Work Style

What should you focus on if you stand as a developer of life carrier?

အားလုံးပဲ မင်္ဂလာပါခင်ဗျ။ ကျွန်တော်ကတော့ Spiceworks Myanmar မှာ အလုပ်ဝင်ရောက်လုပ်ကိုင်နေတဲ့ မောင်ညီညီဇော် ဖြစ်ပါတယ်ခင်ဗျ။
ဒီတစ်ပတ် ကျွန်တော် sharing လုပ်ပေးချင်တာက Developer တစ်ယောက်အဖြစ် ရေရှည်ရပ်တည်တော့မယ်ဆိုရင် ဘယ်အရာတွေကို Focus ထားသင့်လဲဆိုတဲ့ “What should you focus on if you stand as a developer of life carrier? ” ခေါင်းစဉ်ဖြင့် Sharing လုပ်ပေးသွားပါမယ်ခင်ဗျ။

1. Healthy
Developer တွေက ကာယခွန်အားကို သုံးဖို့မလိုပေမယ့် ဉာဏအားကိုတော့သုံးဖို့ လိုအပ်ပါတယ်။ Developer တွေရဲ့အလုပ်က ဦးနှောက်နဲ့အမြဲတွေးတောပြီး အလုပ်လုပ်နေရတာဖြစ်တဲ့အတွက် ကျန်းမာပြီး ဉာဏ်‌‌ကောင်းတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေဖို့ လိုအပ်ပါတယ်။ လူက ကျန်းမာနေမှ အလုပ်လုပ်ရတာ အဆင်ပြေမှာပါ။ လူမကျန်းမာဘူးဆိုရင် အလုပ်လုပ်ရတာ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ကျန်းမာတဲ့ခန္ဓာကိုယ်ရဖို့ အဓိက အစားအသောက်အချိန်မှန်စားဖို့ရယ်၊ သန့်ရှင်းလတ်ဆတ်ပြီး ဗီတာမင်ပါဝင်တဲ့ အသားငါး၊ အသီးအရွက်တွေ စားဖို့ကအရေးကြီးပါတယ်။ နောက်တစ်ခုကတော့ အိပ်ရေးဝအောင်အိပ်ရမှာ ဖြစ်ပါတယ်။ အိပ်ရေးဝမှသာ လူက အလုပ်လုပ်ရတာအဆင်ပြေပြီး ပြဿနာတွေကို ရှင်းရတာလွယ်ကူမှာပါ။ အိပ်ရေးမဝခြင်းရဲ့ နောက်ဆက်တွဲပြဿနာဆိုးကျိုးတွေလည်း များတဲ့အတွက် အိပ်ရေးဝဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုက ခန္ဓာကိုယ်လေ့ကျင့်ခန်းလုပ်တာဖြစ်ပါတယ်။ Developer တွေက အမြဲတမ်း ထိုင်ပြီးအလုပ်လုပ်‌နေရတာဖြစ်တဲ့အတွက် ကြာလာရင် ခါး၊ ပခုံးနှင့်သွေးလည်ပတ်မှု စတဲ့ပြဿနာတွေ ဖြစ်လာနိုင်တဲ့အတွက် ကျန်းမာရေးမထိခိုက်စေဖို့ gym ဆော့ဖို့ အကြံပေးချင်ပါတယ်။ တကယ်လို့ အချိန်မပေးနိုင်ခဲ့ဘူးဆိုရင်လည်း ခါးလေ့ကျင့်ခန်း၊ ‌ခေါင်းလေ့ကျင့်ခန်း အစရှိတဲ့‌လေ့ကျင့်ခန်းလေးတွေ လုပ်သင့်ပါတယ်။ ကျန်းမာ‌ရေးလိုက်စားတာက‌တော့ Developer တွေမှမဟုတ်ပါဘူး။ သက်ရှိလူသားတိုင်း လုပ်ဆောင်သင့်တဲ့အရာဖြစ်ပါတယ်။

2. Focus on your expertise
ကိုယ်က Design အပိုင်းကိုစိတ်ဝင်စားပြီး လေ့လာနေတဲ့သူတစ်ယောက်ဆိုရင် Design နဲ့သက်ဆိုင်တဲ့ပညာရပ်တွေကိုဘဲ အဓိကထားလေ့လာပြီး တစ်ဖက်ကမ်းခတ် တတ်‌မြောက်စေချင်ပါတယ်။ မိမိသူငယ်ချင်းက Backend ပိုင်းလေ့လာနေလို့ ကိုယ်ကလည်း ‌လိုက်ပြီးလေ့လာတာမျိုးမလုပ်သင့်ပါဘူး။ မလေ့လာရဘူးလို့လည်း မဆိုလိုပါဘူး။ နည်းပညာတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့အတွက်ကြောင့်မို့ လေ့လာသင့်ပါတယ်။ ဒါပေမယ့် ကိုယ်အဓိကထားလေ့လာနေတဲ့အရာကို ဦးစားပေးလေ့လာသင့်ပါတယ်။ နောက်တစ်ခုကတော့ သူများဆီမှာလိုအပ်တဲ့အရည်အချင်းထက် ကိုယ်တကယ် Focus ထားတဲ့အရည်အချင်းကို ဖြည့်သင့်ပါတယ်။ သူများလိုအပ်တဲ့အရည်အချင်းကို လိုက်ဖြည့်‌နေမယ်ဆိုရင် ကိုယ့်ဝါသနာပါပြီး Focus ထားတာတွေပျောက်သွားမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့ ဘာမှမလေ့လာခင် ကိုယ်ရဲ့ဝါသနာကို အရင်သိဖို့လိုအပ်ပါတယ်။ သိပြီးရင်လည်း အဓိက Focus ထားလေ့လာပြီးမှ ဆက်စပ်တဲ့အရာတွေကို လေ့လာသင့်ပါတယ်။

3 Don’t compare yourself with other
ကိုယ့်ကိုတစ်ခြားလူနဲ့နှိုင်းယှဉ်ခြင်းက ကိုယ်လုပ်နေတဲ့အလုပ်အပြင် တစ်ခြားသောအရာတွေအပေါ် ဆိုးကျိုးသက်ရောက်စေပါတယ်။ ကိုယ်က Beginner ဖြစ်တယ်။ Senior ဖြစ်တဲ့သူတွေကိုအားကျလို့ရတယ်။ အတုယူလို့ရတယ်။ ဒါပေမယ့် မနှိုင်းယှဉ်သင့်ပါဘူး။ သွားနှိုင်းယှဉ်လိုက်ရင် ကျွန်တော်အပေါ်မှာပြောထားသလို ဆိုးကျိုးတွေဖြစ်လာနိုင်စေတာဖြစ်လို့ သူတို့ကို ကိုယ့်ရဲ့ Idol ဆရာအဖြစ်သတ်မှတ်ပြီး သူတို့ရဲ့သင်ယူလေ့လာပုံ၊ ကြိုးစားအားထုတ်ပုံတို့ကို အတုယူလေ့လာသင့်ပါတယ်။ ဘယ်အရာမဆို ကျွမ်းကျင်တဲ့အဆင့်ရောက်ဖို့ဆိုတာ ပေးဆပ်ထားရတဲ့အချိန်၊အတွေ့အကြုံတွေက အခြေခံတာပါ။ ကိုယ်လေ့လာနေတဲ့အခက်အခဲတွေကိုလည်း သူတို့နဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်ရင်လည်း ကိုယ့်ရဲ့အခက်အခဲက အချိန်တိုအတွင်းဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ အဲ့တာကြောင့်မို့ ကိုယ့်ထက် level မြင့်တဲ့သူဘဲဖြစ်ဖြစ်၊ နိမ့်တဲ့သူဘဲဖြစ်ဖြစ် သွားပြီးမနှိုင်းယှဉ်သင့်ပါဘူး။ လူတိုင်းမှာက မတူညီတဲ့အရည်အချင်းတွေ ကိုယ်စီပိုင်ဆိုင်ထားလို့ပါ။

4 Don’t stay in the comfort zone
ဒီကမ္ဘာမှာသက်ရှိတွေအားလုံးက အဆင်ပြေချင်ကြတယ်။ ခက်ခဲမှာကိုကြောက်တယ်။ သက်တောင့်သက်သာနေချင်ကြတယ်။ အခုအဆင်ပြေနေတယ်ဆိုရင် အဲ့ဒီအရာနဲ့ပဲ ပျော်မွေ့နေကြတဲ့သူတွေများပါတယ်။ လူတော်တော်များများပြောကြတဲ့ မြန်မာမှာ စကားတစ်ခုတောင်ရှိပါသေးတယ်။ “ထိုင်နေတော့အကောင်း ထလိုက်မှကျိုးသွားရင်ဘယ်လိုလုပ်မလဲ ” ဆိုတဲ့စကားဖြစ်ပါတယ်။ အဲ့ဒီစကားက အမှန်တော့ 1990 မှာကျန်ခဲ့ပါပြီ။ အဲ့ဒီသက်တောင့်သက်သာရှိတဲ့ Comfort Zone မှာ အမြဲတမ်းနေမယ်ဆိုရင် ဆုံးရှုံးမှုတွေနဲ့ နောက်ကျကျန်နေခဲ့မှာ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာ ကြီးမားတဲ့ဆုံးရှုံးမှုက အသက်နဲ့အချိန်ဖြစ်ပါလိမ့်မယ်။ Comfort Zone မှာ‌ ‌နေတဲ့‌‌နောက်ဆုံးရလဒ်က‌ နောင်တဘဲဖြစ်ပါလိမ့်မယ်။ အဲ့ဒါကြောင့် Comfort Zone မှာ အမြဲမနေဖို့ တိုက်တွန်းချင်ပါတယ်။

5. Don’t be afraid of challenge and embrace it
ပြောင်းလဲနေတဲ့အရာ‌တွေ၊ စိန်ခေါ်မှုတွေကိုမကြောက်ပါနဲ့ လက်ခံပါ။ နည်းပညာတွေရဲ့ပြောင်းလဲတဲ့အရာအပေါ် သင်ယူတာဘဲဖြစ်ဖြစ်၊ တကယ့်လက်တွေ့အလုပ်လုပ်ရတာဘဲဖြစ်ဖြစ် စိန်ခေါ်မှုတွေကိုလုပ်ရတဲ့အခါ ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်တဲ့စိတ်က လူတိုင်းဖြစ်တတ်ကြပါတယ်။ အဲ့ဒီနည်းပညာ‌ပြောင်းလဲမှု‌တွေ၊ စိန်ခေါ်မှုတွေက ကိုယ့်ရဲ့အရည်အချင်းကိုမြင့်မားစေပါတယ်။ အဓိကအ‌ခြေခံဖြစ်တဲ့ fundamental ရဲ့ detail ကို ကျေညက်နေတယ်ဆိုရင် စိန်ခေါ်မှုတွေ၊‌ ပြောင်းလဲမှုတွေက အဆင်ပြေစေမှာပါ။ အဲ့ဒီ challenge ကို လက်ခံတဲ့လူနဲ့ လက်မခံတဲ့လူဘဲ အရည်အချင်းက ကွာသွားတာဖြစ်လို့ challenge တွေကို လက်ခံသင့်ပါတယ်။

6. Always study
IT လောကက ပင်လယ်‌ရေလိုပါဘဲ။ ဘယ်တော့မှ ယူမကုန်တဲ့အရာဖြစ်ပါတယ်။ IT နယ်ပယ်မှာ ဘယ်လောက်ပဲ အတွေ့အကြုံတွေနဲ့အချိန်တွေ ရင်းထားပါစေ ကိုယ်မသိသေးတဲ့အကြောင်းအရာက ရှိနေစမြဲပါ။ ကိုယ်မသိသေးတဲ့အကြောင်းအရာတစ်ခုကို တစ်ဦးတစ်ယောက်က ပြောပြ‌နေပြီဆိုရင် ဂရုတစိုက်မှတ်သားထားသင့်ပါတယ်။ တကယ်တမ်းကိုယ်က လက်တွေ့ ပြုလုပ်ရတဲ့အခါကျရင် ကိုယ်မှတ်သားထားခဲ့တဲ့အရာတွေက အကျိုးရှိလာစေမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့ အမြဲတမ်းလေ့လာသင်ယူနေမှ Knowledge တွေ ပြည့်ဝနေတဲ့သူတစ်‌ယောက်ဖြစ်‌စေမှာပါ။

7. To Have good relations with others
Project ကောင်းတစ်ခုရဖို့ဆိုတာ Designer တွေကောင်းမှ၊ Frontend ကောင်းမှမဟုတ်ပါဘူး။ Backend ရော အကုန်လုံးကောင်းမှ Project ကောင်းတစ်ခု ထွက်လာမှာဖြစ်ပါတယ်။အဲ့ဒီလိုထွက်လာဖို့ဆိုရင်လည်း Team တစ်ခုချင်း၊ လူတစ်ဦးချင်း ကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့လိုအပ်ပါတယ်။‌ ‌ကောင်းမွန်တဲ့ဆက်ဆံ‌ရေးရှိမှ တစ်ဦးရဲ့အခက်အခဲကိုတစ်ဦးက ကူညီဆောင်ရွက်ပေးနိုင်တာမို့ ကောင်းမွန်တဲ့ Project ကို မြန်မြန်ရစေမှာဖြစ်ပါတယ်။ Company အတွင်းမှာရှိတဲ့ လူတွေနဲ့မှ မဟုတ်ပါဘူး။ အပြင်မှာ Carrier Life တူတဲ့သူ‌တွေနဲ့လည်း ‌ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်ထားသင့်ပါတယ်။ ဒါမှသာ မသိရှိတဲ့အရာတွေသိရှိပြီး ကိုယ်ရဲ့အရည်အချင်းက ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်။

အထက်မှာပြောထားတဲ့အကြောင်းအရာတွေက Developer, Designer တွေမှမဟုတ်ပါဘူး။ ကိုယ်ရဲ့ Professional Life ကို နည်းပညာနဲ့ အသက်မွေးမယ်ဆိုရင် လိုက်နာပြုမူဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်ခင်ဗျ။ အချိန်ပေးပြီးဝင်ရောက်ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။ နောက်တစ်ခေါက် Blog မှာပြန်တွေ့ကြပါမယ်။ ကျေးဇူးတင်ပါတယ်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *