်ပါတယ်။ နောက်ထပ်လုပ်ဆောင်နိုင်စွမ်းကတော့ Security ပိုင်းနဲ့ပတ်သက်ပြီး သူကတော်တော်လေးကို အာမခံချက်ပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ Blockchain Network ပေါ်မှာတင်ပြီးသား အချက်အလက်တွေကို ပြန်ပြင်ဆင်လို့မရတာကြောင့်ပါ။ အဲ့လိုပြင်ဆင်ချင်တယ်ဆိုရင် Distributed Network တစ်ခုလုံးရဲ့ ၅၀% နှင့်အထက်ကို ထိန်းချုပ်နိုင်မှသာ လုပ်ဆောင်နိုင်မှာပါ။ ပြီးတော့အချက်အလက်တွေကို သိမ်းလိုက်တဲ့အခါမှာ plain text လို ဒီတိုင်းကြီးတင်လိုက်တာမဟုတ်ပဲ cryptography လိုခေါ်တဲ့ လျှို့ဝှက်နည်းပညာကို အခြေခံပြီး မှတ်တမ်းတိုင်းကို လုံခြုံအောင်လုပ်ဆောင်ပေးထားတာပါ။ သူ့မှာ အချိန် Time-Stamped ပါပါတယ် မှတ်တမ်းတစ်ခုချင်းစီအတွက်ပါ။
ဒါဆို Blockchain က ဘယ်လိုအလုပ်လုပ်တာလဲ? သူ့ရဲ့လုပ်ဆောင်ပုံကတော့ ပထမဦးဆုံးအနေနဲ့ Authentication ဆိုတဲ့ စစ်မှန်မှုကို အရင်စစ်ပါတယ်။ ဘာကိုဆိုလိုချင်တာလဲဆိုတော့ ကျွန်တော်တို့မှာ Wallet ရဲ့ ပိုင်ဆိုင်မှုကို သက်သေပြရန် seed phrases လေးတွေရှိပါတယ်။ အဲ့ဒါကိုအသုံးပြုပြီး သက်ဆိုင်ရာ Wallet တွေမှာဝင်ရောက်ပြီး Public Key နှင့် Private Key ကိုအသုံးပြုကာ ပိုင်ဆိုင်မှုလွှဲပြောင်းတာတွေကို လုပ်ဆောင်တာဖြစ်ပါတယ်။ အဲ့လိုလုပ်ဆောင်ဖို့အတွက် ရှိသင့်တာတွေ ကိုက်ညီပြီဆိုရင် လွှဲသူနဲ့လက်ခံသူကြားမှာ အရင်ဆုံး သဘောတူညီမှုရယူပါတယ်။ သဘောတူညီမှု ရယူပြီးသွားပြီဆိုရင်တော့ အဲ့ဒီသဘောတူညီချက်ကို အတည်ပြုပြီး Blockchain ထဲမှာ မှတ်တမ်းတင်နိုင်ဖို့အတွက် Blockchain Network ထဲမှာရှိတဲ့ Nodes တွေကို ပို့ဆောင်ပြီး မှန်ကန်မှုရှိမရှိ စစ်ဆေးပါတယ်။ အဲ့လိုလုပ်ဆောင်တာကို Proof of Work လို့ခေါ်ပါတယ်။ တစ်နည်းအားဖြင့် Miners တွေပေါ့။ အဲ့ဒီ Miners တွေက ဒီလိုစစ်ဆေးမှုတွေ လုပ်ဆောင်ပေးတာကြောင့် Rewards တွေ ရရှိပါတယ်။ အများသောအားဖြင့် သက်ဆိုင်ရာ Blockchain Network ရဲ့ native Cryptocurrency/Token အနေနဲ့ပဲ ရရှိတာပါ။ ဒီစစ်ဆေးတဲ့ လုပ်ဆောင်ချက်တွေ ပြီးသွားရင်တော့ Blockchain Network ပေါ်ကို Block တစ်ခုအဖြစ် စတင် မှတ်တမ်းတင်ပါတယ်။ အဲ့ဒီမှတ်တမ်းက Distributed Network ပေါ်မှာ ရှိတဲ့သူတွေစီမှာပါ Update ဖြစ်သွားမှာပါ။
နောက်ပိုင်းမှာတော့ Proof of Work အပြင်ကို Proof of Stake ဆိုပြီး Transactions တွေကို အတည်ပြုနိုင်ဖို့ နည်းလမ်းပေါ်လာပါတယ်။ Proof of Work က ကြာလာလေ ဖြေရှင်းရတာ ပိုခက်လာလေဖြစ်ပြီး Blockchain Network ကို ပိုပြီးလုံခြုံလာစေတာ မှန်ပေမယ့် တကယ့်လက်တွေ့မှာတော့ Proof of Work က အရမ်းကို Computing and Electrical Power လိုအပ်လာတာကြောင့် Proof of Stake ဆိုတဲ့ Consensus Protocols ကို အသုံးပြုပြီး Blockchain Network မှာရှိတဲ့ Block တွေကို ဖြေရှင်းပေးပါတယ်။ Proof of Stake ဆိုတာကတော့ ရိုးရှင်းပါတယ်။ သက်ဆိုင်ရာ Blockchain Network ရဲ့ Cryptocurrency တချို့ကိုပိုင်ဆိုင်ပြီးတော့ သက်ဆိုင်ရာ Staking Pool မှာ ထားရှိယုံနဲ့ Rewards တွေ ရရှိမှာဖြစ်ပါတယ်။ Proof of Stake ကိုအခြေခံပြီး Staking တွေ၊ Farming တွေလည်း ပေါ်ပေါက်လာပါတယ်။ အဲ့လို Farming လုပ်တဲ့နေရာမှာလည်း Liquidity Pool (LP) Provider အဖြစ်ပါလုပ်ဆောင်ပြီး Rewards တွေရရှိနိုင်ပါတယ်။ LP Tokens တွေကိုလည်း သက်ဆိုင်ရာ Farming Pool ထဲမှာ Stake လုပ်ပြီး Rewards တွေရရှိနိုင်ပါတယ်။ ဒါတွေကတော့ Blockchain နဲ့ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ ငွေရှာနည်းအခွင့်အလမ်းတွေပါ။
ဒီ blog ကို ဖတ်ရှုပြီးဆက်လက်လေ့လာချင်တဲ့ သူတွေအတွက် Blockchain Network တစ်ခုချင်းစီကို ကိုယ်တိုင်လေ့လာမှု ပြုလုပ်ပြီး Investment တွေ လုပ်လို့ရသလို၊ သူတို့ရဲ့ Documentations တွေကို ဖတ်ရှုပြီး Web 3.0 ရဲ့ရေစီးကြောင်းမှာ ဆက်လက်ပြီး ပါဝင်ဆင်နွှဲနိုင်နေမှာပါ။ ဆက်လက် လေ့လာစရာတွေကတော့ Cryptocurrency, Blockchain Trilemma ဖြစ်တဲ့ (Scalability, Decentralization, Security), Layer 1 နဲ့ Layer 2 မှာဘယ်လိုလုပ်ဆောင်ချက်တွေကို အသုံးပြုပြီး ပိုကောင်းမွန်တဲ့ Blockchain Network တစ်ခုကို ပျိုးထောင်နေကြတွေ စတာတွေကိုလေ့လာနိုင်ပါတယ်။ အားလုံးပဲ အချိန်ပေးပြီးဖတ်ရှုပေးလို့ ကျေးဇူးအထူးတင်ရှိပါတယ်ဗျ။ ဒီမှာပဲ ကျွန်တော့်ရဲ့ blog လေးကို အဆုံးသတ်ပြီး နှုတ်ဆက်လိုက်ပါတယ်ဗျ။