Life Style Others

Save The Earth

အားလုံးပဲ မင်္ဂလာပါရှင့်။

ကျွန်မကတော့ Spiceworks Myanmar မှာ အလုပ်လုပ်ကိုင်နေတဲ့ မခင်ပွင့်ဖြူခိုင် ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရာသီဥတုကလည်း ပူပြင်းလာတာကို ခံစားမိရင်း ဂရုစိုက်ဖို့ တွေးမိတဲ့အကြောင်းအရာလေးတချို့ကရှိနေတော့ “Save the earth” ဆိုတဲ့ခေါင်းစဉ်လေးတစ်ခုကို တင်ဆက်မျှဝေပေးလိုက်ပါရစေရှင့်။

ကျွန်မတို့ ကမ္ဘာကြီးကို လေ၊ ရေ၊ မြေ နှင့် သက်ရှိဆိုပြီး အပိုင်း (၄) ပိုင်းဖြင့် ဖွဲ့စည်းထားပါတယ်။ အပိုင်းတစ်ပိုင်း တစ်ခုချင်းစီက တစ်ခုနဲ့တစ်ခု မှီငြမ်း အထောက်အကူပြုနေကြပါတယ်။ ယခုဆိုရင် တစ်ခုနဲ့တစ်ခု သဟဇာတ မကိုက်ညီမှုတွေကြောင့် ကမ္ဘာကြီးက ပူနွေးမှုတွေ ဖြစ်ပေါ်လာပါတယ်။ ဘယ်လိုတွေကြောင့် ဖြစ်ပေါ်လာလဲဆိုရင် သစ်တောပြုန်းတီးမှုများ တိုးမြှင့်လာခြင်း၊ ပလပ်စတစ်များကို သုံးစွဲမှုများပြားလာခြင်း၊ စက်မှုဖွံ့ဖြိုးလာမှုကြောင့် လေထုနဲ့ရေထုတွေ ညစ်ညမ်းလာခြင်း နှင့် အမှိုက်များကို စနစ်တကျ မပစ်မှုကြောင့် စသဖြင့် အကြောင်းအရာများကြောင့် ဖြစ်ပွားလာရပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုဖောက်ပြန်မှုတွေလည်း ဖြစ်ပေါ်လာပြီး အခက်အခဲများကို ရင်ဆိုင်နေရတဲ့ အကြောင်းအရင်းများစွာလည်း ရှိပါတယ်။ ထိုအရာများကတော့ အားလုံးသိမြင်ကြတဲ့အတိုင်း အပူလွန်ကဲခြင်း၊ ရေကြီးရေလျှံခြင်း၊ မုန်တိုင်း တိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ မိုးခေါင်ခြင်း၊ မြေပြိုခြင်း၊ တောမီးလောင်ခြင်း၊ ဇီဝမျိုးစိတ်တွေ ပျက်စီးဆုံးရှုံးလာခြင်း၊ ရေရှားပါးလာခြင်းတို့ကို လူသားများသာမက တခြားသက်ရှိများလည်း ကြုံတွေ့နေရမှာ မလွဲဧကန်ပဲ ဖြစ်ပါတယ်။ ထိုသို့ဖြစ်ပေါ်လာတဲ့အကြောင်းအရာများရဲ့ အဓိကတာဝန်ရှိတဲ့အရာကတော့ “လူသား” ပဲဖြစ်ပါတယ်။ လူသားတွေဟာဆိုရင် ကမ္ဘာပေါ်က တခြားသက်ရှိ အားလုံးထက် ပိုအသိဉာဏ်ရှိပြီး တွေးတောလုပ်ကိုင်နိုင်ပါတယ်။ ဒါကိုတော့ဖြင့် လုပ်သင့်တယ်၊ မလုပ်သင့်ဘူး ခွဲခြားနိုင်ပါတယ်။ ဘယ်ဟာက ကောင်းတယ်၊ ဆိုးတယ်ကိုလည်း သိပါတယ်။ သိသိရဲ့သားနဲ့ မိုက်နေကျတာကိုလည်း မြင်တွေ့သိမြင်ကြမှာပါ။ ဒီနေရာမှာ လူသားတိုင်းကိုတော့ မဆိုလိုပါဘူးနော်။ ဥပမာ အနေဖြင့် မိမိက အမှိုက်တွေကို သေချာစွာ စနစ်တကျ မစွန့်ပစ်ရင် ဘေးပတ်ဝန်းကျင် ညစ်ညမ်းမယ်။ တိရစ္ဆာန်လေးတွေလည်း ထိခိုက်မယ်။ အဲ့ဒါကိုသိသိကြီးနဲ့ကို လုပ်နေကြတဲ့လူတွေရှိပါတယ်။ အဲ့လိုလုပ်လို့ တခြားသက်ရှိတွေပဲ ဒုက္ခရောက်ထိခိုက်တာမဟုတ်ပါဘူး။ မိမိတို့လူသားတွေလည်း ပြန်လည်ထိခိုက်ပါတယ်။ ကမ္ဘာပေါ်ကအရာအားလုံးက တစ်ခုနဲ့တစ်ခု အပြန်အလှန် အကျိုးပြုနေကြတာပါ။ နောက်တစ်ခုအနေဖြင့် ကျွန်မတို့ဟာ လေကောင်းလေသန့်ကိုရရင် စိတ်လန်းဆန်းမှုကို ရနိုင်ပြီး ဦးနှောက်တွေကလည်း လန်းဆန်းတက်ကြွနေပြီး ကောင်းကောင်းအလုပ်လုပ်နေပါတယ်။ ညစ်ညမ်းသောလေကိုသာ ရှူရှိုက်မိရင်တော့ ခေါင်းကမူးဝေ နောက်ကျိပြီး စိတ်ကမကြည်မလင်ဖြစ်လို့နေပြီး တက်ကြွမှုရှိမနေပါဘူး။ “စိတ်သွားတိုင်း ကိုယ်ပါ” ဖြစ်ဖို့ကလည်း သဘာဝပတ်ဝန်းကျင်က ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။

ကဲဒါဆိုရင် ကမ္ဘာကြီးကို ဘယ်လိုကာကွယ်မလဲဆိုတဲ့ အချက်လေးတွေကို လေ့လာကြည့်ရအောင်နော်။
(၁) ရေကို ချွေတာသုံးပါ။
(၂) အသားနဲ့ငါးကို လျှော့စားပါ။
(၃) အစားအစာတွေကို မဖြုန်းတီးပါနဲ့။
(၄) မြေဆီလွှာကို အကျိုးပြုသော မြေသြဇာများကို ပြုလုပ်ပါ။
(၅) ဓာတုပစ္စည်း လွန်ကျူးစွာ သုံးစွဲခြင်းကို ရှောင်ကျဉ်ပါ။
(၆) လျှပ်စစ်မီးများကိုလည်း ချွေတာသုံးစွဲပါ။
(၇) တိရစ္ဆာန်လေးတွေကို ကာကွယ်ပါ။
(၈) ပစ္စည်းများကိုလည်း Recycle အသုံးပြုနိုင်အောင် ကြိုးစားပါ။
(၉) ဒီနားဟိုနားသွားရင် မော်တော်ကားများ စီးနင်းသွားလာခြင်းကို လျှော့ချပြီး လမ်းလျှောက်ခြင်း (သို့မဟုတ်) စက်ဘီးစီးခြင်းတို့ဖြင့် အစားထိုးသုံးပေးကြည့်ပါ။
(၁၀) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင်လည်း Volunteer လုပ်ပြီး ကူညီပေးပါ။
(၁၁) မိမိပတ်ဝန်းကျင်မှာလည်း ကမ္ဘာမြေကြီးကို ချစ်တတ်ပြီး ဂရုစိုက်တတ်ဖို့ အသိပညာများကို မျှဝေပေးပါ။
(၁၂) ပစ္စည်းများ ဝယ်ယူသောအခါတွင်လည်း သေချာစနစ်တကျတွေးခေါ်ပြီး လိုအပ်တာသာ ဝယ်ယူပါ။
(၁၃) အမှိုက်များကို စနစ်တကျ စွန့်ပစ်ပါ။

ကျွန်မတို့ဟာလည်း “လူသားထဲက လူသား”မို့ မိမိကိုယ်ကိုလည်း ဂရုစိုက်ပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရန် အမှန်တကယ် လိုအပ်ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်မှသာ ကျွန်မတို့ ကမ္ဘာမြေကြီးက အေးချမ်းသာယာစည်ပင်ဝပြောမှာပဲ ဖြစ်ပါတယ်။ ထို့အပြင် မိမိမှာလည်း အကျိုးရှိသောလူသားတစ်ယောက်ဖြစ်မှာ ဖြစ်ပါတယ်။ စာဖတ်သူပရိသတ်ကြီးလည်း သဘာဝပတ်ဝန်းကျင်ကို ချစ်တတ်ပြီး ဂရုစိုက်တတ်စေဖို့တိုက်တွန်းရင်း ကျွန်မရဲ့ဘလော့ဂ်လေးကို ဒီမှာပဲ အဆုံးသတ်လိုက်ပါရစေနော်။ အေးချမ်းသောနေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *