Design

Meaning of Colors

မင်္ဂလာပါရှင့်။

ညီမကတော့ Spiceworks Myanmar Web Production Company တွင် Web Designer အဖြစ် ဝင်ရောက် အလုပ်လုပ်ကိုင်နေတဲ့ မဇင်နုထွေး ဖြစ်ပါတယ်ရှင့်။
ညီမအနေနဲ့ အရှေ့တစ်ခေါက်မှာတော့ အရောင်၏ အရေးပါမှုနှင့်  color theory အကြောင်းအရာ လေးတွေကို‌ ‌‌အနည်းငယ် ဝေမျှပေးခဲ့ပြီးဖြစ်ပါတယ်။ ထိုအကြောင်းအရာများကို စိတ်ဝင်စားပါက အောက်ပါ link မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။
https://spiceworksmyanmar.com/blog/tasting-of-color-theory/
ဒီအပတ်မှာတော့ အရောင်၏ အနက်အဓိပ္ပါယ်များကို  ညီမ လေ့လာမိသလောက် blog တစ်ခုအနေနဲ့ ပြန်လည်၍ မျှဝေပေးချင်ပါတယ်ရှင့်။
အရောင်များတွင် အနက်အဓိပ္ပါယ် အမျိုးမျိုးရှိကြပါတယ်။ နေရာဒေသ၊ လူမျိုးနှင့် ယဉ်ကျေးမှုဓလေ့ ထုံးစံများ အပေါ်တွင် မူတည်၍ မတူညီသော ခံစားမှုနှင့် အနက်အဓိပ္ပါယ်ပြောင်းလဲသွားခြင်းများလည်း ရှိပါတယ်။ အရောင်တစ်ခုစီတွင် ရှုထောင့်များစွာရှိသော်လည်း ညီမတို့ ပတ်ဝန်းကျင်ရှိ သဘာဝနှင့် ဆက်စပ်လျက်ရှိနေတာကြောင့် အနက်အဓိပ္ပါယ်များကို ရိုးရှင်းစွာဖြင့် အလွယ်တကူနားလည်နိုင်ပါတယ်။ အရောင်များ၏ အဓိပ္ပါယ်သည် စီးပွားရေးနှင့် ကုန်အမှတ်တံဆိပ်မှသည် ညီမတို့၏ နေ့စဉ်ဘဝအထိ အမျိုးမျိုးသော နယ်ပယ်များစွာကို လွှမ်းခြုံထားလျက်ရှိပါတယ်။ ၎င်းတွင်ညီမတို့၏ အဝတ်အစား၊ ဖုန်း၊ ကား အစရှိသော အသုံးဆောင်ပစ္စည်းများ၏ အရောင်ရွေးချယ်မှု စသည်တို့လည်း ပါဝင်ပါတယ်။ ထိုရွေးချယ်မှုများတွင်  စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုများ၊ ဇီဝဗေဒအခြေအနေနှင့် ယဉ်ကျေးမှုဆိုင်ရာအခြေအနေများမှ ဖြစ်ပေါ်လာသော ခံစားချက်များနှင့်လည်း ဆက်စပ်မှုရှိနေပါတယ်။ ဆိုလိုသည်မှာ ညီမတို့၏ စိတ်ခံစားချက်အခြေအနေနှင့် ပတ်ဝန်းကျင်အခြေအနေများသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်နေတတ်တဲ့အတွက် ထိုအခြေအနေပေါ်မူတည်ပြီးလည်း အရောင်ရွေးချယ် အသုံးပြုမှုများ ရှိတတ်ပါတယ်။

ဥပမာအားဖြင့် လူတစ်ဦးသည် နေ့တစ်နေ့တွင် အနီရောင်ကို ဝတ်ဆင်ရန် ရွေးချယ်လိုက်ပြီဆိုလျှင် ထိုရွေးချယ်မှုမှာ အောက်တွင်ဖော်ပြထားသော အကြောင်းအရာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုသော အခြေအနေကြောင့် ရွေးချယ်လိုက်ခြင်း ဖြစ်ပါတယ်။
–  ရွေးချယ်ဝတ်ဆင်လိုက်တဲ့ အရောင်သည် သူ့အတွက် အကြိုက်ဆုံးအရောင် ဖြစ်တဲ့အတွက်ကြောင့် (သို့မဟုတ်)
–  သူလုပ်ဆောင်ရမယ့် အလုပ်နဲ့ဆက်စပ်နေသောအရောင် ဖြစ်တဲ့အတွက်ကြောင့် (သို့မဟုတ်)
–  ကိုယ့်ကိုယ်ကို motivation တစ်ခုအနေနဲ့ ဖြစ်စေသောအရောင် ဖြစ်တဲ့အတွက်ကြောင့် (သို့မဟုတ်)
–  စိတ်ခံစားချက်အရဖြစ်ပေါ်လာသောအရောင် ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ယေဘုယျဖြစ်သော အရောင်များနှင့် အသုံးများသော အခြေခံအရောင်များ၏ အနက်အဓိပ္ပါယ်ကို အနည်းငယ် ပြောပြပေးချင်ပါတယ်။

Warm Colors

ပူနွေးသောအရောင်များတွင် အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်နှင့် ဆင်တူသောအရောင်များ ပါဝင်ပါတယ်။ ထိုအရောင်တို့သည် နေရောင်ခြည်နှင့် အပူကဲ့သို့သော နွေးထွေးသောအရာများကို ဖော်ညွှန်းပါတယ်။ စိတ်အားထက်သန်မှု၊ ပျော်ရွှင်မှုနှင့် စွမ်းအင်တို့ကို ထင်ဟပ်စေရန် သင်၏ဒီဇိုင်းများတွင် နွေးထွေးသောအရောင်များကို အသုံးပြုရန် သင့်တော်ပါတယ်။

Cool Colors

အေးမြသောအရောင်များတွင် အစိမ်းရောင်၊ အပြာရောင်၊  ခရမ်းရောင်တို့ ပါဝင်ပါတယ်။ ၎င်းတို့သည် ည၏အရောင်၊ ရေနှင့် သဘာဝကို ဖော်ညွှန်းပါတယ်။ အေးဆေးတည်ငြိမ်ပြီး စိတ်ကိုလန်းဆန်းစေသော ခံစားမှုကိုဖော်ဆောင်ပေးလိုပါလျှင် ထိုအရောင်များကို အဓိကထား၍ ရွေးချယ်အသုံးပြုသင့်ပါတယ်။

 

အနီရောင်
အနီရောင်သည် ရဲရင့်ခြင်း၊ သတ္တိရှိခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း၊ ပြတ်သားခြင်း စသည်တို့ကို ကိုယ်စားပြုပါတယ်။ ထိုအရောင်ကိုအသုံးပြုခြင်းဖြင့် ညီမတို့၏ ကုန်ပစ္စည်း သို့မဟုတ် အခြားသောအရာများကို ရွေးချယ်တဲ့အခါ လျင်မြန်စွာ ဆုံးဖြတ်ချက်ချရန် လှုံ့ဆော်ပေးပါတယ်။ အဓိကထား၍ ဖော်ပြလိုသော နေရာတွင် ထိုအရောင်ကို အသုံးပြုလေ့ရှိကြပါတယ်။

လိမ္မော်ရောင်
လိမ္မော်ရောင်သည် အနီရောင်၏ စွမ်းအင်နှင့် အဝါရောင်၏ ပျော်ရွင်မှုကို ပေါင်းစပ်ဖော်ပြပေးသော အရောင်ဖြစ်ပါတယ်။ ထိုအရောင်ကို စိတ်အားထက်သန်မှု၊ စိတ်ဝင်စားမှု၊ တီထွင်ဖန်တီးမှုများကို ဖော်ပြရာတွင် အသုံးပြုကြပါတယ်။ ယေဘုယျအားဖြင့် စားသောက်ကုန်ပစ္စည်းများနှင့် ကစားစရာပစ္စည်းများ အရောင်းမြှင့်တင်ရန်အတွက်လည်း အသုံးပြုကြပါတယ်။

အဝါ‌ရောင်
အဝါ‌ရောင်သည် နေ၏အရောင်ဖြစ်ပါတယ်။ ဝမ်းမြောက်ခြင်း၊ ပျော်ရွင်ခြင်းနှင့် စွမ်းအင်များကို ကိုယ်စားပြုပါတယ်။ ပူနွေးစေသော အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေပြီး ရွှင်လန်းစေခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများကို လှုံ့ဆော်ပေးပါတယ်။ ကလေးများ၏ထုတ်ကုန်များနှင့် အပန်းဖြေခြင်းနှင့် ဆက်စပ်သောပစ္စည်းများတွင် အသုံးပြုလေ့ရှိတတ်ကြပါတယ်။

အစိမ်းရောင်
အစိမ်းရောင်သည် သဘာဝအရောင်ဖြစ်ပါတယ်။ ထိုအရောင်သည် ရှင်သန်ခြင်း၊ လန်းဆန်းခြင်းနှင့် အေးမြစေသောခံစားမှုများကို ကိုယ်စားပြုပါတယ်။ ဆေးနှင့်ဆေးပစ္စည်းထုတ်ကုန်များ၊ ပညာရေးနှင့်ဆက်စပ်သောအရာများကို ရည်ညွှန်းဖော်ပြရာတွင် အသုံးပြုလေ့ရှိကြပါတယ်။ အစိမ်းရောင်သည် ညီမတို့ သဘာဝပတ်ဝန်းကျင်၌ ရင်းနှီးစွာတွေ့မြင်နေရတဲ့အတွက် တခြားသောအရောင်များနှင့် တွဲဖက်ပြီး အသုံးပြုလျှင်လည်း အဆင်ပြေစေပါတယ်။

အပြာရောင်
အပြာရောင်သည် ကောင်းကင်နှင့် ပင်လယ်၏အရောင် ဖြစ်ပါတယ်။ ထိုအရောင်သည် ယုံကြည်မှု၊ သစ္စာစောင့်သိမှုများကို ကိုယ်စားပြု အသုံးကြပါတယ်။ သန့်ရှင်းမှုနှင့် သန့်စင်မှုကို အဓိကဖော်ညွှန်းချင်သောအခါတွင် အသုံးပြုတတ်ကြပါတယ်။ ရေနှင့်ရေသန့်ထုတ်ကုန်များ၊ လေကြောင်းလိုင်းများ၊ ပင်လယ်ခရီးသွားလုပ်ငန်းအနေနဲ့လည်း ထိုအရောင်ကို ရွေးချယ်အသုံးကြပါတယ်။

ခရမ်းရောင်
ခရမ်းရောင်သည် အပြာရောင်၏ တည်ငြိမ်မှုနှင့် အနီရောင်၏ စွမ်းအင်တို့ကို ပေါင်းစပ်ထားပါတယ်။ ထိုအရောင်သည် တော်ဝင်မြင့်မြတ်သော အဓိပ္ပါယ်ကို အဓိကထား ကိုယ်စားပြုပါတယ်။ တောက်ပသော ခရမ်းရောင်များကို တော်ဝင်မြင့်မြတ်သောအရာများနှင့် ကလေးများ၏ ထုတ်ကုန်များကို အရောင်းမြှင့်တင်ရာတွင် အသုံးပြုကြပါတယ်။

အဖြူရောင်
အဖြူရောင်သည် ကိုယ်စိတ် စင်ကြယ်ခြင်း၊ သန့်ရှင်းဖြူစင်ခြင်း၊ ကောင်းမြတ်ခြင်း၊ အပြစ်ကင်းစင်ခြင်းသဘောကိုဆောင်ပါတယ်။ အဆင့်မြင့်နည်းပညာထုတ်ကုန်များကို ရိုးရှင်းစွာဖော်ပြလိုလျှင် အသုံးပြုကြပါတယ်။

အနက်ရောင်
အနက်ရောင်သည် ခွန်အားနှင့် အာဏာကို ရည်ညွှန်းပါတယ်။ အလွန်ရိုးရှင်းသော၊ လှပကြော့ရှင်းပြီး ဂုဏ်သိက္ခာရှိသောအရောင်ဟုလည်း သတ်မှတ်ကြပါတယ်။ ထိုအရောင်သည် နက်ရှိုင်းမှုခံစားချက်ကို ခံစားရစေပါတယ်။ အခြားသော အနောက်နိုင်ငံတချို့မှာတော့ ဝမ်းနည်းပူဆွေးခြင်း အနေနဲ့လည်း အသုံးပြုကြပါတယ်။ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်လိုက်ပါက ပိုမိုလှပပြီး သွယ်လျသွားသည်ဟုလည်း ခံစားရပါတယ်။ အနုပညာ (သို့မဟုတ်) ဓာတ်ပုံပြခန်းတို့တွင် ဒီဇိုင်းကို ပိုမိုပေါ်လွင်စေရန် အနက်ရောင် (သို့မဟုတ်) မီးခိုးရောင် နောက်ခံကိုအသုံးပြုတတ်ကြပါတယ်။

အချိန်ပေးပြီးဖတ်ရှုပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

Reference Links
https://99designs.com/blog/tips/color-meanings/
http://www.color-wheel-pro.com/color-meaning.html
https://www.smashingmagazine.com/2010/01/color-theory-for-designers-part-1-the-meaning-of-color/

Hello

Leave a Reply

Your email address will not be published. Required fields are marked *