System Work Style

To Be A Good Developer (Part-1)

မင်္ဂလာပါရှင့်။
ကျွန်မကတော့ Spiceworks Myanmar မှာ ဝင်ရောက်အလုပ်လုပ်ကိုင်လျက်ရှိသော မခင်ပွင့်ဖြူခိုင် ဖြစ်ပါတယ်။ ကျွန်မတို့ ကုမ္ပဏီကနေ အပတ်စဉ်သောကြာနေ့တိုင်း စာဖတ်ပရိသတ်များကို ကျွန်မတို့အဖွဲ့ဝင်များမှ တစ်ဦးချင်းစီ အလှည့်ကျ မျှဝေပေးလျက်ရှိသော ဘလော့ဂ်အစီအစဉ်လေးကို ပြန်လည်ရောက်ရှိလို့ လာခဲ့ပါပြီ။ ကျွန်မကတော့ ဒီတစ်ပတ်မှာ ပြန်လည်မျှဝေပေးကမည့်သူ ဖြစ်ပါတယ်။ ကျွန်မ မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ Developer ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်လည်း ဆိုတာကို ကျွန်မသိသလောက် အကြောင်းအချက် အနည်းငယ်ကို ပြန်လည် Sharing လုပ်ပေးသွားပါမယ်နော်။ ဒီတစ်ပတ်မှာတော့ Skill အကြောင်းလေးကိုပဲ အဓိကထားပြီး မိတ်ဆက်ပေးသွားပါမယ်နော်။ ကဲ ဒါဆိုရင် စလိုက်ကြတော့မယ်နော်။

လူတစ်ဦးတစ်ယောက်ချင်းစီမှာ အဓိကအားဖြင့် Soft Skill နှင့် Hard Skill ဆိုပြီး နှစ်မျိုးရှိကြပါတယ်။ ကျွန်မမှာလည်း နှစ်မျိုးစလုံးရှိကြသလို စာဖတ်ပရိသတ်တွေမှာလည်း နှစ်မျိုးစလုံးရှိကြပါတယ်။ တချို့ကျတော့ သိကြသလို တချို့ကျတော့လည်း သတိမထားမိကြဘူးပေါ့။ ဒါကြောင့်မို့ Soft Skill အကြောင်းအနည်းငယ်ကို ပထမဆုံးပြောပြပေးချင်ပါတယ်။

(၁) Positive Thinking (အကောင်းမြင်စိတ်ဖြင့် တွေးတောခြင်း)
Positive Thinking ဆိုတာကတော့ လူတိုင်းမှာ ရှိသင့်တဲ့အချက်လေးတစ်ချက်ပါနော်။ ဘာလို့လည်းဆိုတော့ Positive ဆိုတာ သေချာစဉ်းစားမယ်ဆိုရင် သူတစ်ပါးအတွက်မဟုတ်ပဲ မိမိကိုယ်တိုင်အတွက် မိမိစိတ်ထဲမှာ အစဉ်အမြဲရှင်းလင်းပြီး အေးချမ်းနေအောင် ထိန်းသိမ်းပေးတဲ့အရာလေးပဲ ဖြစ်ပါတယ်။ ဥပမာတစ်ခုအနေဖြင့် ကျွန်မကို တစ်ဦးချင်းစီက အလုပ်တစ်ခုစီ လာခိုင်းတယ်ဆိုပါစို့။ ဒါကြောင့် ကျွန်မဆီမှာ အလုပ်တွေများပြီး ပုံနေတယ်ပေါ့။ လာတဲ့အလုပ်တွေကလည်း Due date တွေက ချက်ချင်းပေးရမှာချည်းပဲဆိုပါစို့။ ထိုအခါ ကျွန်မမှာ ပထမဆုံး အလုပ်အတွက် stress (ဖိအား) ဖြစ်လာပြီပေါ့။ ခေါင်းတွေလည်း ရှုပ်လာပြီး စိတ်တွေလည်းညစ်လာပြီပေါ့။ ဒါတွေဟာ stress ကြောင့် ဖြစ်လာတာပေါ့နော်။ Negative ဖြစ်နေပြီ။ အဲ့အချိန်မှာ Positive ပြောင်းဖို့ လိုအပ်လာပြီပေါ့။ မဟုတ်ရင် အဲ့အလုပ်တွေကို သေသေချာချာ စည်းစနစ်ကျစွာ လုပ်နိုင်မှာမဟုတ်တော့ဘူး။

အဲ့အချိန် ကျွန်မအနေနဲ့ Positive ကို ဘယ်လိုပြောင်းမလဲဆိုတော့ ဒါတွေဟာ လုပ်ကိုလုပ်ရမယ့်ဟာတွေပါ။ ဘာလို့ဆို ကိုယ့်ကို အတွေ့အကြုံတွေရစေမယ့်အရာတွေ၊ ဘဝလမ်းခရီးမှာ တစ်ထောင့်တစ်နေရာကနေပြန်ကူညီမယ့်အရာတွေဆိုပြီး စိတ်ကို အေးအောင်အရင်လုပ်ပြီး ဘာလုပ်သင့်လဲဆိုတာကို စီမံရမှာပါ။ ထိုအခါကျရင် stress ဆိုတာကို မတွေးမိတော့ဘူး။ အလုပ်ကို ကောင်းကောင်းလုပ်သွားနိုင်ပြီပေါ့။ ဘာလို့ အလုပ်က stress ကို ဥပမာအနေနဲ့ ပေးတာလည်းဆိုတော့ မိမိတို့က ကိုယ်ပိုင်အလုပ်မဟုတ်တဲ့အလုပ်ကိုလုပ်သည်ဖြစ်စေ၊ ကိုယ်ပိုင်စီးပွားရေးအလုပ်ကိုလုပ်သည်ဖြစ်စေ လုပ်ငန်းနဲ့ပတ်သက်တဲ့ stress တွေကတော့ မလွဲဧကန် ရှိနေကြမှာပဲ။ တချို့ကျ stress ကိုခံနိုင်တဲ့လူတွေရှိတယ်။ တချို့ကျ မခံနိုင်ကြဘူး။ ထိုအချိန် ဖြစ်ပေါ်လာတဲ့ stress တွေကို Positive Thinking ဖြင့် တွေးပြီး ပြောင်းလဲလို့ရပါတယ်ဆိုတာကို အကြံပြု မျှဝေပေးချင်ပါတယ်။

ထို Positive Thinking ခေါင်းစဉ်လေးနဲ့ပတ်သက်ပြီး ကျွန်မအနေနဲ့ အကျယ်တဝင့် ဘလော့ဂ်လေးတစ်ခုအနေနဲ့ မိတ်ဆက်ပေးခဲ့ဖူးပါတယ်။ အကယ်၍ စိတ်ပါဝင်စားပြီး ထပ်မံဖတ်ရှုချင်ရင်တော့ ထို Positive Thinking ခေါင်းစဉ်လေးကိုနှိပ်၍ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်နော်။

(၂) Self-Management
အခုခေါင်းစဉ်လေးကတော့ Manage ဆိုတဲ့အတိုင်း စီမံခန့်ခွဲရပါမယ်။ မိမိကိုယ်တိုင် မိမိရဲ့အချိန်၊ အလုပ်တွေကို စီမံရပါမယ်။ Self-Management မရှိဘူးဆိုရင် ဘာမှမရေရာမသေချာ ဖြစ်နေပါလိမ့်မယ်။ ဘာတစ်ခုမှလည်း ပြီးမြောက်အောင်မြင်မှာ မဟုတ်ပါဘူး။ မိမိက ဘယ်အချိန်မှာ ဘာလုပ်မယ်၊ ဘယ်အချိန်မှာအနားယူမယ် စသဖြင့် စီမံဖို့လိုအပ်ပါတယ်။ မိမိက မနက်ရုံးကို ၈နာရီမှာ တက်ရမယ်ဆို မိမိရုံးချိန်မီဖို့အတွက် ဘယ်အချိန်အိပ်ရာထမယ်၊ ထမင်း၊ ဟင်း ဘယ်အချိန်ချက်မယ်၊ ရုံးကို ဘယ်လိုသွားမလဲ စတာတွေကို မိမိကိုယ်တိုင် မိမိလုပ်မယ့်အရာတွေကို စီမံခန့်ခွဲရပါမယ်။ စီမံခန့်ခွဲမှုမနိုင်ခဲ့လျှင် ရုံးနောက်ကျမယ်၊ အလုပ်တွေလုပ်ကိုင်တဲ့နေရာမှာ နောက်ကျမယ်၊ မိမိပတ်ဝန်းကျင်မှာလည်း မိမိက ချိန်းဆိုတိုင်းနောက်ကျတဲ့အတွက် Self-Management မကောင်းတဲ့လူအဖြစ် သတ်မှတ်ကြပါလိမ့်မယ်။ မိမိကို ယုံကြည်တဲ့လူတွေလည်း နည်းပါးလာပါလိမ့်မယ်။ မိမိကိုယ်တိုင် စီမံခန့်ခွဲမှုနိုင်လာမယ်ဆိုရင် ဘယ်အလုပ်အကြီးအသေးကိုမဆို စိုးရိမ်စရာမလိုဘဲ လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Self-Management က တစ်ဦးတစ်ယောက်ချင်းစီမှာ ရှိသင့်တဲ့ Soft Skill တစ်ခုပါပဲ။

(၃) Supreme Communication
လုပ်ငန်းပိုင်းဆိုင်ရာတွင်ဖြစ်စေ၊ မိသားစုပိုင်းတွင်ဖြစ်စေ၊ မိတ်ဆွေသူငယ်ချင်းအသိုင်းအဝိုင်းကြားတွင်ဖြစ်စေ၊ relationship အမျိုးမျိုးကြားတွင်ဖြစ်စေ Communication က အရမ်းပဲ လိုအပ်ပါတယ်။ အရေးလည်းကြီးပါတယ်။ ကျွန်မကတော့ လုပ်ငန်းပိုင်းဆိုင်ရာအနေဖြင့် ပြန်လည်မျှဝေပေးပါမယ်နော်။ အလုပ်လုပ်ကိုင်တဲ့နေရာမှာ Communication မရှိဘူးဆိုရင် တော်တော်ကိုအဆင်မပြေပါဘူး။ Team တစ်ဖွဲ့ကို အလုပ်တစ်ခု လုပ်ခိုင်းထားတယ်ဆိုပါစို့။ အဲ့ Team က အချင်းချင်းအဆက်အသွယ်မရှိဘူးဆိုရင် စာဖတ်သူအနေဖြင့် စဉ်းစားကြည့်ပါလား။ တော်တော်ကို အဆင်မပြေဖြစ်နေမှာနော်။ ဒါတောင် ရုံးတွင်းကိုပဲ နမူနာပြကြည့်တာနော်။ ကိုယ့်ကို အလုပ်လာအပ်တဲ့ Client တွေ Customer တွေကို အလုပ်နဲ့ပတ်သက်ပြီး Communication မရှိဘူးဆိုရင် မိမိတို့ကုမ္ပဏီက တခြားကုမ္ပဏီတွေရဲ့ရှေ့ကိုဘယ်တော့မှရောက်မှမဟုတ်ပါဘူး။

ကျွန်မဆိုရင် မသိတဲ့သူတွေ၊ မဆိုင်တဲ့သူတွေကို စကားပြောလေ့မရှိဘူးပေါ့နော်။ ကျွန်မဘာသာ တစ်ယောက်ထဲနေကတာကို ကြိုက်တဲ့လူဆိုတော့ ကျွန်မအတွက်ဆိုရင်တော့ Personal Communication က အားနည်းတယ်လို့ ဆိုရမှာပေါ့။ ဒါပေမယ့် ကျွန်မအလုပ်မှာဆိုရင်တော့ ကျွန်မ Communication ကို အလေးထားတယ်။ ဘာလို့ဆို အများနဲ့ဆက်ဆံလုပ်ကိုင်ပြောဆိုရတာဖြစ်တဲ့အတွက် Communication လိုအပ်တယ်။ ကျွန်မကသာ အလုပ်တစ်ခုကို ပြီးသွားပြီ မပြီးသေးဘူးဆိုပြီး ကျွန်မအထက်လူကြီးကို မပြောထားရင် သူကအလုပ်တစ်ခုရဲ့အခြေအနေတိုးတက်မှုကို ခြုံငုံသုံးသပ်ကြည့်လို့ရမှာမဟုတ်ဘူး။ နောက်အလုပ်တွေကို ဆက်တိုက်လက်ခံထားရင်လည်း သူဘယ်လိုစီမံခန့်ခွဲရမလဲ သူမသိနိုင်ဘူး။ အဲ့ဒါကြောင့် မိမိက စကားနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အလုပ်လုပ်ကိုင်ရာမှာတော့ Communication ကောင်းဖို့ အရမ်းကိုလိုအပ်ပြီး Teamwork အားကောင်းလာစေဖို့ အထောက်အကူပြုမှာအမှန်ပဲဖြစ်ပါတယ်။

(၄) Responsibility
တာဝန်ယူတတ်မှုဆိုတာက လူသားတိုင်းအတွက် အရေးကြီးပါတယ်။ မိမိလုပ်ကိုင်လိုက်သောလုပ်ရပ်တွေကို တာဝန်ယူနိုင်တဲ့စိတ်ရှိရန် လိုအပ်ပါတယ်။ အလုပ်ခွင်မှာဆို အလုပ်တစ်ခုက အောင်မြင်သွားတယ်ဆိုရင် ကိုယ်လုပ်ပေးတာပေါ့။ ရှုံးနိမ့်သွားရင်တော့ တာဝန်ယူတဲ့လူက ပျောက်တတ်ကြပါတယ်။ အဲ့လိုမျိုးတွေက တကယ်တော့ မဖြစ်သင့်ပါဘူး။ ကိုယ်လုပ်ခဲ့တဲ့အရာကို အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ တာဝန်ယူနိုင်ရပါမယ်။ တခြားသူတွေက ရှုံးနိမ့်လို့ ကိုယ့်ကို ကဲ့ရဲ့ပါစေ ကိုယ့်လိပ်ပြာကိုယ်သန့်ဖို့လိုအပ်ပါတယ်။ မိမိက လူကောင်းတစ်ယောက်ဖြစ်ချင်ရင် တာဝန်ယူမှုရှိရပါမယ်။ တာဝန်ယူတတ်တဲ့လူတွေကိုလည်း ပတ်ဝန်းကျင်က အမြဲလေးစားပြီးသားပါ။

(၅) Respect
အခုပြောင်းလဲတိုးတက်လာသောခေတ်အခါမှာ ကျွန်မအနေနဲ့ သတိထားမိလာတာ တော်တော်များများက Respect (လေးစားမှု) ကိုအားနည်းလာတာကိုတွေ့ရပါတယ်။ လူတိုင်းကိုတော့ ကျွန်မဆိုလိုခြင်း မဟုတ်ပါဘူး။ အလုပ်ခွင်မှာလည်း တွေ့လာရသလို၊ Public Areas တွေမှာလည်း တွေ့လာရပါတယ်။ ခေတ်တွေ ဘယ်လိုပဲ ပြောင်းလဲပါစေ လူသားတစ်ဦးချင်းစီမှာ မပြောင်းလဲဘဲ ကျန်ရှိခဲ့ရမယ့်အကျင့်လေးတွေ ရှိပါတယ်။ အထက်လူကြီးတွေကလည်း ကိုယ့်လက်အောက်ငယ်သားတွေကို လေးလေးစားစားရှိသင့်ပါတယ်။ အပြန်အလှန်အားဖြင့် လက်အောက်ငယ်သားတွေကလည်း ကိုယ့်အထက်လူကြီးတွေကို လေးစားသင့်ပါတယ်။ ငါက သူဌေးမို့ လေးစားစရာမလိုဘူး အဲ့လိုမျိုးတွေ မလုပ်သင့်ဘူး။ ဘယ်နေရာမှာမဆို တစ်ဦးနဲ့တစ်ဦး လေးစားစွာဆက်ဆံမယ်ဆို မိမိတို့ ဆက်ဆံရေးက သာယာဝပြောမှာအမှန်ပါပဲ။

(၆) Presentation
မိမိက ဘယ်လောက်ပဲတော်နေပါစေ တခြားသူတွေကို Present လုပ်တတ်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ်ကတော်နေပေမယ့် တစ်ပါးသူကို အကြောင်းအရာတစ်ခုမျှဝေပေးချင်ရင်တောင် ကိုယ်က မရှင်းပြတတ်တော့ ကိုယ့်အသိပညာတွေကို လက်ဆင့်ကမ်းဖို့က ခက်ခဲပါတယ်။ Presentation လုပ်ရာမှာလည်း ကိုယ်ပြောချင်တဲ့အကြောင်းအရာကို နားထောင်သူ (Listener) တွေ တက်ကြွစွာနားထောင်အောင် ဘယ်လိုပြောမလဲ၊ သူတို့နဲ့ Eye-Contact ရအောင် ဘယ်လိုတွေလုပ်မလဲ စသဖြင့် လိုအပ်ပါတယ်။ ကိုယ်ကသာပြောနေ နားထောင်တဲ့လူက ဘာမှမသိဘူးဆို အချိန်ကုန်တာပဲ ဖြစ်တာပေါ့နော်။ ပြီးတော့ ကိုယ်ကလည်း တစ်ယောက်ထဲပြောနေသလိုဖြစ်နေပြီလေ။ကျွန်မဆိုရင် ကျွန်မစီနီယာတစ်ယောက်ကို အကြောင်းအရာတစ်ခု မသိလို့ သူ့ကိုမေးရင် သူပြန်ပြီး ကျွန်မကိုရှင်းပြတဲ့အချိန်ဆို ကျွန်မ သူ့ကိုလေးစားပါတယ်။ ဘာလို့ဆို သူ့ရဲ့ စကားပြောစွမ်းရည်၊ ရှင်းပြပေးတဲ့စွမ်းရည်က တော်တော်ကို ကောင်းတယ်လို့ ထင်မြင်မိပါတယ်။ Presentation ဆိုတာက အချိန်တစ်နာရီယူ၊ Power Point တွေနဲ့ရှင်းပြတဲ့အရာတွေကိုပဲ ပြောတာမဟုတ်ပါဘူးနော်။ အကြောင်းအရာအသေးလေးတွေကအစ တင်ပြပုံ၊ ရှင်းပြပုံတွေကိုပါ ဆိုလိုတာပါနော်။

နောက်တစ်ခုအနေနဲ့ကတော့ Hard Skill နဲ့ပတ်သက်ပြီး အနည်းငယ်ကို ပြောပြပေးချင်ပါတယ်။
(၁) Choose Programming Language
မိမိက နည်းပညာနယ်ပယ်မှာ အလုပ်လုပ်ကိုင်မယ်ဆိုရင် သူနဲ့သက်ဆိုင်ရာ Language (Java, PHP, C#, Python) စသဖြင့် တစ်ခုခုကို တတ်မြောက်ရပါမယ်။ အဓိကတော့ မိမိတကယ်ဖြစ်ချင်တဲ့အရာကို သင်ယူလေ့လာဖို့လိုအပ်ပါတယ်။ သူများတွေ Trends ဖြစ်နေလို့ လိုက်လုပ်စရာမလိုဘူးဆိုပေမယ့် အသိပညာတစ်ခုအနေနဲ့ လေ့လာဖို့တော့ လိုအပ်ပါတယ်။ မိမိက Designer ဖြစ်ချင်လား၊ Software Engineer ဖြစ်ချင်လား၊ Game Developer ဖြစ်ချင်လား မိမိကိုယ်ကိုအရင်သုံးသပ်ပြီး လမ်းကြောင်းရွေးချယ်သင့်ပါတယ်။ တချို့ကျတော့ မလုပ်ခင်ထဲက သူတို့လုပ်ချင်ကြတာကို သိကြတယ်။ တချို့ကျတော့လည်း လုပ်နေရင်းမှ အမှန်တကယ် ကိုယ်လုပ်ချင်တဲ့အရာလေးတွေကို သိသွားကြတာလည်းရှိပါတယ်။

(၂) Need To Learn New Technology
နည်းပညာနယ်ပယ်မှာဆိုရင် တစ်နေ့တစ်နေ့ New Technology တွေက အမြဲ Update ဖြစ်နေတာပါ။ မိမိရဲ့အခြေခံ Language တစ်ခုကို တတ်မြောက်နေပြီဆိုရင်တောင် နောက်ထပ် Language တွေကို လေ့လာဖို့လိုအပ်ပါတယ်။ ကုမ္ပဏီတွေမှာအလုပ်လုပ်ကိုင်နေရင် တစ်ခုတည်း တတ်မြောက်နေလို့မရပါဘူး။ Client နှင့် Customer တွေက သူတို့လိုချင်တဲ့အတိုင်းကို အလုပ်လာအပ်ကြတဲ့အခါကျတော့ အလုပ်လိုအပ်ချက်အရ ထပ်မံသင်ယူရပါတယ်။ သင်ယူမှုမြန်ဆန်သောလူတွေကိုဆို ကုမ္ပဏီတိုင်းက လိုချင်ကြပါတယ်။ အသိပညာတစ်ခုအနေနဲ့လည်း အသစ်အသစ်တွေကို သိသင့်ပါတယ်။

(၃) Problem Solving
Error တစ်ခုခုတက်ပြီဆိုရင် ဘယ်လိုဖြေရှင်းလည်းဆိုတာလည်း အရေးကြီးပါတယ်။ Error ဖြစ်လာပြီဆိုရင် အတတ်နိုင်ဆုံး မိမိဘာသာအရင်ဖြေရှင်းနိုင်အောင် ကြိုးစားကြည့်ပါ။ ကျွန်မဆို အရင်က ကိုယ့်ဘာသာမဖြေရှင်း မစဉ်းစားပဲ တန်းပြီး ကျွန်မ စီနီယာကို မေးတော့တာပဲ။ အဲ့လိုမေးတော့ သူအလုပ်များနေတဲ့အချိန်ဆိုရင် သူ့ဘက်ကိုလည်း ကိုယ်ကမစဉ်းစားပေးသလိုဖြစ်သွားတာပေါ့။ သူ့အလုပ်ကိုလည်း အနှောင့်အယှက်ပေးမိသလို ဖြစ်တာပေါ့နော်။ နောက်ပိုင်းကျတော့ ကိုယ့်ဘာသာအရင်စဉ်းစားဖြစ်လာတယ်။ Google မှာ ရှာတယ်။ အဆင်မပြေတော့ဘူးဆိုမှ သူအားတဲ့အချိန်မေးပြီး ဖြေရှင်းတတ်လာတယ်။ အဲ့တော့ ကိုယ့်အတွက်လည်း အတွေ့အကြုံတွေရလာတယ်။ တိုးတက်လာတယ်။ အခုချိန်ထိလည်း သင်ယူလေ့လာနေဆဲပါ။

ကျွန်မ မျှဝေပေးခဲ့တာလည်း တော်တော်လေး စာရှည်လာပြီလို့ ထင်ပါတယ်။ အဲ့ဒါကြောင့် နောက်တစ်ပတ်အလှည့်ကျလာရင် ကျွန်မအနေနဲ့ ထပ်မံပြီး အပိုင်း ၂ ကို မျှဝေပေးချင်ပါတယ်။ အပိုင်း ၂ မှာလည်း ဘယ်လိုမျိုးအကြောင်းအရာတွေ ဖြစ်မလဲဆိုတာကို စောင့်မျှော်ပေးပါဦးနော်။ အခုလိုမျိုး စိတ်ရှည်စွာနဲ့ ဖတ်ရှုပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်။ အသိပညာတစ်ခုခု၊ အတွေးတစ်ခုခု ရသွားမယ်ဆိုရင် ကျေနပ်ပါတယ်ရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *