Life Style Others

Healthy Mind

မင်္ဂလာပါရှင့်။
ကျွန်မကတော့ Spiceworks Myanmar မှ မခင်ပွင့်ဖြူခိုင် ဖြစ်ပါတယ်။ ဒီတစ်ပတ် ကျွန်မရေးသားမျှဝေပေးချင်တဲ့ ခေါင်းစဉ်လေးကတော့ ကျွန်မတို့လူသားအားလုံးမှာ ရှိတဲ့ စိတ်ရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။

စိတ်ကျန်းမာရေးဆိုတာက ဘာလဲ?
ကျွန်မတို့ရဲ့စိတ်ဆိုတာက ကိုင်တွယ်လို့လည်း မရသလို၊ ထိတွေ့လို့လည်း မရနိုင်ပါဘူး။ သူက တွေးနိုင်တယ်။ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်းတွေ ဖြစ်နိုင်တယ်။ စိတ်ဆိုတဲ့အရာက ကိုယ်ခန္ဓာကြီးလို နေမကောင်းခြင်းတွေ၊ ဖျားနာခြင်းတွေလည်း ရှိနေနိုင်ပါတယ်။ ကျွန်မတို့ လူမှုပတ်ဝန်းကျင်ကနေ ဖြစ်ပေါ်လာသော ခံစားမှု၊ အတွေးအကြောင်းအရာတွေကြောင့် စိတ်ကျန်းမာရေးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

စိတ်ကျန်းမာရေးက ဘာကြောင့် အရေးကြီးလဲ?
ကျွန်မတို့လူသားတွေဟာ စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာနေမှ အလုပ်တွေကို ကောင်းကောင်း လုပ်နိုင်ကိုင်နိုင်၊ ဆုံးဖြတ်တာတွေလည်း ပြတ်သားစွာ လုပ်နိုင်၊ အခက်အခဲတွေကိုလည်း ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ စိတ်ကျန်းမာမှုရှိရင် ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ကြီးကလည်း မလိုလားအပ်သော ရောဂါဘယတွေကိုလည်း ကင်းဝေးနိုင်မှာ အမှန်ဖြစ်ပါတယ်။ ကျွန်မတို့နေထိုင်မှုဘဝမှာလည်း ပျော်ရွှင်သာယာဖွယ်ကောင်းသော အရာများကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ လူမှုပတ်ဝန်းကျင်ဘဝမှာ အခက်အခဲဖြစ်နေသော လူများကိုလည်း ကူညီဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ စိတ်ကနေဖြစ်ပေါ်လာသော စိတ်ဖိစီးမှုများကိုလည်း ကျွန်မတို့ရဲ့စိတ် ကျန်းမာနေမှ တွန်းလှန်တိုက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး စိတ်ကျန်းမာရေးကောင်းစေဖို့ အလေ့အထများကိုလည်း အနည်းငယ် မိတ်ဆက်တင်ပြပေးချင်ပါတယ်ရှင့်။
(၁) လေ့ကျင့်ခန်းလုပ်ပေးပါ
ကိုယ်ကာယ လေ့ကျင့်ခန်းဖြစ်စေ၊ စိတ်ခွန်အားဖြစ်စေသော လေ့ကျင့်ခန်းဖြစ်စေ၊ ယောဂလုပ်ပေးခြင်းဖြစ်စေ၊ တရားထိုင်ခြင်းဖြစ်စေ စသဖြင့် လုပ်ပေးရန်လိုအပ်ပါတယ်။
(၂) မိတ်ဆွေတွေနဲ့ တွေ့ဆုံဆက်သွယ်ပါ
ကျွန်မတို့ မိတ်ဆွေ၊ သူငယ်ချင်းများနှင့် ဆက်သွယ်ပြောဆိုပေးတာဟာလည်း စိတ်နဲ့ပတ်သက်ပြီး ကောင်းမွန်စေပါတယ်။ မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းတွေဟာဆိုရင်လည်း စိတ်ကျန်းမာရေးအတွက် ခွန်အားဖြစ်စေတဲ့ ဆေးကောင်းတစ်လက် ဖြစ်ပါတယ်။
(၃) စိတ်ပါဝင်စားတဲ့ အကြောင်းအရာ၊ ဝါသနာများကို ရှာဖွေပါ
စိတ်ကို လန်းဆန်းစေရန်အတွက် ကျွန်မတို့စိတ်က ဖြစ်ပေါ်လာသော ဝါသနာများကို ရှာဖွေလေ့လာတာကလည်း စိတ်ရဲ့ထွက်ပေါက်တစ်ခု ဖြစ်ပါတယ်။ ဝါသနာပါတဲ့အကြောင်းအရာများကိုပဲ စိတ်နှစ်မြှုပ်ပြီး ကြိုးစားနေတဲ့အတွက် တခြားသော စိတ်ဒုက္ခပေးမယ့် အကြောင်းအရာများကလည်း ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။
(၄) စောစောအိပ်ပါ
ကျွန်မတို့က အကြောင်းအမျိုးမျိုးကြောင့် အိပ်စက်အနားယူချိန်တွေ အများစုက နောက်ကျတတ်ကြပါတယ်။ ထိုအများစုထဲမှာ ကျွန်မဆိုလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ အိပ်ချိန်ကို နေ့စဉ် ၈နာရီ အိပ်စက်အနားယူမယ်ဆို လူတစ်ဦးက ပုံမှန်လုံလောက်ပါတယ်။ အိပ်ရေးဝမယ်ဆို ကျွန်မတို့လူသားတွေဟာ အလုပ်တွေမှာပဲဖြစ်ဖြစ်၊ တခြားအကြောင်းအရာတွေမှာပဲဖြစ်ဖြစ် ဦးနှောက်တွေက ဖျက်လက်တက်ကြွနေမှာ အမှန်ပဲ ဖြစ်ပါတယ်။ အကောင်းဆုံးသောအလေ့အကျင့်ကတော့ စောစောအိပ်လို့ စောစောထတာပဲ ဖြစ်ပါတယ်။
(၅) အာဟာရ ပြည့်ဝသောအစားအစာများကို စားပါ
ကျွန်မတို့ဟာ အသင့်စားသုံးလို့ရသောအစားအစာများကို အရင်ကထက် ပိုမိုစားသုံးလာကြတာကို တွေ့ရပါတယ်။ အစားအသောက်က စားသုံးဖို့ မြန်ဆန်လာပေမယ့် တစ်ဖက်မှာတော့ ဆိုးကျိုးတွေလည်း ဖြစ်လာပါတယ်။ ခန္ဓာကိုယ်က လိုအပ်လာသော အာဟာရများကိုလည်း မဖြည့်တင်းပေးနိုင်တဲ့အခါ ခန္ဓာကိုယ်တွင်းလှုပ်ရှားနေသော အစိတ်အပိုင်းများအတွက် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ထို့အတွက်ကြောင့် ကျွန်မတို့ဟာ ကျန်းမာရေးအတွက် အာဟာရ ပြည့်ဝသောအစားအစာများကို သေချာလေ့လာ စားသုံးစေချင်ပါတယ်။
(၆) ဆေးလိပ်နှင့် မူးယစ်စေတတ်သောပစ္စည်းများကို ရှောင်ရှားပေးပါ
ဆေးလိပ်နှင့် အရက်များသည်လည်း လူတွေကို ဆိုးကျိုးများဖြစ်စေနိုင်တဲ့အတွက် အတတ်နိုင်ဆုံး လျှော့ချပေးတာက အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်။
(၇) စိတ်ဖိစီးမှုများကို လွှတ်ချလိုက်ပါ
မိမိစိတ်ကို အနှောင့်အယှက်ပေးနေသောအရာများ၊ အနှောင့်အယှက်ဖြစ်စေသောအရာများကို အတတ်နိုင်ဆုံး မတွေးမိအောင် ရှောင်ရှားပေးပါ။
(၈) အွန်လိုင်းသုံးခြင်းများကို နည်းနည်းလျှော့ချပေးပါ
အင်တာနက်သုံးစွဲခြင်းဟာဆိုရင် ကောင်းခြင်းများလည်း ရှိသလို၊ မသုံးတတ်လျှင် ဘေးထွက်ဆိုးကျိုးများစွာ ရှိပါတယ်။ ထိုအကြောင်းအရာလေးနဲ့ပတ်သက်ပြီး အရင်က ကျွန်မ‌ရေးသားမျှဝေခဲ့ဖူးသော Take a break ခေါင်းစဉ်လေးမှာ ဝင်ရောက်ဖတ်ရှုလို့ ရနိုင်ပါတယ်။ ကျွန်မတို့အတွက် ကောင်းမွန်သောအရာများကိုသာ အတုယူပြီး အဆိုးများကို တွေ့ကြုံလာပါက ထိုအကြောင်းအရာတွေထဲက မြန်မြန် ရှောင်ထွက်နိုင်ပြီး ကောင်းမွန်မှုကို ရောက်အောင်သုံးစွဲသင့်ပါတယ်။
(၉) ဂိမ်းကစားပေးပါ
ကျွန်မတို့ စိတ်လေးလံမှုများကို လျှော့ချရန် ဂိမ်းကစားလို့ ရပါတယ်။ ဦးနှောက်နဲ့ပတ်သက်သော ရောဂါများကိုလည်း ဂိမ်းဖြင့် ကုသတဲ့အကြောင်းအရာတွေလည်း ရှိပါတယ်။ ဦးနှောက်ဖွံ့ဖြိုးရန်အတွက်လည်း ပါပါတယ်။ သို့ပေမယ့် အလွန်အကျူး ကစားလျှင် ဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်တာကိုလည်း သတိပြု မှတ်သားစေချင်ပါတယ်။

စိတ်ကျန်းမာရေးက ဘာကြောင့်ဖြစ်တာလဲ?
စိတ်ကျန်းမာရေးက ကျွန်မတို့နေထိုင်မှု ပတ်ဝန်းကျင်ကြောင့် ဖြစ်ရတာတွေလည်းရှိပါတယ်။ ဒါ့အပြင် မိသားစုတစ်စုမှာ နာတာရှည်ရောဂါတစ်ခု ခံစားနေရသောလူများလည်း ဖြစ်ပွားနိုင်သလို၊ ကလေးဘဝတွေမှာ အနိုင်ကျင့်၊ လျစ်လျူရှုခံရတဲ့အကြောင်းအရာတွေမှာလည်း ဖြစ်နိုင်ပါတယ်။

စိတ်ကျန်းမာရေးကို ဖြစ်စေသော အလေ့အထများ
တစ်ခါတလေ ကျွန်မတို့ကိုယ်တိုင်တောင် သတိမမူမိဘဲ ဖြစ်ပျက်သွားသော အလေ့အထများလည်း ရှိပါတယ်။
(၁) ခန္ဓာကိုယ် လှုပ်ရှားမှုမရှိခြင်း
(၂) အသင့်စား အစားအစာများကို စားသုံးခြင်း
(၃) ဖုန်းအသုံးများခြင်း
(၄) ကိုယ်နေဟန်ထား မမှန်ခြင်း
စသည်တို့ ဖြစ်ပါတယ်။

ကျွန်မ ယနေ့ရေးသားမျှဝေပေးခဲ့သော စိတ်ကျန်းမာရေးခေါင်းစဉ်လေးကို ဖတ်ရှုပြီး အားလုံးလည်း ဗဟုသုတတစ်ခုခု ရခဲ့မယ်ဆိုရင် ကျွန်မဝမ်းသာပါတယ်ရှင့်။ စာဖတ်ပရိသတ်အပေါင်းလည်း စိတ်ဓာတ်ကြံ့ခိုင်သန်စွမ်းပြီး သူတစ်ပါးကို စိတ်ခွန်အားပေးနိုင်သော လူသားများ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းရင်း ကျွန်မဘလော့ဂ်လေးကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်ရှင့်။ သာယာသော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *