Life Style Others

Maturity

အားလုံးပဲ မင်္ဂလာပါ။
ကျွန်မကတော့ Spiceworks Myanmar က မခင်ပွင့်ဖြူခိုင် ဖြစ်ပါတယ်။ ကျွန်မကတော့ ကျွန်မတို့လူသားတွေမှာ ရှိသင့်တဲ့ ရင့်ကျက်မှု ဆိုတဲ့ ဘလော့ဂ်လေးကို တင်ဆက်ပေးချင်ပါတယ်။

ရင့်ကျက်မှုဆိုတာ ဘာလဲ။
ရင့်ကျက်မှုဆိုတာက ကျွန်မတို့အသက်ရှင်နေတဲ့ ကာလတစ်လျှောက်လုံး လူသားချင်းစာနာမှု၊ အမှန်တရားကို လက်ကိုင်ထားပြီး ကိုယ်တိုင်လည်း လွတ်မြောက်အောင် ကြိုးစားပြီး တခြားသူတွေကိုလည်း ဒုက္ခတွေကြားထဲက ကူညီလမ်းပြပေးမှု ဖြစ်ပါတယ်။

“အသက်ကြီးပြီး အချိန်မစီးဘူး”
ကျွန်မတို့ လူ့လောကအလယ်မှာ အများပြောနေကြတဲ့ အပေါ်က စကားလေးတစ်ခွန်းကို ကြားဖူးနေကြမယ်လို့ ထင်ပါတယ်။ ကျွန်မတို့ ရင့်ကျက်တယ်ဆိုတာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး။ တချို့ဆို အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ရင့်ကျက်တဲ့ အတွေးအခေါ်ပုံစံလေးတွေ ရှိကြတယ်။ တချို့ကျတော့လည်း အသက်အရွယ်က ကြီးပြီး ရင့်ကျက်မှုက နည်းပါးကြတယ်။ ကျွန်မတို့ အသက်အရွယ် ငယ်ငယ်၊ ကြီးကြီး ရင့်ကျက်တဲ့ အတွေးအခေါ်လေးတွေဖြင့် တည်ဆောက်ထားတဲ့ လူသားလေးတွေ ဖြစ်အောင်ကြိုးစားနေထိုင်သင့်ပါတယ်။

ရင့်ကျက်မှုရှိအောင် ဘယ်လိုတွေ လုပ်ဆောင်မလဲ
(၁) စိတ်ရှည်ပါ
(၂) ကိုယ်ချင်းစာတရားထားပါ
(၃) ယုံကြည်မှုရှိပါ
(၄) ဇွဲလုံ့လရှိပါ
(၅) Self Control လုပ်ပါ
(၆) Goal Setting ထားပါ
(၇) Meditation

“Maturity is not measured by age. It’s an attitude built by experience.”
ရင့်ကျက်မှုဆိုတာက အသက်အရွယ်ဖြင့် တိုင်းတာတာမဟုတ်ဘဲ မိမိအတွေ့အကြုံတွေဖြင့် တည်ဆောက်ထားတဲ့ စိတ်နေသဘောထား တစ်ခုပဲဖြစ်ပါတယ်။

အသက်အရွယ်အရ တိုင်းတာခြင်းမဟုတ်တာ ဖြစ်တဲ့အတွက် ကျွန်မတို့လူသားတွေဟာ နောင်လာမယ့် မျိုးဆက်သစ်လေးတွေကိုလည်း ရင့်ကျက်အောင် ပြုစုပျိုးထောင်ပေးသင့်ပါတယ်။ ကျွန်မတို့ဟာ ကလေးငယ်လေးတွေကနေ လူငယ်၊ လူငယ်လေးတွေကနေ လူကြီးတွေ ဖြစ်လာတာပါ။ ဒါကြောင့် ရင့်ကျက်တဲ့လူသားလေးတွေ ဖြစ်အောင် ကလေးငယ်လေးတွေကို ပြုစုပျိုးထောင်ပေးသင့်ပါတယ်။

(၁) မိမိကိုယ်ကို အားကိုးတတ်အောင် သင်ပေးပါ။
လူကြီးတွေက ကလေးတွေကို သူတို့နဲ့မျှတတဲ့ အကြောင်းအရာလေးတွေကို ဖြည်းဖြည်းချင်းစီ သူတို့ဘာသာ လုပ်တတ်အောင် သင်ကြားပေးသင့်ပါတယ်။ ဥပမာ အင်္ကျီဝတ်တာ၊ ရေချိုးတာ၊ ဖိနပ်စီးတာ စသဖြင့်ပေါ့။ လူကြီးတွေက ကလေးတွေ လုပ်ရင် ကြာတယ်၊ ပုံစံမကျဘူးဆိုပြီး မိဘတွေကပဲ အမြဲလုပ်ပေးတတ်ကြပါတယ်။ အဲ့လိုမျိုးတွေကို မလုပ်ပေးဘဲ သူတို့ဘာသာ လုပ်နိုင်အောင် ကြိုးစားပေးသင့်ပါတယ်။ ဘာလို့ဆို အသေးအမွှားလေးတွေကနေ သူတို့ဘာသာ စီမံလာတော့ နောက်ပိုင်း ဘယ်ကိစ္စကိုမဆို ဘယ်သူဘယ်ဝါကိုမှ အားမကိုးဘဲ သူတို့ဘာသာ ရပ်တည်လာနိုင်ပါလိမ့်မယ်။

(၂) စည်းကမ်းရှိအောင် သင်ပေးပါ။
စည်းကမ်းဆိုတာ လူသားတို့လိုက်နာရန် သတ်မှတ်ပိုင်းခြားထားတဲ့ ယဉ်ကျေးမှုကျင့်ဝတ် တစ်ခုလည်းပဲ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ စည်းကမ်းမရှိရင် ဆုံးရှုံးတဲ့ ရလဒ်များကို လက်ခံရမှာဖြစ်ပါတယ်။ ဥပမာ “ကွမ်းတံတွေးမထွေးရလို့” ရေးထားတာကို တွေ့ရဲ့သားနဲ့ ထွေးမိရင် ကျွန်မတို့ ဒဏ်ငွေပေးဆောင်ရမှာပေါ့။ တန်ဖိုးရှိ ပစ္စည်းတစ်ခုကို သေချာမထားမိ၊ မသိမ်းဆည်းမိရင် ပျောက်ဆုံးမှုကို ကြုံတွေ့ရမှာပေါ့နော်။ အမှိုက်တွေကို စည်းကမ်းရှိစွာ မပစ်ရင် ညစ်ညမ်းတဲ့ ပတ်ဝန်းကျင်ကြီးဖြစ်လာပြီး ကမ္ဘာမြေအတွက် အကျိုးမရှိတဲ့ရလဒ်တွေ ဖြစ်ပေါ်လာမှာပေါ့။ အဲ့ဒါကြောင့် ကလေးတွေကို ငယ်ငယ်လေးထဲက စည်းကမ်းရဲ့တန်ဖိုးကို သိအောင် စနစ်တကျ လေ့ကျင့်ပေးသင့်ပါတယ်။

(၃) ကလေးလိုမျိုး မဆက်ဆံပါနဲ့။
ကလေးတွေက တစ်ချိန်မှာ လူငယ်လေးတွေဖြစ်လာပြီး လူကြီးတွေ ဖြစ်လာကြမှာပါ။ မိဘတွေကတော့ သူတို့မျက်လုံးထဲမှာ သူတို့သား၊ သမီးတွေက ဘယ်လောက် ငယ်ငယ်၊ ကြီးကြီး ကလေးလို့ပဲ အမြဲမြင်ကြပါတယ်။ ကျွန်မမိဘတွေဆိုရင်လည်း အဲ့လိုပါဘဲ။ တကယ်တော့ ကလေးဆိုပေမယ့်လည်း သင်ကြားပေးသင့်တဲ့အရာတွေ၊ လုပ်သင့်နေပြီး ဖြစ်လို့ လုပ်ကိုင်နေတဲ့အရာတွေဆို မိဘတွေက အားပေးအား‌မြှောက် လုပ်ပေးသင့်ပါတယ်။ ကလေးပဲရှိသေးလို့ မလုပ်နဲ့ ဆိုတဲ့ စကားတွေကို မသုံးသင့်ပါဘူး။ ဥပမာ ကလေးက ဟင်းချက်ကြည့်ချင်တယ်ဆိုရင် မိဘတွေက အပူလောင်မှာစိုးလို့ မလုပ်နဲ့ ဘာတို့ပေါ့။ အဲ့လိုမလုပ်ဘဲ ကလေးကို နောက်ကနေ သေချာလေး ပံ့ပိုးပေးသင့်ပါတယ်။

(၄) အကျိုးအကြောင်း ရှင်းပြပေးပါ။
ကလေးက အပြစ်တစ်ခုခုလုပ်ရင် မိဘတွေက ရိုက်ပြီး ဆုံးမကြတဲ့သူတွေရှိပါတယ်။ တကယ်တော့ ကလေးက တွေးမိသွားပါလိမ့်မယ်။ သူတို့က ငါအပြစ်လုပ်ရင် အရိုက်ခံလိုက်ရင် ပြီးသွားပြီလို့ ဆိုပြီးတော့ပေါ့။ တကယ်တော့ ရိုက်တဲ့နေရာမှာ မရိုက်ဘဲ စကားနဲ့ကလေးကို အကျိုးအကြောင်း သေချာလေး ပြောပြပေးသင့်ပါတယ်။ ဥပမာ မီးခြစ်နဲ့ကလေးက ဆော့နေရင် မီးက အန္တရာယ်များတယ်ဆိုတဲ့အကြောင်းကို သာဓကလေးတွေနဲ့ ဆုံးမပြောဆိုပေးမယ်ဆိုရင် ကလေးက နားလည်သွားမယ်လို့ ထင်မြင်ပါတယ်။ ကလေးဆိုတာက ဘာမှမသိ ဘာမှမတတ်သေးတဲ့ ဖြူစင်တဲ့ အဖြူရောင်လေးပါပဲ။ အဲ့ဒါကို သေချာလေး အရောင်လေးတွေ ရွေးချယ်ပေးရင် ကလေးက လှပတဲ့အရောင်လေးတွေကို ပိုင်ဆိုင်တဲ့ကလေးလေးတစ်ယောက် ဖြစ်လာမှာပါ။

(၅) ရွေးချယ်ခွင့်ပေးပေးပါ။
ကလေးတွေက လုပ်ချင်တဲ့ အရာလေးတွေက တစ်မျိုး၊ မိဘက လုပ်စေချင်တဲ့အရာက တစ်မျိုးစီ ဖြစ်နေတတ်ပါတယ်။ အဲ့အခါ ကလေးတွေကို ဦးစားပေးသင့်ပါတယ်။ ဘာလို့ဆို တကယ့်အကြောင်းအရာတွေကို ရင်ဆိုင်ရမှာက မိဘမဟုတ်ဘဲ ကလေးတွေ ကိုယ်တိုင်ဖြစ်နေလို့ပါပဲ။ ကလေးက ပုံဆွဲချင်တယ်ဆိုရင် သူ့ကို ဆွဲခွင့်ပေးလိုက်ပါ။ ဘာလို့ဆို သူက ကောင်းမွန်တဲ့ အတွေးလေးတွေနဲ့ သူ့ပန်းချီလေးကို လှပအောင် ဆေးခြယ်နိုင်တာမို့လို့ပါ။ အဲ့အချိန်မှာမိဘက မရဘူး။ ငါက နင့်ကိုစာကျက်စေချင်တာ။ စာပဲကျက်ရမယ်ဆိုပြီး ဖိအားမပေးပါနဲ့။ ကလေးက မလုပ်ချင်တဲ့အလုပ်ကို လုပ်ရတဲ့အခါ ကောင်းမွန်တဲ့ရလဒ်ကို ရလာနိုင်မှာမဟုတ်လို့ပါ။ အဲ့ဒါကြောင့် ကိုယ်ကလည်းသူ့ဆန္ဒကို ဖြည့်ပေးရင်း သူတို့လိုအပ်နေတယ်လို့ ထင်တဲ့အရာလေးတွေကိုလည်း နောက်ကနေ ပံ့ပိုးပေးသင့်ပါတယ်။

(၆) လူသားချင်း ကိုယ်ချင်းစာ တရားရှိအောင် သင်ပေးပါ။
အခုလိုမျိုးခေတ်မှာ လူသားချင်း စာနာစိတ်က မရှိကြတာကို တွေ့နေရပါတယ်။ သူ့နေရာမှာ ငါသာဆိုရင် ဘယ်လိုနေမလဲ။ ငါပြောသင့်လား ငါလုပ်သင့်လားဆိုတဲ့ အရာလေးတွေပေါ့။ သူတစ်ပါး ဒုက္ခရောက်စေမယ့် အကြောင်းအရာလေးတွေကိုလည်း မလုပ်မိစေအောင် စနစ်တကျ တွေးခေါ်တတ်အောင် ပြောပြပေးသင့်ပါတယ်။ လူ့လောကမှာ လိုအပ်နေတဲ့ စာနာစိတ်လေးတွေကို ကလေးတွေရဲ့စိတ်ထဲမှာ ကိန်းအောင်းနေအောင် ငယ်ငယ်လေးထဲက ပျိုးထောင်ပေးသင့်ပါတယ်။

“Self-knowledge is the first step to maturity.” ဆိုတဲ့အတိုင်း ရင့်ကျက်ဖို့အတွက် ပထမခြေလှမ်းက ကိုယ်ပိုင်အသိပညာတွေပဲ ဖြစ်ပါတယ်။

ရင့်ကျက်သူများရဲ့ လက္ခဏာများ
(၁) ခွင့်လွှတ်တတ်လာခြင်း
(၂) စကားကို အကျိုးသင့်၊ အကြောင်းသင့် ပြောတတ်ခြင်း
(၃) တခြားသူပြောတာတွေကို နားထောင်ပေးတတ်ခြင်း
(၄) စိတ်ရှည်ခြင်း
(၅) အရာရာက ပြောင်းလဲနိုင်တယ်လို့ သိမြင်ခြင်း
(၆) တခြားသူအပေါ်ကို မျှော်လင့်ချက်ထားတာ နည်းခြင်း
(၇) ကိုယ်တိုင်သာ အဓိက ကျတယ်လို့ သိမြင်လာခြင်း
(၈) မနာလိုမှုတွေ မရှိတော့ခြင်း
(၉) တစ်ကိုယ်ကောင်းဆန်မှု ကင်းစင်ခြင်း
(၁၀) ကတိတည်ကြည်ခြင်း
(၁၁) တာဝန်ယူမှု အပြည့်ရှိခြင်း
(၁၂) ‘ငါ’ဆိုတဲ့ အတ္တစိတ်ကင်းစင်ခြင်း

“Maturity is a high price to pay for growing up.”
ရင့်ကျက်မှုက တိုးတက်ကြီးပွားအောင်မြင်လာဖို့အတွက် ပေးဆောင်ရတဲ့ အမြင့်မားဆုံးသော ဈေးနှုန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့လူသားတွေဟာ ဘယ်အရာတွေကိုပဲ လိုချင်လိုချင် ပေးဆပ်ရတဲ့ ပမာဏတွေကတော့ အစဉ်အမြဲ ရှိနေတာပါပဲ။ ကောင်းမွန်တဲ့အရာတွေကို ရယူပိုင်ဆိုင်ချင်ရင်တော့ အရင်ဆုံး ကျွန်မတို့ ရင့်ကျက်မှုရှိအောင် အတူတူ ကြိုးစားကြရအောင်လို့ ဖိတ်ခေါ်ရင်း ကျွန်မရေးသားမျှဝေပေးခဲ့တဲ့ ဘလော့ဂ်လေးကို ဒီမှာဘဲ အဆုံးသတ်လိုက်ပါတယ်ရှင့်။
အခုလိုမျိုး အချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ စာဖတ်ပရိသတ်များကို ကျေးဇူးတင်ပါတယ်ရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *