Work Style

What is HR?

အားလုံးပဲ မင်္ဂလာပါရှင့်။

ကျွန်မကတော့ Spiceworks Myanmar ကုမ္ပဏီတွင် Administration Assistant အဖြစ် အလုပ်လုပ်ကိုင်နေသော လဲ့ရည်ဖြိုး ဖြစ်ပါတယ်။ ယခု မျှဝေပေးမည့် Blog အကြောင်း‌လေး မရေးသားခင် ကျွန်မတို့ Company အကြောင်းအနည်းငယ် မိတ်ဆက်ပေးချင်ပါတယ်ရှင့်။ ကျွန်မတို့ Spiceworks Myanmar ကုမ္ပဏီသည် Web Design & Development Production Company တစ်ခုဖြစ်ပြီး Japan & Myanmar Company တစ်ခု ဖြစ်ပါတယ်ရှင့်။ ထို့ပြင် ကျွန်မတို့ Spiceworks Myanmar ကုမ္ပဏီမှာ Design Group, System Group များအပြင် Internal Group အဖြစ် HR Group, Maintenance Group, Education Group နှင့် Marketing Group များဖြင့် ဖွဲ့စည်းထားတာကြောင့် ယခုလက်ရှိမှာတော့ ကျွန်မက HR Group ၏ အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ ထို့ကြောင့် ဒီတစ်ပတ်မှာတော့ ကျွန်မက ယခု Blog တွင် What is HR? ခေါင်းစဉ်ဖြင့် HR ပိုင်းဆိုင်ရာ အကြောင်းလေး အနည်းငယ်ကို ညီမလေ့လာမိရသလောက် ပြန်လည်မျှ‌ဝေ‌ပေးချင်ပါတယ်ရှင့်။

ပထမဦးဆုံးအနေနဲ့ Human Resources (HR) အကြောင်းကို အနည်းငယ် ပြန်လည်ရှင်းပြပေးချင်ပါတယ်။ ကျွန်မတို့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းပင်ဖြစ်စေ၊ ရုံးဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းပင်ဖြစ်စေ ဘယ်အရာပဲလုပ်လုပ် အခြေခံအားဖြင့် Resources (အရင်းအမြစ်) တစ်ခု မဟုတ် တစ်ခုတော့ မဖြစ်မနေ အသုံးပြုကြရပါတယ်။ အခြေခံအားဖြင့် Resources (အရင်းအမြစ်) (၃) မျိုး ရှိပါတယ်။
(1) Human resources
(2) Natural resources
(3) Human made resources တို့ပဲ ဖြစ်ပါတယ်။ အသုံးပြုလို့ရတဲ့အရာမှန်သမျှ၊ အသုံးချလို့ရတဲ့ အရာမှန်သမျှ အရင်းအမြစ်လို့ ဆိုလိုပါတယ်။

Human Resource (HR) ဆိုသည်မှာ လူ့စွမ်းအားအရင်းအမြစ်ဆိုသည့်အတိုင်း ကျွန်မတို့ အားလုံးသည် လူသားတစ်ဦးဖြစ်နေသည့်အတွက် ကျွန်မတို့လူသား အားလုံးကို ရည်ညွှန်းပါသည်။ ကျွန်မတို့ လူသားအားလုံးနှင့် သက်ဆိုင်ပါသည်။ ထို့ကြောင့် ကျွန်မတို့၏ HR သည် ကျွန်မတို့အားလုံး ကိုယ်တိုင်ပင်ဖြစ်ပါတယ်။ ဆက်လက်၍ Human Resources Management (HRM) အကြောင်းလေးကို ရှင်းပြပေးပါမယ်။

Human Resources Management (HRM) ဆိုတာ ဘာလဲ?

ကျွန်မတို့ လုပ်ငန်းတစ်ခု (သို့မဟုတ်) ဌာနတစ်ခုခု (သို့မဟုတ်) ကုမ္ပဏီတစ်ခုခုမှာဆိုရင် ထိုလုပ်ငန်းတစ်ခု၏ HR ဆိုတာ ထိုလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းအားလုံးသည် ထိုလုပ်ငန်းတစ်ခု၏ HR များပင် ဖြစ်ပါတယ်။ ထိုလုပ်ငန်းတစ်ခုတွင် HR ‌တွေအနေနဲ့ ဝန်ထမ်းတစ်ဦးချင်းစီနဲ့ ထိတွေ့ဆက်ဆံနေရုံမျှမကပဲ အမြဲတမ်းပြောင်းလဲနေတဲ့ လုပ်သားအင်အားများ၊ ဈေးကွက်များ၊ လူတွေရဲ့ လုပ်ပုံကိုင်ပုံတွေအပြင် အစိုးရရဲ့ ဥပဒေတွေနဲ့လည်း ကိုက်ညီအောင်၊ အဆင်ပြေအောင် စီးပွားရေးပြောင်းလဲမှု၊ နည်းပညာပြောင်းလဲမှုများအပေါ် မူတည်ပြီး လူ့စွမ်းအားအရင်းအမြစ်များကို နည်းဗျူဟာကျကျဖြင့် စီမံခန့်ခွဲများပြုလုပ်ဆောင်ရွက်ရပါတယ်။ ထို့ကြောင့် လုပ်ငန်းတစ်ခုတွင် HRM ဆိုတာ ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းရှင် နှင့် ဝန်ထမ်းအကြား လစ်ဟာမှု၊ အားနည်းချက်များ မရှိစေရန်နှင့် HR ဆိုင်ရာ မူဝါဒ၊ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများဖြင့် စနစ်တကျစီမံခန့်ခွဲပြီး လုပ်ငန်းရဲ့မဟာဗျူဟာကို ဝန်ထမ်းများ၏ စွမ်းဆောင်မှုအရည်အချင်းများ၊ စွမ်းဆောင်ရည်များ၊ အရည်အသွေးများ၊ အရည်အချင်းများ၊ ကျွမ်းကျင်မှုများ၊ အရင်းအမြစ်များနဲ့ ပေါင်းစပ်ပြီး အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေ ဖွံ့ဖြိုးတိုးတက်အောင်မြင်အောင် စီမံခန့်ခွဲမှုများ၊ ညွှန်ကြားမှုများ လုပ်ဆောင်ပေးရခြင်း ဖြစ်ပါတယ်။

ဆက်လက်၍ HRM5-P Model အကြောင်းကို မျှ‌ဝေ‌ပေးချင်ပါတယ်။

5-P Model of HRM

လုပ်ငန်းတစ်ခုမှာ HR ပညာရပ်ကို အသုံးချပြီး ဝန်ထမ်းတွေရဲ့ လုပ်ရည်ကိုင်ရည်‌ ‌ကောင်းမွန်တိုးတက်ရန် နှင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် ‌ကောင်းမွန်စွာ အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ HR မှာ နေ့စဉ်နှင့်အမျှ လက်တွေ့ကျင့်သုံးလုပ်ကိုင်ရသော HR Process များ ရှိပါတယ်။ HR ရဲ့ policy တွေအကြောင်း မပြောခင် HR models အကြောင်း အရင်ပြောပြချင်ပါတယ်။ Business တစ်ခု ထူထောင်ပြီးသွားလျှင် ဝန်ထမ်းတွေ ဝင်ရောက်လုပ်ကိုင်ကြတော့မယ်၊ ဒီအချိန်မှာ HRM ကို စပြီး အကောင်အထည်ဖော်တော့မယ်ဆိုလျှင် အောက်ပါ models (၅)ခုနဲ့ စတင်ပါတယ်။

(1) HR philosophy

HRM တစ်ခု အကောင်အထည်ဖော်ဖို့ အတွေးအခေါ် အယူအဆကနေ စတင်ပါတယ်။ အဖွဲ့အစည်းမှာရှိတဲ့သူတွေကို ဘယ်လိုသဘောထားပြီး ဆက်ဆံမှာလဲ၊ business အောင်မြင်ဖို့ ထိုသူတို့ကော ဘယ်လိုနေရာမှာထားမှာလဲ၊ ဘယ်လို စီမံခန့်ခွဲမှာလဲဆိုပြီး စတင်ပြီး စဉ်းစားတွေးခေါ်တဲ့ HR philosophy အဆင့် ဖြစ်ပါတယ်။

(2) HR Policies

Business ရဲ့ Vision, Mission ကို သေချာပြီဆိုလျှင် Business issues နဲ့ အဖွဲ့အစည်းထဲက လူတွေနဲ့ ချိတ်ဆက်မိဖို့ လိုအပ်ပြီး လမ်းညွှန်မှုတွေ၊ မူဝါဒတွေ ချမှတ်ဖို့ လိုအပ်ပါတယ်။ Strategic needs ‌အပေါ် အခြေခံပြီး HR practices တွေကို ဖွံ့ဖြိုးလာဖို့ HR မူဝါဒတွေ ချမှတ်ရပါတယ်။ ဥပမာ – ဝန်ထမ်းအားလုံး နှင့် ဆိုင်တဲ့ လုပ်ငန်းခွင်မူဝါဒ၊ ခွင့်မူဝါဒ၊ အလုပ်ခန့်ထားခြင်းဆိုင်ရာမူဝါဒ စသဖြင့် မူဝါဒများစွာရှိရမယ့် HR Policies အဆင့်ဖြစ်ပါတယ်။

(3) HR Programms

အပေါ်ကချမှတ်လိုက်တဲ့ HR Policies တွေကို အကောင်အထည်ဖော်ရမယ့်အပိုင်း ဖြစ်ပါတယ်။ Business Strategy အရ အဖွဲ့အစည်း ပြောင်းလဲတိုးတက်လာစေဖို့အတွက် HR က ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်၍ စေ့စပ်ညှိနှိုင်း အကောင်အထည်ဖော်ပေးရမှာဖြစ်ပါတယ်။ စနစ်တကျ အစီအစဉ်တွေ HR ကရေးဆွဲပြီး လုပ်ငန်းနဲ့ချိတ်ဆက်၍ လုပ်ဆောင်ပေးရမယ့်အဆင့် ဖြစ်ပါတယ်။

(4) HR Process

‌နောက်တစ်ဆင့် HR Process ကတော့ HR Plan နဲ့ HR Policies တွေကို အသက်ဝင်အောင်လုပ်ပေးရတဲ့ လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်။

(5) HR Practices

HR policies နဲ့ HR Programmes ရှိနေပြီဆိုရင်တော့ အဲဒါတွေကို လက်တွေ့တကယ်ဖြစ်လာအောင် အကောင်အထည်ဖော်ပေးရတဲ့အပိုင်းကတော့ HR Practices ပဲဖြစ်ပါတယ်။ HR ဌာနတစ်ခုရဲ့ HR Practices တွေထဲမှာ Resourcing, Learning & Development, Performance Management, Reward Management, Employee Relations နဲ့ Administration တို့ ပါဝင်ပါတယ်။ HRM ကို ကောင်းကောင်း အသုံးချတတ်ဖို့ (Best practices) အတွက် အရေးကြီးဆုံးကတော့ Best user ပါပဲ။ HR ပညာရပ်ကို အသုံးချပြီး professional အဖြစ် ရပ်တည်နေကြသော HR တစ်ယောက်ရဲ့ အသိပညာများ၊ ဗဟုသုတများနဲ့ လက်တွေ့ကျင့်သုံးနိုင်မှုများတို့က အရေးကြီးဆုံးပါ။ HR practitioner လို့လည်း ခေါ်လို့ရပါတယ်။ ထို့အပြင် လက်ရှိလုပ်ငန်းများမှာ HR professional တစ်ယောက်က မိမိရဲ့ HR process တွေအပြင် လုပ်ငန်းရဲ့ Goal ကိုလည်း ပြည့်မီစေရန် alignment လုပ်ပေးရပါတယ်။ နောက်တစ်ခုက ဝန်ထမ်းနဲ့ လုပ်ငန်းကြားထဲမှာ HR Practices တွေကို ထိထိမိမိကျင့်သုံးနိုင်မှသာလျှင် Employee Relations ကောင်းတစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ထို့အပြင် ဝန်ထမ်းတွေရဲ့ performance တိုးတက်လာဖို့အတွက်လည်း HR Practices တွေထဲမှာ performance management ကို ထည့်သွင်းစဉ်စားရပါတယ်။ လုပ်ငန်းခွင်မှာ ဝန်ထမ်းတစ်ယောက်ရဲ့ performance လို့ခေါ်တဲ့ လုပ်ရည်ကိုင်ရည်တိုးတက်ဖို့ဆိုတာ လုပ်ငန်းရဲ့ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေကို ဝန်ထမ်းကသိဖို့ လိုအပ်ခြင်း၊ Competency လို့ခေါ်တဲ့ Skills, Knowledge ရှိအောင် လုပ်ပေးခြင်း၊ နောက်ပြီး အလုပ်နဲ့ တစ်သားတည်းကျနေဖို့၊ Employee engagement ဖြစ်ဖို့၊ performance ဖြစ်စေဖို့ အကြောင်းအရာတချို့ဖြစ်တဲ့ ဝန်ထမ်းကို အသိမှတ်ပြုပေးတာမျိုး၊ ချီးကျူးတာမျိုး၊ ဝန်ထမ်းက feedback ပေးရင်လည်း လက်ခံပေးတာမျိုး၊ အထက်လူကြီးက နားလည်ပေးဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းတွေကို ခြောက်လ တစ်ကြိမ် (သို့မဟုတ်) တစ်နှစ် တစ်ခါလောက် performance appraisal review လုပ်ပေး၍ လိုအပ်သော အရည်ချင်းများ ထပ်ဖြည့်ပြီး လုပ်ငန်းအတွက် အသုံးတည့်မယ့် အပိုင်းသို့ တွဲခေါ်သွားတာမျိုး လုပ်ပေးသင့်ပါတယ်။

ထို့အပြင် လုပ်ငန်းထဲမှာ Learning Environment တစ်ခု ဖန်တီးပေးထားသင့်ပါတယ်။ ကိုယ်တိုင်လည်း လေ့လာသလို၊ အချင်းချင်း ပြန်လည်မျှဝေတာတွေလည်း လုပ်ဖို့ လိုအပ်ပါတယ်။ အခြားသောလုပ်ငန်းတွေမှာရှိတဲ့ HR ဌာနတွေမှာ ဘယ်လိုမျိုး HR Practices တွေပြောင်းလဲကျင့်သုံးနေပြီလဲ၊ ဘာတွေလုပ်နေလဲဆိုတာလည်း နားစွင့်နေရပါမယ်။

ဆက်လက်၍ ဝန်ထမ်းရေးရာဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု ပုံစံများ၊ လုပ်ငန်းတာဝန်များ၊ လုပ်ငန်းစဉ်တစ်ချို့ကို မျှဝေပေးပါမယ်။

ဝန်ထမ်းရေးရာဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု၏ လုပ်ငန်းတာဝန်များ

စီးပွားရေး တိုးတက်လာမှုနဲ့အတူ HR, Admin, Sale & Marketing, IT, Production, Trade, Hotel & Tourism, Bank စတဲ့ မတူညီတဲ့ Sectors တွေနဲ့အတူ လူ့စွမ်းအားအရင်းအမြစ်လိုအပ်မှုဟာ ပိုမိုများပြားလာနိုင်ပြီး သူ့နေရာနှင့်သူ စီမံခန့်ခွဲနိုင်ဖို့ မှန်ကန်တဲ့ HR ပုံစံမှာတော့ Right Person, Right Job, Right Place (လူမှန်-အလုပ်မှန်-နေရာမှန်) မှန်-၃-မှန် ဖြစ်နိုင်ဖို့ အရေးကြီးပါတယ်။ အလုပ်ရှင်ဘက်မှလည်း ရွေးချယ်မှု မှန်-၃-မှန် ဖြစ်ဖို့ လိုသလို၊ ဝန်ထမ်းဘက်မှလည်း ရွေးချယ်မှု မှန်-၃-မှန် ဖြစ်ရင် Win-Win နှစ်ဦးနှစ်ဖက် ပိုမိုအကျိုးသက်ရောက်မှု ရှိလာနိုင်ပါလိမ့်မယ်။ လုပ်ငန်းတစ်ခု (သို့မဟုတ်) ကုမ္ပဏီတစ်ခု အောင်မြင်တိုးတက်မှုမှာ Company Staff, Customer, Member တွေရဲ့ အားသာချက်များဟာ တခြားထက် သာလွန်ခြင်းကြောင့် ဖြစ်ပြီး ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှု ကောင်းမွန်ပါမှ လုပ်ငန်းခွင် တိုးတက်စေမှာဖြစ်သည့်အပြင် ကုမ္ပဏီတစ်ခု၏ ရည်မှန်းချက်တွေလည်း ပို၍ ဖွံ့ဖြိုးတိုးတက်အောင်မြင်ဖို့ ဆိုရင် အခြေခံအားဖြင့် HRM ၏ လုပ်‌ငန်းတာဝန်များကတော့

(1) HR Planning

HR Department Manager သည် လုပ်ငန်းတစ်ခု၏ Culture အရ မူတည်၍ မူဝါဒများ၊ နည်းဗျူဟာများ နှင့် ရည်ရွယ်ချက်များ ရေးဆွဲပေးခြင်းများ ‌ဆောင်ရွက်ရပါတယ်။

(2) Recruitment and Selections

HR Department Manager သည် လုပ်ငန်းတာဝန်မှာ လိုအပ်လျက်ရှိသောဝန်ထမ်းကို သတ်မှတ်အရည်အချင်းနဲ့တကွ အရေအတွက်ကို ဌာနလိုအပ်ချက် တောင်းခံလွှာ ( Requestion form) ပေါ်မူတည်ပြီး ဝန်ထမ်းအသစ် ခေါ်ယူရေး ကြော်ငြာများ ပြုလုပ်ခြင်းများ၊ ကြော်ငြာခြင်းများ၊ အလုပ်အကိုင်အေးဂျန့်သုံးခြင်းများ စသဖြင့် အင်တာဗျူးခေါ်ယူမည့် လျှောက်လွှာရှင် စာရင်းများအား ထုတ်ပြန်ခြင်းများ၊ သက်ဆိုင်ရာ ဌာန ခေါင်းဆောင်များနှင့် အင်တာဗျူးပြုလုပ်ခြင်းများ၊ လိုအပ်ပါက ဒုတိယအကြိမ် ထပ်မံ၍ MD နှင့် အင်တာဗျူး စီစဉ်ခြင်းများ ဆောင်ရွက်ရပါတယ်။ HRM သည် ဝန်ထမ်းအသစ်ခေါ်ယူရေး ကြော်ငြာခြင်းများ ဆောင်ရွက်ပြီးပါက ဝန်ထမ်းလျှောက်လွှာ ကိုယ်ရေးအကျဉ်းများအား ရရှိလာတဲ့အခါ အကဲဖြတ် စိစစ်ခြင်းများ၊ နောက်ခံသမိုင်း စစ်ဆေးခြင်းများ နှင့် ရွေးချယ်ခံရသော ဝန်ထမ်းများအား အကြောင်းကြားခြင်းများ၊ အလုပ်ခန့်အပ်ခြင်းများ လုပ်ဆောင်ကာ သတ်မှတ် အရည်အချင်းများနှင့် ကိုက်ညီပါက ဝန်ထမ်းအသစ် ‌‌ရွေးချယ်ခန့်အပ်ခြင်း ဆိုတဲ့ (selection process) ကို ဆက်လက်၍ လုပ်ဆောင်ရပါတယ်။

(3) Training and Organization Development

Recruitment and Selections Process များ လုပ်ဆောင်ပြီးပါက ခန့်အပ်လိုက်သော ဝန်ထမ်းအသစ်များ၏ တာဝန်များ နှင့် ဝတ္တရားများအား သက်ဆိုင်ရာ ဌာနခေါင်းဆောင်များနှင့် ညှိနှိုင်းလျက် ရေးဆွဲပြုစုခြင်း၊ ဝန်ထမ်းအသစ်များကို လိုအပ်သလို on job training လုပ်ငန်းခွင် လက်‌‌တွေ့သင်ကြာ‌း ‌လေ့ကျင့်ပေးခြင်းများ၊ off job training အလုပ်ပြင်ပ စာတွေ့သင်ကြားပေးခြင်းများ၊ သင်တန်းများ၊ အလုပ်သင်များ၊ အပြင်ပိုင်း အစည်းအဝေးများ စတဲ့ နည်းလမ်း အသုံးပြုပြီး သင်ကြားပေးခြင်းများ၊ လုပ်ငန်း လိုအပ်ချက်များ၊ ဝန်ထမ်းရရှိနိုင်မှုအ‌ပေါ် မူတည်လျက် သက်ဆိုင်ရာ ဌာနခေါင်းဆောင်များနှင့် ညှိနှိုင်း၍ ဖွဲ့စည်းပုံဇယား (Organization Structure) များအား ပြန်လည်ရေးဆွဲခြင်းများ၊ ဌာနချင်း ဆက်သွယ်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန် ညှိနှိုင်း ဆောင်ရွက်ခြင်းများ၊ Standard Operating Procedure (SOP) များ ရေးဆွဲပေးခြင်း၊ ဝန်ထမ်းများ၏ သက်ဆိုင်ရာ လုပ်ငန်းအလိုက် လုပ်ဆောင်မှုများ မြင့်မားလာစေရန် ညှိနှိုင်း ဆောင်ရွက်ပေးခြင်းဖြင့် အရည်အချင်းများ တိုးတက်အောင်၊ အံဝင်ဂွင်ကျဖြစ်အောင် ဆောင်ရွက်ပေးရပါတယ်။

(4) Performance Appraisal & Motivation

သတ်မှတ်ထားသော ကာလတစ်ခုအတွင်း ဝန်ထမ်းများ၏ သက်ဆိုင်ရာ သတ်မှတ်ထားသော လုပ်ငန်း တာဝန်များအား ကောင်းစွာဆောင်ရွက်နိုင်စွမ်းများ၊ ဝန်ထမ်းအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မှုများ၊ သက်ဆိုင်ရာ ဌာနခေါင်းဆောင်များမှ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်မှုများ၊ စည်းမျဉ်း/စည်းကမ်းများအား လိုက်နာမှု ရှိ/မရှိ အစရှိသည်ဖြင့် ဝန်ထမ်းစွမ်းဆောင်ရည်ကို အကဲဖြတ်ခြင်း၊ ပြန်လည်သုံးသပ်ခြင်း၊ ထုတ်ပြန်ခြင်း၊ စွမ်းဆောင်ရည် သတ်မှတ်ချက် မမှီသည့် (သို့) မရောက်ရှိသည့် ဝန်ထမ်းများအား အသိပေးခြင်း၊ သတ်မှတ်သည့် စွမ်းဆောင်ရည် သတ်မှတ်ချက်များအား ရောက်ရှိစေရန် အကြံပြုခြင်း၊ ဆုချီးမြှင့်သင့်သည့် ဝန်ထမ်းများအား ရွေးချယ် သုံးသပ် တင်ပြခြင်းများ ဆောင်ရွက်ပေးရပါတယ်။

ထို့အပြင် အကဲဖြတ်မှု ပြုလုပ်ကာ reward and punishment ဆုပေး၊ ဒဏ်ပေးစနစ်များကို စနစ်တကျ အကောင်အထည်ဖော်ရပြီး စနစ်တကျ planning လုပ်ကာ implementation အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ် ချမှတ်ဆောင်ရွက်ရပါမယ်။ ဝန်ထမ်များအတွက် အလုပ်ဆိုတာတော့ အောင်မြင်ဖို့အတွက်ပေးထားတဲ့ အခွင့်အရေးလို့ဆိုနိုင်သလို Working Result & Benefit: (အလုပ်လုပ်ခြင်း၏ အကျိုးရလဒ် နှင့် အကျိုးကျေးဇူးများ) အပေါ် အခြေခံရင် Salary & Income (Self & Family) (ကိုယ်တိုင်၊ မိသားစု အတွက် ဝင်ငွေရရှိမှု)၊ Developing Skill & Experiences (အရည်အသွေး၊ အတွေ့အကြုံ တိုးပွားလာမှု)၊ Friendship & Social Network (သိကျွမ်းခင်မင်မှု နှင့် လူမှုဝန်းကျင်ကျယ်ပြန့်မှု)၊ Supporting Future Success (အနာဂတ် အောင်မြင်မှုများအတွက် ထောက်ပံ့နိုင်မှု) စတဲ့ ဝန်ထမ်းများအတွက် Motivation များဖြင့် လိုအပ်ချက်များ ကို ဖြည့်ဆည်း ‌ဆောင်ရွက်ပေးရပါတယ်။

(5) HR & Benefits Administration

လစာစရိတ် နှင့် အခြားသော အကျိုးခံစားခွင့်များကို ပုံမှန်ရရှိအောင် ပြုလုပ်ပေးခြင်းများ၊ ဝန်ထမ်းများ၏ ခွင့်ခံစားခြင်းများ၊ ဆေးကုသမှုဆိုင်ရာ အကျိုးခံစားခွင့်များ နှင့် အခြားခံစားခွင့်များအား တည်ဆဲ အလုပ်သမား ဥပဒေများ နှင့် အညီ ခွင့်ပြုခြင်းများ၊ ဖြတ်တောက်ခြင်းများ နှင့် စာရင်းပြုစုခြင်းများ၊ လစာ နှင့် အခြား ခံစားပိုင်ခွင့်များအား တည်ဆဲ အလုပ်သမား ဥပဒေနှင့် အညီ ပြုစုခြင်း၊ ထုတ်ပြန်ခြင်း ဝန်ထမ်းများ၏ လူမှုဖူလုံရေး ရန်ပုံငွေ နှင့် ဝင်ငွေခွန်များ စနစ်တကျ‌ ‌ပေးသွင်းမှုများ ရှိစေရန် စီမံဆောင်ရွက်ခြင်းများ၊ ဝန်ထမ်းများ၏ သာရေး/နာရေး ကိစ္စများတွင် ပါဝင်ကူညီဆောင်ရွက်ခြင်းများ၊ စားဝတ်နေရေးလိုအပ်ချက်များ၊ physiological need များကို ဖြည့်ဆည်းပေးခြင်းများ၊ အပိုဆု နှင့် အားပေးချီးမြှင့်မှုများ၊ အဖွဲ့အစည်း အတွင်းပိုင်း၊ အပြင်ပိုင်းဆိုင်ရာများ နှင့် ဝန်ထမ်းများအပေါ် သုံးသပ်ခြင်းများကို ဆောင်ရွက်ရပါတယ်။

(6) Safety and Security

HR Department Manager သည် ဝန်ထမ်းများ၏ အလုပ်ခွင်တွင်း လုံခြုံစိတ်ချမှုများ၊ ကျန်းမာရေး နှင့် ပက်သက်မှုများ၊ သက်သာချောင်ချိရေးများ၊ အလုပ်သမားလုံခြုံမှုများအတွက်  ပြုလုပ်ပေးခြင်းများ၊ အာမခံခြင်းများ၊ စည်းမျဉ်း စည်းကမ်းများ၊ ဝန်ထမ်းများ၏ အကျိုးခံစားခွင့် အစီအစဉ်များ စတဲ့ အချက်များ ပြုလုပ်ပေးခြင်းတို့ ဖြစ်ပါတယ်။

(7) Rules and Regulations

HR Department Manager သည် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများ ရေးဆွဲခြင်း၊ ဝန်ထမ်းလက်စွဲစာအုပ် ရေးဆွဲ ထုတ်ပြန်ခြင်း၊ ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းများအား လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သတ်မှတ်စည်းကမ်းချက်များအား လိုက်နာ/ မလိုက်နာသော ဝန်ထမ်းများအား မှတ်တမ်းတင်ခြင်း၊ MD, CEO, Executive Director များထံသို့ တင်ပြခြင်း လစဉ်/ နှစ်စဉ် အစီရင်ခံစာများ ပြုစုတင်ပြခြင်းများ ဆောင်ရွက်ရပါတယ်။

(8) Attendance, Leaves, Late, absenteeism)

HR Department Manager သည် နေ့စဉ် Attendance များအား စစ်ဆေးခြင်း၊ ခွင့်၊ ပျက်ကွက်၊ နောက်ကျ များအား စစ်ဆေးခြင်း၊ MD, CEO, Executive Director များ ထံသို့ အစီရင်ခံခြင်း၊ attendance လချုပ်ပေါ် အခြေခံ၍ လစာပေးချေမှု ကိစ္စရပ်များအား Finance Department နှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ လချုပ်စာရင်းများ ပြုစုတင်ပြခြင်းများ လုပ်ဆောင်ရပါတယ်။

(9) Employee Profile

HR Department Manager သည် ဝန်ထမ်းများအားလုံး၏ ကိုယ်ရေးမှတ်တမ်းဖိုင်များ ပြုစုခြင်း၊ ကိုယ်ရေးမှတ်တမ်းဖိုင်များအား အချိန်နှင့်တစ်ပြေးညီ ပြန်လည်ပြင်ဆင်ခြင်းများ၊ ဆုချီးမြှင့်ခံရမှုများ၊ အပြစ်ပေးခံရမှု မှတ်တမ်းဖိုင်များအား စနစ်တကျ ကိုယ်ရေးမှတ်တမ်းတွင် သိမ်းဆည်းခြင်းများ၊ ကိုယ်ရေးမှတ်တမ်းဖိုင်များအား စနစ်တကျ လျှို့ဝှက် သိမ်းဆည်းခြင်းများ လုပ်ဆောင်ကြရပါတယ်။

(10) Generalist

HR Department Manager သည် အကြီးတန်း စီမံခန့်ခွဲမှုအဖွဲ့များမှ အခါအားလျော်စွာ ပေးအပ်လာသည့် တာဝန်များအား ဆောင်ရွက်ခြင်းများ၊ ဝန်ထမ်းများ နှင့် အခါအားလျော်စွာ တွေ့ဆုံ၍ ၎င်းတို့၏ သီးခြား ပြဿနာများအား ဖြေရှင်းနိုင်ရန် အကြံပြုခြင်းများ၊ ဝန်ထမ်းသစ်များ ရောက်ရှိလာသောအခါ သက်ဆိုင်ရာ တာဝန်ထမ်းဆောင်ရသော ဌာနတွင် မြန်ဆန်စွာ အံဝင်ခွင်ကျဖြစ်စေရန် သက်ဆိုင်ရာ ဌာနခေါင်းဆောင်နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းများ လုပ်ဆောင်ရပါတယ်။ အထက်ပါ အချက်များသည် HR Department Manager သည် မဖြစ်မနေ လုပ်ရမယ့် လုပ်ငန်းစဉ်တစ်ချို့များ ဖြစ်ပြီး ဝန်ထမ်းများအားလုံးကလည်း ထိုလုပ်ငန်းစဉ်များကို သိရှိထားရန် လိုအပ်ပါတယ်။ ဆက်လက်၍ ဝန်ထမ်းအုပ်ချုပ်မှုပိုင်းဆိုင်ရာ မူဝါဒများ အကြောင်းကို မျှဝေပေးချင်ပါတယ်။

HR Policy

HR Management လူမှုပိုင်းစီမံခန့်ခွဲမှုဟုဆိုရာတွင် အလုပ်သမားငှားရမ်းမှု၊ ရွေးချယ်ခန့်အပ်မှု၊ ပေးလျော်မှု၊ သင်တန်းပေးမှု နှင့် တိုးတက်မှု၊ လေ့လာရှာဖွေမှု နှင့် စာရင်းပြုစုမှု အဆင့်အလိုက်ခွဲခြားသတ်မှတ်ပေးမှုများ ပါဝင်သည့် လူမှုဆိုင်ရာ လုပ်ဆောင်ချက်များ ဖြစ်ပါသည်။ ထို့အပြင် အဖွဲ့အစည်း (အတွင်း/ အပြင်) ဆိုင်ရာ‌ ‌လေ့လာသုံးသပ်ချက်များ၊ လုပ်ဆောင်ချက်များနှင့်အတူ မိမိအဖွဲ့အစည်းအတွင်းရှိ ဝန်ထမ်းများအပေါ် ခိုင်မာစွာ ရပ်တည်ပေးနိုင်မှုများ၊ တူညီသည့် အလုပ်သမားဆိုင်ရာ အခွင့်အရေးများ၊ စိတ်ချလုံခြုံပေးမှုများ နှင့် လုပ်ငန်းဆောင်ရွက်မှု ဆန်းစစ်သုံးသပ်ချက်များလည်း ပါဝင်ပါသည်။ ထို ဝန်ထမ်းအုပ်ချုပ်မှုပိုင်းဆိုင်ရာ မူဝါဒများတွင်

(1) Equity တရားမျှတခြင်း

HR Department Manager သည် မျှတသည့် အုပ်ချုပ်မှုပုံစံများဖြင့် တန်းတူညီမျှစွာ ဆက်ဆံပေးခြင်း၊ မန်နေဂျာများမှ မမျှတသည့် ဆုံးဖြတ်ချက်များအား ရပ်တည် ကာကွယ်ပေးမှုများ၊ အလုပ်ခန့်အပ်မှုဆိုင်ရာ ရာထူးတိုးမြှင့်မှု အခွင့်အလမ်းများ ညီမျှစွာပေးခြင်း နှင့် မျှတသော လစာနှုန်းများ ပေးအပ်ထားရှိမှုများရှိခြင်းများ ပါဝင်ပါသည်။

(2) Organizational learning အဖွဲ့အစည်းအပေါ် ဆန်းစစ်လေ့လာခြင်း
HR Department Manager သည် အဖွဲ့အစည်းများ၏ လိုအပ်ချက်များအပေါ် လေ့လာခြင်းများ၊ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းအားဖြင့် အဖွဲ့ဝင်များအားလုံး မှ အဖွဲ့အစည်းများ၏ ဖွံ့ဖြိုးတိုးတက်မှုများအပေါ် ယုံကြည်သက်ဝင်မှု ရှိလာပါလိမ့်မည်။

(3) Work-life balance ဘဝနှင့် လုပ်ငန်းခွင် မျှတစေခြင်

HR Department Manager သည် အလုပ်သမားများ၊ ဝန်ထမ်းများအပေါ် လုပ်ငန်းလုပ်ဆောင်စေမှုများ နှင့် ကိုယ်ရေးကိုယ်တာ တာဝန်များအပေါ်တွင်လည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်မှုများ ပါဝင်ပါသည်။

(4) Consideration ထည့်သွင်းစဉ်းစားပေးခြင်း

HR Department Manager သည် ဝန်ထမ်းတို့၏ တစ်ဦးချင်းလေးစားမှုများ၊ လုံခြုံပေးမှုများ၊ မျှော်လင့်ချက်များအပေါ် အကျိုးသက်ရောက်စေမည့် ဆုံးဖြတ်ချက်ချမှုများတွင်လည်း ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းအပေါ် မျှတစွာ ထည့်သွင်းစဉ်းစားပေးမှုရှိခြင်များ ပါဝင်ပါသည်။

(5) Performance through people လူမှုဆိုင်ရာ စွမ်းဆောင်ခြင်း

HR Department Manager သည် လူမှုဆိုင်ရာ စွမ်းဆောင်ခြင်းအတွက် အရေးကြီးသည့် လုပ်ငန်းခွင်တန်ဖိုး နှင့် ယဉ်ကျေးမှုများ တိုးတက်လာစေရန် ဝန်ထမ်းများ၏ မျှော်လင့်ချက်များဆိုင်ရာ ပြုလုပ်ဆောင်ရွက်ခြင်များ၊ ပိုမိုကောင်းမွန်လာသော လုပ်ငန်းဆောင်ရွက်ချက်များအပေါ် သုံးသပ်ပြင်ဆင်ပေးမှုများနှင့်အတူ စီမံခန့်ခွဲမှုစနစ်များထားရှိခြင်းများ ပါဝင်ပါသည်။

(6) Quality of working life လုပ်ငန်းခွင်ပုံစံ အရည်အချင်း

HR Department Manager သည် လုပ်ငန်းခွင်အပေါ် စိတ်ကျေနပ်မှုအမြင်များ တိုးပွားလာစေရန်အတွက် တတ်နိုင်သမျှ လုပ်ငန်းခွင်ငြီးငွေ့စေမှုများ လျှော့ချပေးခြင်း၊ ကျန်းမာရေးပိုင်းဆိုင်ရာ ထောက်ပံ့ပေးမှုများရှိခြင်း နှင့် လုပ်ငန်းတာဝန်ဝတ္တရားများအပေါ် ကိုယ်ပိုင်အုပ်ချုပ်မှုပုံစံများ ရှိစေခြင်း၊ လုံခြုံစိတ်ချရသည့် လုပ်ငန်းခွင်ပုံစံများ စီမံဆောင်ရွက်ပေးခြင်းများ စတဲ့ စနစ်ကျသော (HR Policy ဝန်ထမ်းရေးရာ မူဝါဒ) များကို လုပ်ငန်းခွင်အတွင်း ထည့်သွင်းပေါင်းစပ်စီမံခန့်ခွဲပြီး အရည်အချင်းပြည့်ဝသော ဝန်ထမ်းများကို ပိုမိုခိုင်မြဲစေမှုများ၊ လုပ်ငန်းခွင် အပြောင်းအလဲများ နည်းပါးစေပြီး လုပ်ငန်းထိရောက်စေမှုများ၊ ဝန်ထမ်းစွမ်းဆောင်ရည်များ မြင့်မားတိုးတက်လာပြီး လုပ်ငန်းခွင်၏ ပန်းတိုင်ရည်မှန်းချက်များကို အချိန်နှင့်တစ်ပြေးညီအောင်မြင်ပြီးစီးအောင် စီမံခန့်ခွဲနိုင်ပါလိမ့်မည်။

နိဂုံးချုပ်အားဖြင့်ပြောရမယ်ဆိုရင် HR ပညာရပ်ဟာ အလွန်ကျယ်ပြန့်သည့်အပြင် ကုမ္ပဏီတစ်ခုအတွက်၊ လုပ်ငန်းတစ်ခုအတွက် တကယ်အရေးကြီးပြီး လက်တွေ့အသုံးချ လုပ်ဆောင်ရတာလည်း အလွန်ခက်ခဲတဲ့ အလုပ်ဖြစ်ပါတယ်။ HR ပညာရပ်တွေကို စာတွေ့သာလေ့လာသင်ယူထားမယ်ဆိုရင် ကျွန်မလို HR လောကထဲ အခုမှအလုပ်စဝင်မယ့်သူတစ်ယောက်အတွက်တော့ ထို HR ပညာရပ်တွေကို သိထားရုံပဲသိထားလို့ရဦးမယ်လို့ ထင်မြင်မိပြီး HR ပညာရပ်နှင့် ပတ်သတ်၍ HR လောကထဲ Experience တော်တော်ရှိတဲ့ မန်နေဂျာ level တွေအနေနဲ့ရောက်ရင်တော့ အမှန်တကယ် လက်တွေ့ အသုံးချလုပ်ဆောင်နိုင်မယ်လို့ ထင်မြင်မိပါတယ်။ ဒီတစ်ခေါက်ရဲ့ blog ကတော့ ဒီလောက်ပါပဲ။ HR ပညာရပ်နှင့်ပက်သက်၍ အခွင့်အခါကြုံရင် ဆက်လက်ရေးသား၍ မျှဝေပေးပါအုံးမယ်။ နောက်ထပ် ရေးသား မျှဝေ‌ပေးသွားအုံးမယ့် blog များကိုလဲ ဆက်လက်စောင့်မျှော် ဖတ်ရှုပေးကြဖို့ တောင်းဆိုချင်ပါတယ်။ ယခု blog‌ ‌လေးကို အဆုံးထိဖတ်ပေးကြတဲ့ သူတစ်ယောက်ချင်းစီကိုလည်း လေးစားစွာဖြင့် ကျေးဇူးအထူးတင်ရှိပါတယ်။

Hello