Life Style

ကျား၊ မ တန်းတူညီမျှမှု

အားလုံးပဲ မင်္ဂလာပါရှင့်။ ကျွန်မကတော့ အိဖြိုးမွန် ပါ။ ကျွန်မတို့ Spiceworks Myanmar မှ နည်းပညာပိုင်းဆိုင်ရာနှင့် အခြားအထွေထွေ ဗဟုသုတတွေကို အပတ်စဥ် ရေးသား မျှဝေလျက်ရှိပါတယ်။ ယခုတစ်ပတ်မှာ ကျွန်မ ပြန်လည်‌ဝေမျှပြီး ဆွေး‌နွေးကြည့်ချင်တဲ့ အကြောင်းအရာလေးကတော့ “ကျား၊ မ တန်းတူညီမျှမှု” ဆိုတဲ့ ခေါင်းစဥ်လေးပဲ ဖြစ်ပါတယ်။

“ကျား၊ မ တန်းတူညီမျှမှု” ဟုဆိုလျှင် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အမျိုးမျိုးရှိကြပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်မတစ်ယောက်တည်းရဲ့ အမြင်ဖြင့် အပြုသဘောဆောင်ပြီး ပြန်လည်ဝေမျှပေးပါရစေ။ အခု ဒီစာကို ရေးနေချိန်မှာ ကျွန်မက ရှမ်းပြည်နယ်ထဲက ရွာလေးတစ်ရွာကို ရောက်ရှိနေပါတယ်။ ဒီခေါင်းစဥ်လေးကို စဥ်းစားမိပြီး ပြန်လည်ဝေမျှပေးဖို့ အကြောင်းဖန်လာတာကတော့ အခုရောက်ရှိနေတဲ့ နေရာရဲ့ မပြောင်းလဲသေးတဲ့ အတွေးအခေါ်တွေ၊ အခြားတစ်ဖက်မှာ တိုးတက်၊ ပြောင်းလဲနေပေမယ့်လည်း  ရှေးရိုးစွဲနေပြီး ပြောင်းလဲလို့မရတဲ့ ပုံသေလို့ မြင်နေတဲ့ သာမာန်ဥပမာများနဲ့ အယူအဆတချို့ကို ဝေမျှပေးချင်ပါတယ်။

ထိုအရာ‌တွေကတော့

(၁) ယောက်ျားလေးဆိုရင်‌ ဘောလုံးကန်ရမယ်။ မိန်းကလေးဆိုရင် အရုပ်လေးတွေနဲ့ ဆော့ရမယ်။

(၂) ယောက်ျားလေးဆိုရင်‌ သန်မာနေရမယ်။ မိန်းကလေးဆိုရင် ထိလွယ်ရှလွယ်တတ်တယ်။

(၃) ယောက်ျားလေးဆိုရင်‌ အလုပ်ထွက်လုပ်ရမယ်။ မိန်းကလေးဆိုရင် အိမ်မှာ အိမ်အလုပ်တွေ လုပ်နေရမယ်။

(၄) ယောက်ျားလေးဆိုရင်‌ GYM သွားမယ်။ မိန်းကလေးဆိုရင် အလှပြင်ဆိုင်သွားမယ်ဆိုပြီး  အများက မြင်တွေ့ လက်ခံထားတဲ့ သာမာန်ဥပမာများပဲ ဖြစ်ပါတယ်။ ထိုနယ်ရဲ့ အခြားတစ်ဖက်မှာကျတော့ အမြင်တွေ၊ အတွေးအခေါ်တွေက အခုဆို တိုးတက်ပြောင်းလဲလို့နေပါပြီ။

နောက်ထပ် အယူအဆတစ်ခုက များသောအားဖြင့် မိသားစုအချို့မှာ မြင်တွေ့နေရတာကတော့ အမျိုးသားကိုဆိုရင် အမျိုးသမီးများက သူတို့ရဲ့ အဝတ်တွေ လျှော်ပေးရမယ်၊ ထမင်းစားဖို့ ပြင်ဆင်ခူးခပ်ပေးရမယ် ဆိုပြီး အမျိုးသမီးက လုပ်ကိုင်ပေးရတာမျိုးကို ‌တာဝန်တစ်ခုလို ဖြစ်နေတာမျိုးရှိပါတယ်။ အမှန်ဆို ကိုယ်တိုင်လည်း လုပ်ကိုင်လို့ ရကြတယ်မလားနော်။ ဒါရဲ့ ဆန့်ကျင်ဖက်မိသားစုတွေလည်း ရှိကောင်းရှိကြပါလိမ့်မယ်။ ကျွန်မအနေနဲ့ကတော့ အလုပ်ခွဲခြားခြင်းကို လူနဲ့ပဲဆိုင်မယ်လို့ မြင်မိပြီး အမျိုးသမီးတွေအ‌‌ပေါ်မှာ မျှတစွာ ရှိစေချင်တာပါပဲ။ အမျိုးသမီးများအတွက်လည်း အခွင့်အလမ်းများကို တန်းတူညီမျှ ခံစားခွင့်ရှိရန် လိုအပ်တယ် ဆိုပေမယ့် အမျိုးသားများနည်းတူ အမျိုးသားရတဲ့ အခွင့်အရေး အကုန်ရသင့်တယ်လို့တော့ မဆိုလိုပါဘူးနော်။ အမျိုးသမီးများကလည်း အရည်အချင်းရှိတယ်၊ ကြိုးစားနိုင်တယ်၊ အမျိုးသားများနည်းတူ အမျိုးသမီးအချို့ဟာ ဦးဆောင်နိုင်စွမ်း ရှိကြတယ်ဆိုတာကို အသိအမှတ်ပြုစေချင်ပြီး တလေးတစားရှိစေချင်တာပါ။ အမျိုးသား၊ အမျိုးသမီးရယ်မှ မဟုတ်ဘဲ လူတစ်ဦးချင်းစီရဲ့ အကျင့်စရိုက်၊ စိတ်နေသဘောထားနဲ့ ဆိုင်ပေမယ့် ထိုကိုယ်ချင်းစာစိတ်ကပဲ အဓိကကျမယ်လို့ မြင်မိပါတယ်။ အဓိကအကျဆုံး ရည်ရွယ်ချက်ကတော့ ကျွန်မတို့နေထိုင်ရာ ပတ်ဝန်းကျင်မှာ အမျိုးသားအလုပ်၊ ဒါကတော့ အမျိုးသမီးပဲ လုပ်ရမှာ ဆိုတဲ့ အတွေးအခေါ် အချို့ကို လျော့ကျစေချင်ပြီး ဖေးဖေးမမနဲ့ ကူညီကြစေချင်တာပါပဲ။

နောက်ထပ် အကြောင်းအရာကိုတော့ တချို့ပတ်ဝန်းကျင်မှာ ကြားဖူးနားဝ ရှိကြလိမ့်မယ်လို့ ထင်ပါတယ်။ အောင်မြင်တဲ့ ယောက်ျားတစ်ယောက်ရဲ့ အနားမှာ အမြဲတမ်း support ပေးနိုင်တဲ့ မိန်းမတစ်ယောက်ရှိတတ်ပြီး ထက်မြက်တဲ့ မိန်းမတွေရဲ့ အနားမှာကျတော့ ရှိမနေတာမျိုး၊ ရှိပေမယ့်လည်း သိပ်မတွေ့ရတာမျိုးကို မြင်ဖူးကြပါလိမ့်မယ်။ ဒါကိုတော့ စာဖတ်သူတစ်ယောက်ချင်းစီရဲ့ အတွေးအမြင်အပေါ် မူတည်ပြီး အမျိုးမျိုးကွဲပြားကြတာမို့ ထည့်မရေးတော့ပါဘူးနော်။ ကျွန်မတစ်ယောက်တည်းရဲ့ အမြင်အရပြောရရင် အိမ်တစ်အိမ်မှာဆိုလည်း သူ့အလုပ်၊ ကိုယ့်အလုပ် မခွဲခြားဘဲ တစ်ယောက်ချင်းစီရဲ့ လုပ်နိုင်စွမ်းကို အသိအမှတ်ပြုရင်း ရှေ့ဆက်ကြရင် ပိုအေးချမ်းကြမယ်လို့ မြင်မိပါတယ်။ ထို့အပြင် စီးပွားရေး လုပ်ငန်းတွေမှာ အမျိုးသမီးများ ပါဝင်ခြင်းနဲ့ နေရာပေး ခေါင်းဆောင်စေခြင်းဟာလည်း အဖွဲ့အစည်းတွေရဲ့ အောင်မြင်မှုအတွက် ပိုပြီး အထောက်အကူပြုစေတယ်လို့ မြင်မိပါတယ်။

နောက်ဆုံးအနေနဲ့ ပြောပြရရင် မိန်းကလေး၊ အမျိုးသမီးလို့ဆိုလိုက်တာနဲ့ ကန့်သတ်ချက်များနှင့် ထိန်းချုပ်မှုတွေက အရမ်းကို များပြားပါတယ်။ ရုပ်ပိုင်းဆိုင်ရာမညီမျှမှုတွေနဲ့ အချို့သော အများသူငှာနေရာများသို့ ဝင်ရောက်ရတဲ့အခါမှာ တားမြစ်ထားကြတာမျိုးတွေ ကြုံဖူးကြမှာပါ။ ထိုအရာတွေကတော့ ရိုးရာဓလေ့ ထုံးတမ်းအစဥ်အလာနဲ့ ဘာသာရေးအရ တားမြစ်ထားတာတွေ ရှိကြတာမို့ အများကြီး မပြောပြလိုတော့ပါဘူး‌‌နော်။ ကျွန်မကတော့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျော့နည်းပြီး အမျိုးသမီးများကလည်း အရည်အချင်းရှိကြောင်း လက်ခံစေဖို့ရယ်၊ ယခုအချိန်မှာ အတွေးအခေါ်များ မပြောင်းလဲသေးရင်တောင်မှ နောင်လာမယ့် အမျိုးသမီးငယ်လေးတွေအ‌ပေါ် တလေးတစားရှိပေးနိုင်ဖို့ကိုပဲ ဦးတည်ပြီး စာဖတ်သူများအနေနဲ့ အတွေးအမြင်တစ်ခုခု ရရှိသွားမယ်ဆိုရင်ပဲ ပြန်လည်ဝေမျှရကျိုးနပ်ပါပြီ။

ကဲ ဒါဆိုရင် စာဖတ်သူများအားလုံး စိတ်အေးချမ်းပျော်ရွှင်ကြပါစေနော်။

 

 

Hello

Leave a Reply

Your email address will not be published. Required fields are marked *