Others Work Style

Work From Home Journey

ကျွန်မကတော့ Spiceworks Myanmar မှာ အလုပ်လုပ်ကိုင်နေသော မခင်ပွင့်ဖြူခိုင် ဖြစ်ပါတယ်ရှင့်။ ကျွန်မအလုပ်လုပ်ကိုင်နေသော ကုမ္ပဏီမှာ ကျွန်မအလုပ်စဝင်သောအချိန်ကတော့ Onsite ပတ်ဝန်းကျင်ဖြစ်ပြီးတော့ နောက်ပိုင်းမှာတော့ အခြေအနေတစ်ခုကြောင့် Work from home ခရီးကိုစတင်လျှောက်လှမ်း လာခဲ့ရပါတယ်။ လျှောက်လှမ်းလာသော ခရီးရဲ့ အ‌တွေ့အကြုံများကို မျှဝေတင်ဆက်ပေးချင်ပါတယ်ရှင့်။

ကျွန်မတို့ ကုမ္ပဏီဟာဆိုရင် အခုလက်ရှိအထိ Work from home ခရီးကိုပဲ ဆက်လက်လျှောက်လှမ်းလျက်ရှိပါတယ်။ အရင်ကတော့ ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်သော ကိုဗစ်-၁၉ ကြောင့် အိမ်မှာနေပြီးအလုပ်လုပ်ကိုင်ရသော အခြေအနေကို ရောက်ရှိခဲ့ရပါတယ်။

Work from home စတုန်းက အခက်အခဲတွေက ဘာတွေလဲ။
အလုပ်ကို တစ်ခါမှ အိမ်ကနေ မလုပ်ကိုင်ဖူးတဲ့အတွက် စိုးရိမ်မှုလေးတွေတော့ ရှိပါတယ်။ အဆင်မှပြေပါမလား၊ လုပ်မှလုပ်နိုင်ပါမလားဆိုတဲ့ အတွေးတွေကတော့ ပထမဖြစ်မိတာပေါ့‌နော်။ ဒါပေမယ့်လည်း စတင်ပြီး လုပ်ကိုင်ခဲ့တာပေါ့နော်။ WFH လုပ်ရာမှာ အဓိကလိုအပ်ချက်ဖြစ်တဲ့အချက်ကတော့ အင်တာနက်ဖြစ်ပါတယ်။ အင်တာနက်လိုင်းမကောင်းတဲ့အခြေအနေဆို အလုပ်တွင်ကျယ်မှုနှောင့်နှေးပြီး အခက်အခဲဖြစ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ မိမိအလုပ်လုပ်ကိုင်နေသော စက်ရဲ့အခြေအနေတွေကိုလည်း ရင်ဆိုင်ရပါတယ်။ ရုံးမှာကျတော့ အလုပ်လုပ်ဖို့ ဖန်တီးထားတဲ့ပတ်ဝန်းကျင်ဖြစ်တဲ့အတွက် အစစအရာရာအဆင်ပြေအောင် ဖန်တီးထားပါတယ်။ ကျွန်မကျတော့ နယ်ကဖြစ်တဲ့အတွက် နယ်မှာလျှပ်စစ်မီးမရတဲ့အခါ ဆိုလာကိုပဲ အသုံးပြုပြီး အလုပ်လုပ်ရတော့ မြို့မှာနေသလို သက်တောင့်သက်သာမရှိတဲ့ ပုံစံမျိုးလေးတွေကို တွေ့ကြုံရပါတယ်။ ကွန်ပျူတာ အပူလွန်ကဲပြီး ကွန်ပျူတာ ရုတ်တရက် စက်ပိတ်သွားခြင်းပြဿနာများကိုလည်း တွေ့ကြုံခဲ့ရပါတယ်။ နောက်တော့ ရန်ကုန်ကို ပြန်လာခဲ့ပေမယ့်လည်း အိမ်မှာပဲ ဆက်လက် အလုပ်လုပ်ကိုင်ခဲ့တာဆိုတော့ နယ်ထက် စာရင်တော့ နည်းနည်းလေးတော့ ပိုအဆင်ပြေလာခဲ့ပါတယ်။

Work from home လုပ်ကိုင်ခြင်းရဲ့ အားသာချက်များက ဘာတွေဖြစ်မလဲ။
(၁) အိပ်စက်အနားယူချိန် ပိုရခြင်း
ရုံးသို့ သွားရောက်အလုပ်လုပ်ကိုင်မယ်ဆိုရင် ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်ရပါတယ်။ အိပ်ရာကစောစောထရပါတယ်။ အိမ်မှအလုပ်လုပ်ကိုင်သောအခါ မိမိက နည်းနည်းအချိန်ယူပြီး အိပ်စက်လို့ရပါသေးတယ်။

(၂) လမ်းခရီးစရိတ် သက်သာခြင်း
အိမ်ကနေ အလုပ်လုပ်ကိုင်ခြင်းဖြင့် ရုံးသွားစရာမလိုတဲ့အတွက် ခရီးစရိတ် သက်သာစေပါတယ်။

(၃) Traffic တွေမရှိခြင်း
ကားလမ်းတွေ ပိတ်ခြင်းကို မတွေ့ကြုံရခြင်းကလည်း လူတစ်ဦးကို များစွာ သက်တောင့်သက်သာဖြစ်စေပါတယ်။

(၄) အလုပ်ပြီးတာနဲ့ အိမ်ကို ပြန်ရောက်နေခြင်း
တစ်နေ့တာအတွက် အလုပ်သိမ်းတာနဲ့ အိမ်ကို ပြန်ရောက်နေခြင်းကြောင့် မိမိရဲ့ ကိုယ်ပိုင်အချိန်များကို ပိုမိုရရှိနိုင်တာမို့လို့ မိမိအတွက် အကျိုးရှိစေပါတယ်။

(၅) အဝတ်အစား သက်သာခြင်း
အိမ်ကနေ အလုပ်လုပ်ခြင်းကြောင့် ပြင်ပအဝတ်အစား စရိတ်ကိုလည်း သက်သာချောင်ချိစေပါတယ်။

(၆) ငွေကြေးကုန်ကျတာ သက်သာခြင်း
ဝန်ထမ်းတွေဘက်ကနေလည်း ရုံးကိုသွားသောအခါ မနက်စာ၊ သရေစာတွေကို ဝယ်စားနိုင်သလို (သို့) ကုမ္ပဏီဘက်ကနေလည်း ဝန်ထမ်းတွေရဲ့တစ်နေ့တာကို တာဝန်ယူထားသော ဝန်ဆောင်မှု (ကော်ဖီ၊ တစ်သျှူး၊ ရေအေး၊ aircon စသဖြင့်) တွေအတွက်လည်း သက်သာစေပါတယ်။

Work from home လုပ်ကိုင်ခြင်းရဲ့ အားနည်းချက်များက ဘာတွေဖြစ်မလဲ။
(၁) အိမ်မှာဆိုတော့ ဆူညံတာတွေ အနည်းငယ်ရှိတယ်။ အဲ့ဒီအတွက် အာရုံစူးစိုက်မှုကို နှောင့်နှေးစေတယ်။
(၂) အထီးကျန်စေတယ်
(၃) စကားပြောဖော်မရှိတော့ တစ်ခါတလေ ပျင်းရိချင်တယ်
(၄) Communication အားနည်းတာတွေ ဖြစ်တတ်တယ်
(၅) အင်တာနက်မကောင်းသောအခါ နည်းနည်း stress ဖြစ်တယ်
(၆) Face to face မဟုတ်တော့ Reality လောက်တော့ အားမရတာတွေရှိတယ်
(၇) အထိုင်များခြင်းကြောင့် ကျန်းမာရေးအားနည်းလာတယ်
(၈) တချို့ကျတော့ အလုပ်ချိန်နဲ့ ကိုင်ပိုင်ချိန် ခွဲခြားမှု မရှိလာနိုင်ခြင်း
(၉) နည်းပညာ error များ ကြုံလာရခြင်း
(၁၀) Motivation ကျတတ်ခြင်း

Work from home လုပ်ကိုင်တဲ့အခါမှာ အလုပ်တွင်ကျယ်အောင် ဘယ်လိုပြင်ဆင်မလဲ။
– ကိုယ်ပိုင်သီးသန့်နေရာ သတ်မှတ်ပါ
– အချိန်ဇယားအတိုင်း ပြီးမြောက်အောင် လုပ်ဆောင်ပါ
– အလုပ်စားပွဲလို့ သတ်မှတ်တဲ့နေရာမှာ မိမိလိုအပ်သော ပစ္စည်းများကို ပြည့်စုံအောင်ထားပါ
– မိမိက အလုပ်ဝင်နေကြောင်း မိသားစုကို အသိပေးထားပါ
– ဆိုရှယ်မီဒီယာသုံးခြင်းကို ရှောင်ကြဉ်ပါ

အထက်မှာ မျှဝေပေးခဲ့တာတွေကတော့ ကျွန်မရဲ့ Work From Home ခရီးစဉ်မှာ တွေ့ကြုံရတဲ့အကြောင်းအရာများကို တင်ဆက်မျှဝေရင်း ကျွန်မရဲ့ဘလော့ဂ်လေးကို အဆုံးသတ်လိုက်ပါတယ်ရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *