Work Style

Work From Home

အားလုံးပဲ မင်္ဂလာပါနော်။

ကျွန်မကတော့ မကြာခဏ ဆိုသလို Work Style နှင့်ပတ်သက်သော ဘလော့ခ်များကို ရေးသားလေ့ရှိတဲ့ အိဖြိုးမွန် ဖြစ်ပါတယ်ရှင့်။
ဒီတပတ်မှာတော့ ကျွန်မတို့ Spiceworks Myanmar ကုမ္ပဏီရဲ့ Work From Home ကာလအတွင်းမှာ ဝန်ထမ်းများအားလုံး၏ ကြိုတင်ပြင်ဆင်မှုများ၊ မိမိတို့ကြုံတွေ့ခဲ့ရသည့် တစ်ဦးတစ်ယောက်ချင်းစီ၏ အလုပ်လုပ်ရာတွင် အဆင်ပြေမှု၊ အဆင်မပြေမှုများရှိပေမယ့် ကြိုးစားအားထုတ်ခဲ့ပုံများနှင့် Work From Home အတွက် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အရာများကို  ပြန်လည်ဝေမျှပေးသွားပါ့မယ်။

ပထမဆုံးအနေနဲ့

(က) ကျွန်မတို့က Work From Home စလုပ်ရမည်ဟု ကုမ္ပဏီမှ ကြေညာသောအခါတွင် မိမိအိမ်တွင် Work From Home အတွက် အဆင်ပြေစေရန် မိမိအလုပ်လုပ်မည့်နေရာအား  ရုံးကဲ့သို့ စိတ်ကိုပိုမို စုစည်းနိုင်အောင် သီးခြားနေရာတစ်ခုအဖြစ် ဖန်တီးကြရပါတယ်။

(ခ) ကျွန်မတို့ ကုမ္ပဏီမှာ Design, System  Group များအပြင် Internal Group အဖြစ် HR Group, Maintenance Group, Education Group, Marketing Group  တွေဖြင့် ဖွဲ့စည်းထားတာကြောင့် ပုံမှန် အစည်းအဝေးများပြုလုပ်ရတာမျိုးရှိပါတယ်။ ဒါကြောင့်မို့လို့ မိမိအိမ်တွင်လည်း Video Call များအတွက် ပိုမိုအဆင်ပြေအောင် မိမိဘက်မှ ပြင်ဆင်ထားရပါတယ်။ ထို့နောက်မှာတော့ ရုံးမှာကဲ့သို့  မိမိတို့၏ စိတ်ရောကိုယ်ပါ အလုပ်လုပ်ဖြစ်ခဲ့ကြပါတယ်။

(ဂ) နေ့စဉ်လုပ်ရမည့် အလုပ်များနှင့် မိမိတာဝန်ယူရသည့် Project များအား Things To do, Processing, Complete အစရှိသဖြင့် အမျိုးအစားများခွဲပြီး မိမိကိုယ်တိုင် စီမံရပါတယ်။ Group Leader မှပေးသော task assign များကိုလည်း ပြီးစီးအောင်လုပ်ရပါတယ်။ Task Management အတွက်ကတာ့  Trello Boards ကို အသုံးပြုပါတယ်။  အခါအခွင့်သင့်ရင်  Trello Boards အကြောင်းကို ပြန်လည်ဝေမျှပေးသွားပါ့မယ်။

အဆင်ပြေမှုများနှင့် အကျိုးကျေးဇူးများကတော့

(က) ကျွန်မတို့ရဲ့ Self Management Skill ပိုမိုတိုးတက်လာတာမြင်ရပါတယ်။

(ခ) ရုံးတက်၊ ရုံးဆင်းအတွက် အချိန်သီးသန့်ပေးစရာ မလိုတာကြောင့် မိမိတို့၏ အချိန်ကို ချွေတာပြီးသားဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုသော် မိမိတို့၏ နေ့စဉ် အသုံးစရိတ်များပါ လျှော့ချလာနိုင်ကြပါတယ်။

(ဂ) ကိုယ်ပိုင်အချိန်များလာခြင်းကြောင့် မိမိအတွက် နည်းပညာပိုင်းဆိုင်ရာ၊ ဘာသာစကားဆိုင်ရာလေ့လာမှုများအား ပိုလေ့လာဖြစ်ခဲ့ကြပါတယ်။

(ဃ) ကျွန်မတို့သည် Work From Home အချိန်တွင် အိမ်အပြန်နောက်ကျရန်အတွက် စိုးရိမ်စိတ်မရှိပဲ အိမ်မှာနေရင်းကျန်ရှိနေသော အလုပ်တာဝန်များအား ပြီးပြတ်သည်အထိ လုပ်နိုင်ခဲ့ကြပါတယ်။

(င) ကျွန်မတို့ စိတ်ကြိုက်ဖန်တီးထားသော Work Place ဖြစ်တာကြောင့် အာရုံပျံ့လွင့်ခြင်းကိုလည်း ထိန်းချုပ်နိုင်ခဲ့သည့်အပြင် ပိုမိုကောင်းမွန်တဲ့အလုပ်အနေဖြင့်ရော ဘဝအတွက်အရေးပါသော အရာများပါ ပိုင်ဆိုင်ခွင့်ရရှိခဲ့ကြပါတယ်။

နောက်တစ်ခုအနေနဲ့ကတော့ Telecommunications နှင့်ဆိုင်သောအရာများ  Computers, Monitors, Internet အစရှိသည့် အရာများကို ပြင်ဆင်ကြခြင်းပဲ ဖြစ်ပါတယ်။ ကုမ္ပဏီဆိုတာကတော့ အလုပ်လုပ်ဖို့အတွက်  ပိုမို အဆင်ပြေချောမွေ့အောင် အစစအရာ ပြီးပြည့်စုံအောင်ဖန်တီးထားတဲ့အတွက် အရမ်းအဆင်ပြေပါတယ်။ Work From Home လုပ်ရမည့်အချိန်မှာတော့ ကုမ္ပဏီနီးပါး အဆင်ပြေချောမွေ့အောင် ဖန်တီးကြရပါတော့တယ်။

ကျွန်မတို့အနေဖြင့် အဆင်မပြေမှုအနည်းငယ်ကတော့

(က)  မီးပျက်တဲ့ တစ်ချို့ရက်တွေမှာ အလုပ်အတွက် အနည်းငယ် ကြန့်ကြာတတ်တာမျိုး ရှိခဲ့ပါတယ်။

(ခ) ရာသီဥတု ပူပြင်းလွန်းတာကြောင့် ကွန်ပျူတာအပူချိန်တက်တာမျိုးလည်း ရှိပါတယ်။

(ဂ) တစ်ခါတစ်လေ အစည်းအဝေးတက်နေချိန် အင်တာနက် လိုင်းကျမှုတွေလည်း ကြုံတွေ့ရပါတယ်။

(ဃ) အလုပ်နဲ့ပတ်သတ်သော တစ်ချို့အကြောင်းအရာများတွင် လူချင်းတွေ့လျှင် မြန်ဆန်စွာအဆင်ပြေမည်ဖြစ်သော်လည်း work from home ကာလတွင် နှောင့်နှေးတာမျိုး ကြုံတွေ့ရပါတယ်။

(င) နေအိမ်ဖြစ်သောကြောင့် မထင်ထားနိုင်သော အနှောင့်အယှက်များကြောင့်လည်း အလုပ်ချိန်ထိခိုက်နိုင်ပါတယ်။

(စ) တစ်ခါတစ်ရံ တစ်ယောက်တည်း အိမ်မှာနေရင်း အထီးကျန်သလို ဖြစ်မိတာတွေလည်း ကြုံခဲ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ယခုလို အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရချိန်မှာ တစ်ယောက်တစ်နေရာစီကနေ အကောင်းဆုံး ဖြတ်သန်းနိုင်ခဲ့တာကိုပဲ ကြည်နူးပျော်ရွှင်ရပါတယ်ရှင့်။

အမြဲလိုလို ဘလော့ခ်တွေတင်တိုင်း ဖတ်ရှုပေးကြတဲ့သူတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်နော်။

 

 

 

Hello

Leave a Reply

Your email address will not be published. Required fields are marked *