Life Style

Time Management

အားလုံး မင်္ဂလာပါရှင့်။

ကျွန်မကတော့ Spiceworks Myanmar က မခင်ပွင့်ဖြူခိုင် ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ကျွန်မတို့လူသားတွေရဲ့ ဘဝမှာ အရေးကြီးသောအရာတစ်ခုဖြစ်တဲ့ အချိန်ကို ကောင်းမွန်စွာ စီမံအသုံးချစေဖို့ ရည်ရွယ်၍ မျှဝေပေးချင်သော ခေါင်းစဉ်လေးတစ်ခု ရှိပါတယ်။ ဒါကတော့ “အချိန်ကို စီမံခြင်း” ပဲဖြစ်ပါတယ်။ ဘယ်လိုမျိုးအကြောင်းအရာတွေကို မျှဝေထားလည်းဆိုတာကို ကျွန်မတို့ ဆက်လက် ဖတ်ရှုကြည့်ကြရအောင်နော်…

Time Management ဆိုတာက ဘာလဲ။
Time Management ဆိုတာက ကျွန်မတို့လူသားတွေ အရည်အသွေးပြည့်မှီစွာ ရရှိလာမည့်အရာများကို ပြီးမြောက်သင့်သောအချိန်မှာ ပြီးမြောက်ဖို့အတွက် မလုပ်သင့်၊ မလုပ်ထိုက်သော အနှောင့်အယှက်များကို မလုပ်မိစေအောင် စီမံခန့်ခွဲလုပ်ကိုင်ခြင်းကို ဆိုလိုပါတယ်။

Time is the great equalizer.
ကျွန်မတို့လူသားများကို အားလုံးနဲ့တန်းတူ မည်သူ့ဘက်ကိုမှမလိုက်ဘဲ အားလုံးညီမျှစွာ ပေးထားသောအရာမှာ အချိန်ဖြစ်ပါတယ်။ ကျွန်မတို့လူသားများသည် တစ်နေ့တာကို ၂၄ နာရီတန်းတူ ရကြပါတယ်။ ထိုတန်းတူညီမျှစွာ ရရှိလာသောအချိန်ကို အကျိုးရှိစွာ အသုံးချသောသူများကတော့ ဘဝမှာ ကောင်းမွန်သောအရာများကို ပိုင်ဆိုင်ကြရပြီး အသုံးမချသောသူများအတွက်ကတော့ အဆိုးလောကဓံများကိုသာ အများအားဖြင့် ပိုင်ဆိုင်ကြရပါတယ်။

အချိန်ကို ကျွန်မတို့ ထိန်းချုပ်လို့ရလား။
စဉ်းစားကြည့်မယ်ဆိုရင် ကျွန်မတို့ အချိန်ကို ထိန်းချုပ်လို့ “မရပါဘူး”။ ဘာလို့ဆို အချိန်က သူ့ဘာသာသူ ရွေ့လျားနေတာပါ။ ကျွန်မတို့ဟာဆိုရင် အချိန်ကို နာရီနဲ့ အမှတ်မှားကြပါတယ်။ နာရီဆိုတာကတော့ ဒိုင်ခွက်၊ လက်တံလေးတွေနဲ့ ရွေ့လျားနေသော စက်ယန္တရားတစ်ခုကို ဆိုလိုတာပါ။ အချိန်ဆိုတာကို ကျွန်မတို့လူသားတွေ မပိုင်ဆိုင်ပါဘူး။ ထိန်းချုပ်လို့လည်း မရပါဘူး။ ဒါပေမယ့် အချိန်ကိုတော့ ကျွန်မတို့ စီမံလို့ ရနိုင်ပါတယ်။ တကယ်တော့ အချိန်ဆိုတာ ကျွန်မတို့ရဲ့ဘဝကို ဆိုလိုပါတယ်။ ကျွန်မတို့က အချိန်ရှိရင် ကျွန်မတို့ဘဝရှိမယ်။ ကျွန်မတို့ဘဝမရှိရင် အချိန်ဆိုတာလည်း မရှိတော့ပါဘူး။ ဒါကြောင့် အချိန်ဆိုတာ ကျွန်မတို့ဘဝနဲ့ ညီမျှပါတယ်။ ကျွန်မတို့လူသားတွေရဲ့ ဘဝက တိုတောင်းလွန်းပါတယ်။ အဲ့ဒါကြောင့် ကျွန်မတို့ဟာ ကျွန်မတို့ဘဝကို အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းကုန်ဆုံးသွားဖို့ပဲ လိုအပ်ပါတယ်။

ဘာကြောင့် အရေးကြီးတာလဲ။

(၁) ကိုယ်ပိုင်အရည်အသွေးတွေကို တိုးတက်စေပါတယ်။
ကျွန်မတို့လူသားတွေဟာ အချိန်ကို အကျိုးရှိစွာ အသုံးချပြီး စီမံမယ်ဆိုရင် ကျွန်မတို့ရဲ့အလုပ်တွေ၊ နေထိုင်မှုပုံစံတွေဟာဆိုရင် တိုးတက်လာစေပါတယ်။

(၂) အချိန်ပိုလာမယ်။
တစ်နေ့တာ ၂၄ နာရီကို ကျွန်မတို့ဟာ သေချာလေး စီမံခန့်ခွဲမယ်ဆိုရင် ကျွန်မတို့အတွက် မိသားစုနဲ့နေထိုင်ချိန်၊ သူငယ်ချင်းများနဲ့ တွေ့ဆုံချိန် နှင့် ကိုယ်ပိုင်ချိန်လေးများစသဖြင့် ပိုလာနိုင်ပါတယ်။

(၃) ဖိအားများ လျော့နည်းလာမယ်။
အချိန်များကို တစ်နေ့တာအလိုက် စီမံလာခဲ့တဲ့အတွက် တစ်ရက်တာရဲ့ အလုပ်ချိန်များကို ပြီးပြတ်အောင် လုပ်ကိုင်နိုင်တာကြောင့် ဖိအားများ နည်းနိုင်ပါတယ်။

(၄) နောင်တမရရှိခြင်း။
ကျွန်မတို့ရဲ့ တစ်ရက်တာကုန်ဆုံးလို့ ကိုယ်ဘာသာ ပြန်ပြီး သုံးသပ်ကြည့်မယ်ဆိုရင် ငါက အလုပ်တွေမကျန်ဘူး။ တခြားသူတွေကိုလည်း အချိန်ပိုထဲက ကူညီနိုင်တယ် စသဖြင့် တစ်နေ့တာ ကြုံတွေ့ရတဲ့ကိစ္စတွေကို ပြန်လည်စဉ်းစားပြီး ကျေနပ်မှုတွေရရှိစေမှာ ဖြစ်ပါတယ်။

ကဲ ဒီနေရာလေးမှာ ကျွန်မတို့ နမူနာလေးတစ်ခုကို တွေးကြည့်ကြရအောင်။

ကျွန်မတို့ရဲ့လက်နှစ်ဖက်ကို တစ်ပြိုင်နက်အသုံးပြုပြီး တစ်ဖက်က ‘စက်ဝိုင်း’၊ အခြားတစ်ဖက်က ‘လေးထောင့်’ ပြိုင်တူ ဆွဲကြည့်ကြရအောင်။ ဆွဲကြည့်တဲ့အခါမှာ အစမှာ ကျွန်မတို့ လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သေချာလေ့ကျင့်ထားတဲ့သူတွေကတော့ ရနိုင်ပါတယ်။ ရနိုင်တာက လက်ကနေ လုပ်ဆောင်လိုက်တဲ့ ပြင်ပအနေဖြင့် ရလိုက်တာပါ။ ကျွန်မတို့ရဲ့ အတွင်းစိတ်ကနေတော့ မလုပ်ဆောင်နိုင်ပါဘူး။ ဘာလို့ဆို ကျွန်မတို့စိတ်က အာရုံစူးစိုက်မှု တစ်ခုပဲ ကောင်းကောင်းလုပ်လို့ရနိုင်ပါတယ်။ နောက်တစ်ခုကို လုပ်ဆောင်တဲ့အခါ ရှေ့တစ်ခုပါ လွတ်သွားတတ်ပါတယ်။ အဲ့ဒါကြောင့် ကျွန်မတို့ဟာ အလုပ်တစ်ခုကို လုပ်နေစဉ် တခြားတစ်ခုကို မစဉ်းစားဘဲ တစ်ခုကို ပြီးအောင်လုပ်ဆောင်ပြီးမှ နောက်တစ်ခုကို လုပ်ဆောင်ပါ။ ပြိုင်တူလုပ်ဆောင်တဲ့အခါမှာ အလုပ်တွေကို အချိန်မီလည်း မပြီးနိုင်သလို အလုပ်အရည်အသွေးလည်း မကောင်းနိုင်ပါဘူး။ အချိန်မီခဲ့ရင်လည်း အရည်အသွေးကတော့ ကျဆင်းနေတတ်ပါတယ်။

ဘယ်လိုမျိုး စီမံခန့်ခွဲမလဲ။
– မိမိကိုယ်ကို ပြန်လည်သုံးသပ်ပါ။
– အရေးကြီးတဲ့အရာတွေကို ဦးစားပေးပါ။
– အာရုံစိုက်ပါ။
– အချိန်မဆွဲပါနဲ့။
– လိုအပ်ရင် ခဏတာ အနားယူပါ။
– ပန်းတိုင်တွေ ထားပါ။
– Multitasking တွေကို ရှောင်ပါ။
အလုပ်တစ်ခုကို တစ်ချိန်တည်းမှာ တစ်ပြိုင်နက် လုပ်ဆောင်တာတွေကို ရှောင်ကျဉ်ပါ။ အလုပ်တစ်ခုကို တစ်ခုပြီးမှ တစ်ခုကို လုပ်ဆောင်တာက အလုပ်အရည်အသွေးကော၊ အလုပ်အချိန်ဇယားပါ ကောင်းမွန်စွာ ပြီးနိုင်ပါတယ်။ အဲ့လိုမဟုတ်ဘဲ အလုပ်အများကြီးကို တစ်ချိန်တည်း လုပ်နေတဲ့အခါမှာ အရည်အသွေးကော၊ တခြားလစ်လပ်မှုများ၊ ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်တဲ့အတွက်ကြောင့် multitasking တွေကို အတတ်နိုင်ဆုံး ရှောင်ရှားပေးတာက အကောင်းဆုံးပါပဲရှင့်။
– Just say ‘No’
ကျွန်မတို့ မြန်မာလူမျိုးတွေဟာ အားနာတတ်တဲ့စိတ် ရှိကြပါတယ်။ မိမိက urgent အနေဖြင့် လုပ်ကိုင်နေတဲ့အလုပ်များ ရှိပါတယ်။ တခြားသူက မိမိကို အလုပ်တစ်ခု urgent လုပ်ဆောင်ပေးရန် လာအကူအညီတောင်းသောအခါ အားနာတတ်ပြီး ‘Yes’ လုပ်ပေးမယ်လို့ ပြောတတ်ကြပါတယ်။ တကယ်လို့ မိမိက လုပ်ကိုင်နေတဲ့အလုပ်တွေရဲ့ အချိန်ဇယားကို သေချာတွက်ချက်ပြီး လုပ်နိုင်၊ မလုပ်နိုင်ကို စဉ်းစားပြီး ‘Yes/No’ ပြောပေးသင့်ပါတယ်။ မိမိကအလုပ်များနေတဲ့အခါမျိုးမှာဆိုရင် အားနာစိတ်ဖြင့် လက်ခံပြီး လုပ်ပေးစရာမလိုဘဲ ကျွန်မကတော့ အခုအလုပ်များနေလို့ ဘယ်နေ့၊ ဘယ်ရက်လောက်မှ လုပ်ပေးနိုင်မယ်၊ အခုချက်ချင်းတော့မရနိုင်ကြောင်း (သို့) အဆင်မပြေသေးတဲ့အတွက်ကြောင့် တခြားသူကို အကူအညီတောင်းလို့ ရနိုင်မလား စသဖြင့် ‘No’ ပြောပေးသင့်တဲ့အချိန်တွေလည်း ရှိနိုင်ရပါမယ်။
– နေ့စဉ် လုပ်မယ့်အကြောင်းအရာ၊ ကိစ္စတွေကို ရေးဆွဲပါ။

Matrix
Matrix ဇယားကို မိမိအတွက်သာ စဉ်းစားပြီး လုပ်ကြည့်စေချင်ပါတယ်။

(၁) Urgent / Important
ကျွန်မတို့တွေဟာ နေ့စဉ်ကိစ္စတွေမှာ မိမိတို့ကြိုတင်သတ်မှတ်ထားခြင်းမရှိဘဲ Urgent အနေဖြင့် ဝင်ရောက်လာသော ကိစ္စများလည်း ရှိပါတယ်။ မလုပ်လို့လည်း မရဘူး အရေးကြီးတဲ့အနေအထားမှာလည်း ရှိနေပါတယ်။ ဥပမာ မနက်နိုးလာလို့ ဆေးခန်းပြဖို့ လိုအပ်နေတဲ့အခြေအနေ၊ လမ်းသွားရင်း မတော်တဆ ယာဉ်တိုက်မိတဲ့ အခြေအနေ စသည့်တို့ဟာ မိမိတို့အတွက် Urgent / Important အနေဖြင့် ဝင်လာတဲ့ကိစ္စတွေ ဖြစ်ပါတယ်။

(၂) Not Urgent / Important
ကျွန်မတို့ရဲ့ နေ့စဉ်ကိစ္စတွေကို ကျွန်မတို့ကိုယ်တိုင် သေချာ plan ချပြီး သေချာစွာရေးမှတ်ပြီး ကိုယ်ပိုင်အရည်အသွေး brand တွေကို တည်ဆောက်ဖို့ နေ့စဉ် အသုံးပြုနေပါတယ်။ သူကတော့ ချက်ချင်း urgent ကြီးတော့မဟုတ်ပေမယ့် ဘဝအတွက် important ဖြစ်ပါတယ်။

(၃) Urgent / Not Important
ကျွန်မတို့အလုပ်လုပ်ကိုင်တဲ့အခါမှာ ကျွန်မတို့တော့ ကြိုတင်မသတ်မှတ်ထားဘူး။ ဒါပေမယ့် urgent အနေဖြင့် ရုတ်တရက် ဝင်လာတယ်။ မိမိအတွက် အရေးကြီးလားဆိုတော့လည်း မိမိအတွက် အရေးမကြီးဘူး။ အဲ့ဒါဆိုတော့ မလုပ်တော့ဘူးလား ဆိုတော့လည်း မလုပ်လို့လည်း မဖြစ်ဘူး။ ခဏအတွက်တော့ လုပ်ကို လုပ်ပေးရပါမယ်။

(၄) Not Urgent / Not Important
ကျွန်မတို့အတွက် ဘာအစီအစဉ်မှ မချဘူး။ ဘာမှ မလုပ်ဘူး။ အေးဆေးပဲ ဘာမှမတွေးဘူး။ ဘဝအတွက် ဘာကိုမှ အစီအစဉ်မချဘူး။ ပြောရမယ်ဆိုရင် ဘာအလုပ်မှ မလုပ်တဲ့လူတစ်ယောက်ပါပဲ။

ကျွန်မ ဒီ Matrix မှာဆိုရင်တော့ ကျွန်မအမြင်ကတော့ (၁) နဲ့ (၂) ကိုတော့ လုပ်ကိုင်ဆောင်ရွက်ပေးဖို့တော့ လိုအပ်တယ်လို့ ထင်မြင်မိပါတယ်။ ကိုယ်ပိုင်အရည်အသွေး ပိုမိုတိုးတက်စေဖို့အတွက်ဆိုရင်တော့ (၂) ကိုတော့ ထက်မြက်အောင် ကြိုးစားရန် လိုအပ်ပါတယ်။

ကျွန်မတို့ဘဝဟာ တိုတောင်းလွန်းလှပါတယ်။ အဲ့လို တိုတောင်းလွန်းတဲ့အချိန်မှာ ကျွန်မတို့ဘဝကို အကျိုးရှိရှိ ကုန်ဆုံးပြီး ကမ္ဘာကြီးအတွက် ကောင်းမွန်တဲ့လူသားတစ်ယောက်ဖြစ်ဖို့ အရမ်းပဲ လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ဘဝကို ကျွန်မတို့ စိတ်ကြိုက် မှန်ကန်တဲ့ကိစ္စတွေနဲ့ ရှင်သန်ဖို့အတွက် ကျွန်မတို့ဘဝရဲ့ အချိန်တွေကို သေချာစီမံဖို့ လိုအပ်ကြောင်း စာဖတ်ပရိသတ်ကြီးကို တိုက်တွန်းအကြံပြုရင်း ကျွန်မရဲ့ ဘလော့ဂ်လေးကို ဒီနေရာမှာပဲ နိဂုံးချုပ်လိုက်ပါတယ်ရှင့်။ အဆုံးထိ ဖတ်ရှုပေးကြသောသူများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။ နောက်မှပြန်လည် ဆုံတွေ့ကြပါမယ်ရှင့်။ သာယာသောနေ့လေးများ ဖြစ်ပါစေရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *