Life Style

Work-Life Balance

အားလုံးပဲ မင်္ဂလာပါရှင့်။

ကျွန်မကတော့ Spiceworks Myanmar မှ မလဲ့ရည်ဖြိုး ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ “Work-Life Balance” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်မတို့ တစ်နေ့တာမှာ အလုပ်နဲ့ကိုယ်ပိုင်ဘဝတွေကို ဘယ်လို မျှတအောင် ပြုမူနေထိုင်ကြမလဲဆိုတာကို မျှဝေပေးသွားပါမယ်။

Work-Life Balance ဆိုတာက ကျွန်မတို့ အားလုံး တစ်နေ့တာမှာ အချိန် ၂၄ နာရီ ပိုင်ဆိုင်ကြတာချင်း တူညီကြပါတယ်။ ကျွန်မတို့အာလုံးက အလုပ်တစ်ခုမဟုတ် တစ်ခုတော့ လုပ်နေကြရပါတယ်။ အလုပ်လို့ပြောလိုက်လျှင် ကျောင်းသူမှာလည်း ကျောင်းစာ‌ကျက်ရမယ့်အလုပ်တွေ ရှိသလို၊ ‌ကုမ္ပဏီဝန်ထမ်း၊ ကိုယ်ပိုင်လုပ်ငန်း၊ စက်ရုံအလုပ်ရုံဝန်ထမ်း စသဖြင့် အားလုံးမှာလည်း မိမိတို့ တာဝန်ကျရာနေရာအလိုက် အလုပ်တွေ ကိုယ်စီ လုပ်နေကြရတာပဲ ဖြစ်ပါတယ်။ တချို့သောသူများက တစ်နေ့တာမှာ အလုပ်ချိန် ၈ နာရီသာ လုပ်ကြရသလို တချို့သော သူများမှာလည်း အလုပ်ချိန်က မနက်မိုးလင်းကတည်းကနေ ည ၈နာရီ၊ ၉နာရီခန့်ထိ လုပ်နေကြရတာပဲဖြစ်ပါတယ်။ ထိုကဲ့သို့ အလုပ်တွေပဲ အချိန်ပြည့် လုပ်နေလျှင်လည်း တခြားသောတစ်ဖက်မှာ လစ်ဟင်းမှုမျိုးတွေ ဖြစ်လာနိုင်သလို၊ အလုပ်မလုပ်ဘဲ ကိုယ်ပိုင်အချိန်အတွက်ပဲ အချိန်တွေ အကျိုးမရှိ သုံးစွဲနေမိမယ်ဆိုလျှင်လည်း မိမိအနာဂတ်တွေ ပျောက်ဆုံးလာပြီး လမ်းတွေပျောက်ကာ ဆိုးကျိုးများ ကြုံလာနိုင်ပါတယ်။ ထို့ကြောင့် တစ်ဖက်မှာ ကျွန်မတို့အားလုံးအတွက် အလုပ်ချိန်တွေ ပေးသင့်သလို၊ တစ်ဖက်မှာလည်း ကျွန်မတို့ ကိုယ်ပိုင် personal life အတွက် အချိန်ဆိုတာမျိုးလည်း ရှိသင့်ပါတယ်။ ဥပမာ – ကျွန်မတို့ တစ်နေ့တာမှာ အလုပ်အတွက် သင့်လျှော်သောအချိန်တစ်ခုပေးပြီးလျှင် တစ်နေ့တာမှာ မိမိတို့နှစ်သက်ရာ လုပ်ဆောင်ရန်အတွက်အချိန်၊ မိမိတို့ မိသားစုအတွက် အချိန်၊ မိတ်ဆွေ၊ အပေါင်းအသင်းအတွက် အချိန်၊ မိမိ တိုးတက်ရာ တိုးတက်ကြောင်း လေ့လာရန်အတွက် အချိန်၊ ကျန်းမာရေးအတွက် အချိန် စသဖြင့် အချိန်တွေလည်း ပေးသင့်ပါတယ်။ ထိုကဲ့သို့ အလုပ်ချိန်တွေနဲ့ ကိုယ်ပိုင်အချိန်တွေကြားမှာ struggle လုပ်နေကြရတာမို့ ကျွန်မတို့ အလုပ်ချိန်တွေနဲ့ ကိုယ်ပိုင်အချိန်တွေကြားမှာ Balance ဖြစ်ရဲ့လား ဆိုတာ မိမိကိုယ်ကို ယေဘုယျအားဖြင့်တော့ အောက်ပါအတိုင်း သုံးသပ်စစ်ဆေးကြည့်လို့ရပါတယ်။

အားလုံးက အလုပ်တာဝန်၊ အလုပ်လုပ်တဲ့ပုံစံ၊ ကိုယ်ပိုင်နေထိုင်မှုပုံစံ၊ သတ်မှတ်ချက်တွေ၊ ခံယူချက်တွေက မတူညီကြတာမို့ မိမိ သတ်မှတ်စံနှုန်းနှင့် ကိုက်ညီမယ့် ပုံစံအနေထားဖြင့် မျှတအောင် စီမံခန့်ခွဲပြီး နေထိုင်နိုင်ကြရပါမယ်။ ထို့ကြောင့် ကျွန်မတို့ အလုပ်ချိန်တွေနဲ့ ကိုယ်ပိုင်ချိန်တွေကြားမှာ Balance ဖြစ်အောင် အခြေခံအားဖြင့် ဘယ်လိုနေထိုင်လို့ရမလဲဆိုလျှင် အောက်ပါအတိုင်း မိမိကိုယ်ကို စစ်ဆေးကြည့်ကြရအောင်။ ဥပမာ- ကျွန်မတို့က ကုမ္ပဏီဝန်ထမ်းတစ်ဦး ဆိုပါစို့။ ကျွန်မတို့မှာ အလုပ်ချိန် ၈နာရီ လုပ်ကြရတယ်ဆိုလျှင် ကျွန်မတို့ တစ်နေ့တာမှာ အလုပ်လုပ်ရမယ့် အလုပ်တွေရှိနေတာတောင် အလုပ်ချိန်မှာ အလုပ်မလုပ်ဘဲ တခြားသော social media အသုံးပြုနေတာတို့၊ ဂိမ်းဆော့နေတာတို့၊ လုပ်ဖော်ကိုင်ဖက်များနှင့် စကားတွေ ထိုင်ပြောနေတာတို့၊ အိပ်နေတာတို့ စသဖြင့် အလုပ်ချိန်တွေမှာ အလုပ်မလုပ်ဘဲ အချိန်ကုန်နေခြင်း၊ အလုပ်ချိန်ပြီးမှ အလုပ်တွေ ထလုပ်မိနေခြင်း၊ တစ်နေ့တာ အလုပ်တွေ၊ အလုပ်ချိန်တွေပြီးတာတောင် အလုပ်တွေကို ဖိလုပ်နေမိခြင်း၊ စသဖြင့် အလုပ်ချိန်တွေမှာ ကိုယ်ပိုင်အချိန်တွေကို ပို၍ သုံးစွဲမိနေခြင်းများ လုပ်မိနေလျှင် ကျွန်မတို့ရဲ့ အလုပ်ရော personal ဘဝမှာပါ ဆိုးဝါးသော အကျိုးသက်ရောက်မှုများ ဖြစ်လာနိုင်ပါတယ်။ ဥပမာ – ကျွန်မတို့ အလုပ်ဘက်ကကြည့်လျှင် အလုပ်ချိန်မှာ အလုပ်မလုပ်ဘဲ အချိန်တွေသုံးစွဲမိပါက ရေရှည်မှာဆိုလျှင် အလုပ်တွေပိလာပြီး အချိန်မီ အလုပ်တွေ မပြီးစီးတဲ့အပြင် ပြီးမြောက်သွားတဲ့အလုပ်တွေကလည်း အမှားမှားအယွင်းယွင်းနှင့်အလုပ်တွေ မနိုင်မနင်း ဖြစ်လာမယ်။ ထို့ကြောင့် အလုပ်တွေ အချိန်မီ မပြီးတော့ ကိုယ်ပိုင်အချိန်သို့ သယ်ပြီး အလုပ်တွေလုပ်ကြရမယ်ဆိုရင် တစ်ခါတစ်ရံက ကိစ္စမရှိပေမယ့် ရေရှည်မှာဆိုလျှင် မိသားစု၊ သူငယ်ချင်း၊ သားသမီး၊ မိမိကိုယ်ကိုအတွက်လည်း အချိန်တွေ မပေးနိုင်တော့တဲ့အခါမျိုးမှာ ဆိုးဝါးသော အကျိုးသက်ရောက်မှုတွေ ဖြစ်လာကြရပါတယ်။ ထိုအကျိုးသက်ရောက်မှုက ကျွန်မတို့ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာမှာသာမက ကျန်းမာရေး၊ လူမှုရေးဆိုင်ရာများ၊ physical & mental ပိုင်းဆိုင်ရာတွေမှာပါ ထိခိုက်လာနိုင်ပါတယ်။

ထို့ကြောင့် ကျွန်မတို့ တစ်််နေ့တာချင်းကစလို့ ရေရှည်မှာ Work-Life Balance ဖြစ်အောင် ဘယ်လိုနေထိုင်ကြရမလဲဆိုလျှင် အလုပ်အတွက်ပင်ဖြစ်ပါစေ၊ personal life အတွက်ပင်ဖြစ်ပါစေ ကောင်းမွန်သော ရလဒ်တစ်ခုနှင့် လုပ်ဆောင်မှုတွေ ပြီးမြောက်ဖို့ဆိုလျှင်
(၁) ကျွန်မတို့ တစ်နေ့တာမှာ နေ့စဥ်၊ အပတ်စဥ်အလိုက် လုပ်ဆောင်ရမည့် အလုပ်တာဝန်တွေ၊ activities တွေ၊ meeting တွေ၊ လူမှုရေးကိစ္စတွေ၊ စီးပွားရေးကိစ္စတွေ၊ ကျန်းမာရေးကိစ္စတွေ၊ မိသားစုကိစ္စတွေ အစရှိသည့် တစ်နေ့တာလုပ်ဆောင်ရမည့် အရာများကို စာရင်းပြုလုပ်ရပါမယ်။

(၂) ထို့နောက် ကျွန်မတို့ပထမဦးဆုံး ဦးစားပေးပြီး လုပ်ဆောင်ရမည့်အရာများကိုလည်း စာရင်းသတ်မှတ်ထားရပါမယ်။ ကြိုတင်ပြင်ဆင်မှုများ၊ သေချာ စနစ်တကျ စီမံခန့်ခွဲမှုများ ပြုလုပ်ကြရပါမယ်။

(၃) တစ်နေ့တာ နေ့စဥ် လုပ်ဆောင်မည့်အရာတွေ၊ အလုပ်တွေ တစ်ခုချင်းစီတိုင်းကိုလည်း time table ပြုလုပ်ပါမယ်၊ ကြာချိန်များကိုလည်း record time လုပ်ပါမယ်၊ အလုပ်တစ်ခုနှင့် တစ်ခုကြားမှာ alert time တွေ ထားပါမယ်။

(၄) ကောင်းမွန်သောရလဒ်တစ်ခု ဖြစ်လာဖို့ သတ်မှတ်ချိန်တစ်ခုအတွင်းတွင် လုပ်ဆောင်ရမည့် အရာ (သို့) အလုပ်တစ်ခုကိုသာ သေချာအာရုံစိုက်၍ လုပ်ဆောင်ရပါမယ်။ တချို့သောအရာများအတွက် တစ်ပြိုင်နက်တည်း အလုပ်နှစ်မျိုး လုပ်ဆောင်ခြင်းက ကိစ္စမရှိပေမယ့် အရေးကြီးသောအရာများ၊ အလုပ်တာဝန်များအတွက်ကိုတော့ တစ်ပြိုင်နက်တည်း အလုပ်နှစ်မျိုး လုပ်ဆောင်ခြင်းများ ရှောင်သင့်ပါတယ်။

(၅) အလုပ်မှာဆိုလျှင် အလုပ်ကိုသာ ပထမဦးစားပေး focus ထားရပါမယ်။ အလုပ်ချိန်မှာ အလုပ်နှင့်ပတ်သက်တာများကိုသာ လုပ်ဆောင်ပြီး personal case များကို အလုပ်နေရာသို့ သယ်သွားတာမျိုးတွေ ရှောင်ရပါမယ်။

(၆) Personal life မှာဆိုရင်လည်း မိမိတို့ personal life ကိုသာ သေချာ စီစဥ်၍ focus ထားကြမယ်။ ပျော်ရွှင်အေးချမ်းတဲ့နေရာတစ်ခုဖြစ်အောင် ဖန်တီးထားခြင်း၊ မိသားစုရှိလျှင် ကိုယ့်မိသားစု၊ သားသမီးတွေကို သေချာအချိန်ပေးခြင်း၊ သူငယ်ချင်း၊ ကိုယ့် partner ကို အချိန်တစ်ခုပေးခြင်း၊ မိမိဝါသနာပါရာ၊ နှစ်သက်ရာ တစ်ခုခုအတွက် အချိန်တစ်ခုပေးခြင်း၊ ကျန်းမာရေးအတွက် ဆိုလျှင်လည်း ပုံမှန်အချိန်တစ်ခုပေးခြင်း၊ မိမိတိုးတက်ရာတိုးတက်ကြောင်းအတွက်လည်း ပုံမှန်အချိန်တစ်ခု ထားရှိခြင်း စသဖြင့် ပြုလုပ်နေထိုင်သင့်ပါတယ်။ အလုပ်တွေကို personal life time သို့ သယ်သွားတာမျိုးတွေလည်း ‌ရှောင်ရပါမယ်။

ဒီလိုသာ ကျွန်မတို့နေ့စဥ် လုပ်ဆောင်သွားမယ်ဆိုလျှင် အနည်းအများတော့ ကျွန်မတို့ဘဝမှာ Work-Life Balance ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ဒီလိုသာ ကျွန်မတို့ ဘဝမှာ Work-Life Balance ဖြစ်လာလျှင်
(၁) ကျွန်မတို့ အလုပ်မှာဆိုလျှင် တာဝန်ယူရတဲ့ အလုပ်တာဝန်တွေကလည်း အမှားအယွင်းကင်းကင်းနဲ့ စည်းစနစ်ကျသော ရလဒ်တစ်ခုအနေဖြင့် Work Productivity တွေ တိုးတက်လာပါမယ်။

(၂) အလုပ်လုပ်ရာမှာ ပျော်ရွှင်တက်ကြွလာပါမယ်။ Stress ကင်းမဲ့တဲ့ လုပ်ငန်းနေရာတစ်ခုဖြစ်လာမယ်။

(၃) Positive Motivation တွေ ကောင်းလာပါမယ်။ လုပ်ဖော်ကိုင်ဖက်၊ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေများနှင့်လည်း Stronger Relationship တစ်ခုဖြစ်လာပါမယ် စသဖြင့် ကောင်းမွန်သော အကျိုးသက်ရောက်မှုများရှိလာနိုင်ပါတယ်။
အားလုံးပဲ Work-Life Balance ဖြစ်ပြီး ပျော်ရွှင်အေးချမ်းတဲ့ ဘဝလေးတွေ ပိုင်ဆိုင်ကြပါစေ။

Hello

Leave a Reply

Your email address will not be published. Required fields are marked *